ပုဂ္ဂလိကပညာရေးကဏ္ဍတွင် နိုင်ငံတကာကျောင်းများနှင့် ပညာရေးအေဂျင်စီများအား အသိအမှတ်ပြု ထားခြင်းမရှိဟုဆို

ပုဂ္ဂလိကကဏ္ဍတွင် တရားဝင်အသိအမှတ်ပြုထားသည့် ကျောင်းများမှာ အခြေခံပညာကိုယ်ပိုင် အထက်တန်းကျောင်းများဖြစ်ပြီး နိုင်ငံတကာကျောင်းများနှင့် ပညာရေးအေဂျင်စီများပါဝင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိအဆင့်မြင့် ပညာကဏ္ဍတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကနိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးအေဂျင်စီများမှာ တရားဝင်အသိအမှတ်ပြုမှု ရရှိထားခြင်းမရှိကြောင်း၊ မြန်မာကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက နားလည်မှုနှင့် ဖွင့်လှစ်ခွင့်ပြုထား ခြင်းဖြစ်ပြီး လက်ရှိရေးဆွဲနေသည့်အမျိုးသားပညာရေးဥပဒေ ထွက်ရှိလာပါကယင်းနှင့်ကိုက်ညီသည့် ကျောင်းများသာဖွင့်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

"အမျိုးသားပညာဥပဒေမှာ နိုင်ငံတကာတက္ကသိုလ်တွေအတွက် သတ်မှတ်ချက်တွေပါတယ်။ ဥပဒေ အတိုင်းသူတို့ဖွင့်ရမယ်။ ဥပဒေထွက်လာရင် ဥပဒေနဲ့ညီတဲ့ပုံစံမျိုးတွေ သူတို့ကျောင်းတွေက လုပ်ပေး ရမှာပါ။ သင်တဲ့ဆရာတွေရဲ့ အရည်အချင်းက ဘယ်လိုရှိရမယ်၊ ကျောင်းသားဘယ်လောက် လက်ခံရ တယ်ဆိုတဲ့အချက်မျိုးတွေကို လိုက်နာရမှာပါ။ နိုင်ငံတကာတက္ကသိုလ်တွေရော၊ ပညာရေးအေဂျင်စီ တွေရော၊ အားလုံးအကျုံးဝင်မှာပါ" ဟု အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးအေဂျင်စီများထဲ တွင် မြန်မာနိုင်ငံပညာရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီလိုသည့် ကျောင်းများရှိနေသကဲ့သို့ ငွေကြေးအတွက်သာ လာရောက်ဖွင့်လှစ်ထားသည့် တက္ကသိုလ်များရှိနေကြောင်း၊ တစ်ချိန်က မြန်မာ နိုင်ငံ၏ပညာရေးကို စိတ်ဝင်စားခြင်းမရှိခဲ့သည့် နိုင်ငံများကပါပညာသင်ဆုများပေး၍ ဈေးကွက်ချဲ့ထွင် လာမှုများရှိနေရာ အရည်အသွေးမရှိသည့် တက္ကသိုလ်များပါဝင်လာကြောင်း၊ ယင်းအတွက် အရည်အ သွေးကိုထိန်းချုပ်နိုင်ပြီး စနစ်တကျဖွင့်ခွင့်ပေးသည့် ကျောင်းများဖြစ်လာရန်မှာ အမျိုးသားပညာရေး ဥပဒေထွက်ရှိရန် မဖြစ်မနေလိုအပ်နေကြောင်း ဗစ်တိုးရီးယားယူနီဗာစီတီကောလိပ်၏ နာယကဒေါက် တာနေကပြောသည်။

"မြန်မာနိုင်ငံက တချို့အေဂျင်စီတွေက ကော်မရှင်ရပြီးရော ပုံစံတွေတွေ့နေရတယ်။ အမေရိကန်ပညာ ရေးအေဂျင်စီတစ်ခုဆိုရင် အမေရိကန်တက္ကသိုလ်က တိုက်ရိုက်ခေါ်တဲ့အေဂျင်စီမဟုတ်ဘဲ အမေရိ ကန်မှာလဲ တစ်ဆင့်ခံထားတဲ့ အေဂျင်စီတစ်ခုရှိနေသေးတယ်။ အဲ့ဒီအေဂျင်စီမှာ သွားလျှေက်တဲ့ ကျောင်းသားတစ်ယောက်က ဒီနိုင်ငံမှာလဲ အေဂျင်စီဝန်ဆောင်ခပေးရတယ်။ အရည်အချင်းစစ်လဲဖြေရ တယ်။ ဟိုရောက်တော့လဲ ဟိုဘက်ကအေဂျင်စီကိုဝန်ဆောင်ခထပ်ပေးရ၊ အရည်အချင်းစစ်ထပ်ဖြေရနဲ့ အချိန်ကုန်ငွေကုန်နဲ့ပုံစံမျိုးတွေ တွေ့နေရတယ်။ အမေရိကန်တက္ကသိုလ်တစ်ခုက ဒီကကျောင်းသားကို ခေါ်ချင်ရင်ဒီကအေဂျင်စီနဲ့တိုက်ရိုက်ချိတ်လို့ရတယ်။ ဒီပုံစံတွေက လုံးဝမဖြစ်သင့်ဘူး။ ဥပဒေထွက်လာ ရင်တော့ ဒီလိုအေဂျင်စီတွေက ဖွင့်ရတော့မှာမဟုတ်ဘူး" ဟုဒေါက်တာနေက ထပ်မံပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော နိုင်ငံတကာကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း များမှာ ဖောင်းပွလျက်ရှိပြီး အရည်အသွေးမပြည့်မီသော ကျောင်းများနှင့် အေဂျင်စီများရှိနေသည့်အ တွက် ဥပဒေထွက်ရှိလာပါက စည်းကမ်းသတ်မှတ်ချက် မပြည့်မီသောကျောင်းများမှာ ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာကျောင်းတချို့က သုံးသပ်သည်။

The Yangon Times Daily

အတွဲ(၁)၊ အမှတ်(၁၉၇)၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၃

Powered by Bullraider.com