နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူရောက် မြန်မာ အသိုက်အဝန်းနှင့် တွေ့ဆုံခြင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ စင်ကာပူနိုင်ငံသို့ တရားဝင် သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒီဇင်ဘာ (၁) ရက် ညပိုင်းက Jurong East သို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံရောက် မြန်မာအသိုင်းအ၀န်းနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားခဲ့ပြီး မေးမြန်းမှုများအား ပြန်လည် ဖြေကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံနှင့် အမေးအဖြေ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အခုလို မြန်မာနိုင်ငံကနေပြီးတော့ စင်ကာပူကိုရောက်နေတဲ့ ကျွန်မတို့ရဲ့ ဆွေမျိုးမိတ်ဆွေအားလုံး ကို တွေ့ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ အထူးသဖြင့် စင်ကာပူမှာ ဒီလိုတွေ့နိုင်တာကို ဝမ်းသာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စင်ကာပူနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားများဟာ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံသားများရဲ့တာဝန်ကို သိရှိစွာနဲ့ တက်တက်ကြွကြွပါဝင်တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်တာဖြစ်ပါတယ်။

ဘယ်နိုင်ငံရောက်ရောက် မြန်မာပြည်ကလာတဲ့ ပြည်သူ ပြည်သားတွေနဲ့ တွေ့ဖို့ကြိုးစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံကထွက်လာတယ်ဆို အားလုံးက ကျွန်မတို့ဆွေမျိုးရင်းချာတွေဘဲဆိုပြီး စိတ်ထဲမှာ ထားပါတယ်။ အားလုံးဟာလည်း အခုချိန်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေတော့ မဟုတ်တော့ပါဘူး။ တခြားနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေလည်း ရှိပါ တယ်။ ဒါပေမယ့် ကျွန်မတို့ မခွဲခြားပါဘူး။

အားလုံး မိသားစုတစ်စုတည်းလို့ပဲ စိတ်ထဲမှာ ထားပါတယ်။ ဒါပေမယ့် နိုင်ငံသူ နိုင်ငံသားဖြစ်နေတဲ့ လူများဟာ နိုင်ငံသူ နိုင်ငံသားများရဲ့တာဝန်ကို ကျေပွန်တယ်ဆိုလို့ ရှိရင် ကျွန်မအင်မတန်မှ အားရပါတယ်။ အင်မတန်မှလည်း ကျွန်မတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက် ပြည့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံမှာရောက်နေတဲ့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများဟာ ရွေးကောက်ပွဲမှာ ဘာဖြစ်လို့ ဒီလောက်တောင်မှ တက်တက်ကြွကြွ ပါဝင်ကြတာလဲဆိုတာ ကျွန်မအများကြီးစဉ်းစားပါတယ်။ တစ်ကမ္ဘာလုံးမှာ ရွေးကောက်ပွဲမှာ ပါဝင်နိုင်တဲ့ နိုင်ငံသူ နိုင်ငံသားများ ရှိပေမယ့် စင်ကာပူမှာရောက်နေတဲ့ နိုင်ငံသူ နိုင်ငံသားများလောက် စည်းကမ်းရှိရှိ တက်တက်ကြွကြွ ပါဝင်ခဲ့တာမရှိလို့ ကျွန်မ ဒီမေးခွန်းကို မေးရတာပါ။ ဒီနိုင်ငံမှာ ဘာအတွေ့အကြုံတွေ ရခဲ့လို့ ဒီလို နိုင်ငံအပေါ်မှာ တာဝန်သိတဲ့ စိတ်ဓါတ်တွေဖြစ်လာတာလဲဆိုတာကို ကျွန်မစဉ်းစားတာပါ။ ကျွန်မတို့နိုင်ငံသူနိုင်ငံသားများ တာဝန်သိတဲ့စိတ်ရှိမှ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးကို အောင်အောင် မြင်မြင်နဲ့ ထူထောင်နိုင်မှာဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတဆိုတာ၊ တကယ့် နိုင်ငံ တစ်နိုင်ငံရဲ့ ရတနာဆိုတာ အဲ့ဒီနိုင်ငံက ပြည်သူပြည်သားတွေပါဘဲ။ လေးစားခံရတဲ့ လွတ်လပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံဟာလည်း ဒီလိုမတိုးတက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တိုးတက်ဖို့ အောင်မြင်ဖို့ဆိုတာ အဓိကအားဖြင့်တော့ ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်အပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပစ္စည်း အင်မတန်မှ ပေါကြွယ်တယ်ဆိုပြီးတော့ ချီးမွမ်းကြပါတယ်။ ဒါတော့ ကျွန်မအနေနဲ့တော့ ချီးမွမ်းစရာ ကိစ္စမဟုတ်ဘူးလို့ဘဲထင်ပါတယ်။ ဒါသဘာဝ အရဖြစ်လာတာဘဲ။ ပထဝီအနေအထားအရ ဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ကြိုးစားယူလို့၊ ကိုယ့်ပြည်သူပြည်သားတွေရဲ့ အစွမ်းအစနဲ့ဖြစ်လာတဲ့ ရတနာတွေမဟုတ်ပါဘူး။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစနဲ့ ထူထောင်တဲ့ သယံဇာတ ရတနာပစ္စည်းများဟာသာ တကယ်တန်ဖိုး ရှိတာပါ။ ဒါကြောင့်မို့လို့ ကျွန်မတို့ ပညာရေးစနစ်ကို အင်မတန်မှ အလေးထားတယ်ဆိုတာ ဒါပါဘဲ။

ပညာရေးစနစ်ကနေပြီးတော့ တစ်ဆင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သားများဟာ ပြည်သူပြည်သားများရဲ့ တာဝန်ကို ပြည့်ပြည့်ဝဝ ထိထိရောက်ရောက် ထမ်းဆောင်နိုင်အောင်လို့ ကျွန်မတို့ အလေးထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတုန်းကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ စင်ကာပူက ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအများစုဟာ NLD ကို မဲထည့်ခဲ့တယ်လို့ ကျွန်မတို့မသိပါဘူး။ ဒါပေမယ့် ဒီရည်ရွယ်ချက်ဟာ ကောင်းတဲ့ ရည်ရွယ်ချက်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်ဆိုတာ ကျွန်မဘယ်လို ဆိုလိုတာလည်းဆိုတော့ ကျွန်မတို့ရဲ့ ပါတီအတွက်မဟုတ်ဘဲနဲ့ နိုင်ငံအတွက်မဲထည့်တယ် လို့ဘဲ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီစနစ်ကို လိုချင်တယ်ဆိုတာ ဒါကြောင့်ပါဘဲ။

ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ပါဝင်ဖန်တီးခွင့် ပေးထားတဲ့ စနစ်မို့လို့ပါ။ ကိုယ့်မဲလေး တစ်မဲနဲ့ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒီတစ်မဲတွေ တစ်မဲတွေ အားလုံးစုလိုက်တော့မှ အဲ့ဒီမဲတွေရဲ့ အင်အားနဲ့ ကိုယ်လိုချင်တဲ့ ပြောင်းလဲမှုဘက်ကို ဦးတည်နိုင်မှာပါ။ အဲ့တော့ အခု ရွေးကောက်ပွဲကတော့ ပြီးသွားပြီ။ ကျွန်မတို့ NLD ကနေပြီးတော့လည်း နိုင်ငံရဲ့ အစိုးရတာဝန်ကို ယူရပြီ။ ဆက်ပြီးတော့ ဘာတွေဖြစ်မလဲဆိုပြီးတော့ တွေးနေတဲ့သူတွေလည်းရှိမှာပေါ့။ ကျွန်မကတော့ အမြဲပြောပါတယ်။ မျှော်လင့်ချက်တွေကတော့ အများကြီးဘဲ။

ဒါပေမယ့် မျှော်လင့်ချက်ဆိုတာ အလုပ်နဲ့ ကြိုးစားမှုနဲ့ ဝီရိယနဲ့မှ ဖေါ်ထုတ်လို့ရမယ်။ ထိုင်ပြီးတော့ မျှော်လင့်နေလို့ မရဘူး။ မျှော်လင့်နေရုံနဲ့ မပြီးဘူးဆိုပြီးတော့ ကျွန်မအမြဲပြောပါတယ်။ ကျွန်မတို့ အခု မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေ ရောက်နေလဲလို့ ပြောရမယ်ဆိုရင် ရုန်းကန်နေဆဲပါ။ ဒါ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာက အခြေခိုင်အောင်လုပ်ခဲ့တဲ့ စနစ်တစ်ခုပြောင်းဖို့ဆိုတာ နေ့ချင်း ညချင်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျွန်မတို့ တာဝန်ယူပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်ကတည်းက ဒီနိုင်ငံရဲ့ တာဝန်ကို ယူဖို့ အဆင်သင့်ဖြစ်လို့ ပြိုင်ခဲ့တာပါ။ ဒီတာဝန်ကိုလည်း ယူထားတယ်။ ဒီတာဝန်ကိုလည်း ကျွန်မတို့ မကြောက်ပါဘူး။ ဒီတာဝန်က ကြီးလေးတယ်ဆိုတာ အစကတည်းက သိပြီးသားပါ။ လွယ်မယ် ထင်လို့လည်း ကျွန်မတို့က ဒီတာဝန်ကို ယူတာမဟုတ်ပါဘူး။ မလွယ်တဲ့တာဝန်ကို ထမ်းဆောင်တဲ့ အခါမှာတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ အခု ကိုးလထဲ ရောက်သွားပြီပေါ့နော်။ ကိုးလအတွင်းမှာဆိုရင် အဓိက ကျွန်မတို့ ဦးစားပေးပြီးတော့ လုပ်နေတာက ကိစ္စကြီးနှစ်ခုဖြစ်ပါတယ်။ တစ်ခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ နောက်တစ်ခုကတော့ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်။ ဒီနှစ်ခုဟာ ဘယ်လိုမှ ခွဲခြားလို့ မရပါဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ တိုးတက်ရေးဆိုတာလည်း ရေရှည်ကျွန်မတို့ ထိန်းထားလို့မရဘူး။

တိုးတက်မှုမရှိဘဲနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း အမြဲခိုင်မာမယ်လို့ ကျွန်မတို့ အာမခံလို့မရဘူး။ ဒီနှစ်ခုကို အလေးထားပြီးတော့ တစ်ပြိုင်နက်ထဲလုပ်နေတာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိတော့ ကျေနပ်မယ်။ ဒါပေမယ့် ကျွန်မတို့က ဘယ်တော့မှတော့ အပြည့်အဝ ကျေနပ်မှာ မဟုတ်ပါဘူး။ အပြည့်အဝ ကျေနပ်ပြီဆိုရင် ဝီရိယလျော့သွားမယ်။ ကြိုးစားမှု လျော့သွားမယ်။ ဒါကြောင့်မို့လို့ ဘယ်တော့မှ အပြည့်အဝ ကျေနပ်တယ်ဆိုတာ မရှိနိုင်ဘူးဆိုပေမယ့်လည်း ကျွန်မတို့ ကြိုးစားရတဲ့ အတိုင်းအတာပေါ်မှာတော့ ကျေနပ်ပါတယ်။ ၉ လအတွင်းမှာ ကျွန်မတို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ မလွယ်လည်း မလွယ်ပါဘူး။ ပြည်သူ ပြည်သားတွေ အများစုကတော့ နားလည်မှုပေးပါတယ်။ ပြောင်းစရာတွေက အများကြီးရှိတယ်။

လုပ်စရာတွေက အများကြီးရှိတယ်။ အားလုံးကိုယ့်နေရာကနေ ကိုယ့်တာဝန်ကိုယ် ကျေအောင်လို့ လုပ်တယ်ဆိုရင် အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိကြလို့ ကျွန်မအင်မတန်မှ အားတက်ပါတယ်။ ကျွန်မတို့ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ဆိုလို့ရှိရင် အရင်လေးငါးခြောက်နှစ် လောက်တုန်းကပေါ့နော်။

ကျွန်မတို့ ပြည်သူပြည်သားတွေနဲ့ တွေ့တဲ့အခါမှာ စကားပြောတဲ့အခါမှာ တစ်ချို့ကမေးကြတယ်။ ဒီမိုကရေစီ ဘယ်တော့ရမလဲတဲ့။ အဲ့တော့ ကျွန်မက အမြဲပြောတယ်။ ဒီမိုကရေစီဘယ်တော့ရမလဲဆိုတာ သိချင်ရင် ကိုယ်တိုင် ဒီမိုကရေစီအတွက် ဘာလုပ်နေလဲဆိုတာ ပြန်မေးလိုက်။ ကိုယ်လုပ်နေတဲ့ အတိုင်းအတာအထိဘဲ ပြန်ရမယ်လို့ဘဲ ကျွန်မအမြဲဖြေခဲ့တယ်။ အဲ့တော့ အခုဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ပြည်သူပြည်သားများက မြန်မာနိုင်ငံ ဘယ်တော့ ဘယ်လောက်မြန်မြန် တိုးတက်မလဲဆိုပြီးတော့ မေးရင် ကျွန်မဒီတိုင်းဘဲဖြေမယ်။ ကိုယ့်ကိုကိုယ် ပြန်မေးပါ။ ငါ့နိုင်ငံတိုးတက်ရေးအတွက် ငါဘယ်လောက်ထိလုပ်နေလဲဆိုတာမေး။ အဲ့ဒီအပေါ်မှာ မေးပြီးတော့မှ အဖြေရှာပါ။ တခြားသူတွေ ဘာလုပ်နေတယ်ဆိုတာကို ကြည့်မယ့်အစား ကိုယ်ဘာလုပ်နေလဲ ဆိုတာကို ပထမဆုံး ပြန်ကြည့်ဖို့လိုပါတယ်လို့ သတိပေးပါရစေ။ ၂၀၁၃ မှာ ကျွန်မစင်ကာပူကို ရောက်တုန်းက တချို့ ကျောင်းသူကျောင်းသားတွေ၊ ဒီမှာစာသင်နေတဲ့ ပညာသင်နေတဲ့ လူငယ်တွေနဲ့ တွေ့ခဲ့ပါတယ်။ အဲ့လူငယ်တွေကို ကျွန်မပြောခဲ့ပါတယ်။ ဒီကရတဲ့ ပညာတွေကို ကိုယ့်နိုင်ငံအတွက် ပြန်ပြီးတော့ သုံးကြပါလို့။ ပြန်ပြီးတော့ ကူညီပေးကြပါလို့ ပြောတဲ့အခါကျတော့ တချို့ပညာသင်နေတဲ့ လူငယ်များက မြန်မာနိုင်ငံမှာ ပြန်လာပြီးတော့ မိမိတို့ရဲ့ ပညာအား လုပ်အားတွေကို နိုင်ငံအတွက် ယူခဲ့ပါတယ်။ ကျွန်မ အင်မတန်မှ ကျေးဇူးတင်ပါတယ်။

တစ်ဦးချင်း တစ်ဦးချင်းရဲ့ အင်အားဆိုတာ အရေးကြီးပါတယ်။ စောစောက ကျွန်မအပြောသလိုပေါ့နော်။ တစ်ဦးချင်း တစ်ဦးချင်းရဲ့ မဲဟာ တစ်ချက်ချင်း တစ်ချက်ချင်း အရေးကြီးသလို ကျွန်မတို့ ပြည်သူပြည်သားများ အင်အားဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း အလိုက်ကို အရေးကြီးပါတယ်လို့ ကျွန်မပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ်လျှော့မတွက်ပါနဲ့။ ကိုယ့်ရဲ့ အင်အားဟာ ကိုယ့်နိုင်ငံရဲ့ အင်အားလို့ဘဲ တွက်ပါ။ ကိုယ့်နိုင်ငံရဲ့ အင်အားမို့လို့လည်း ကိုယ့်ရဲ့ အင်အားကို တန်ဖိုးထားပါ။ ကိုယ့်ရဲ့ အင်အားကို ပြုစုပျိုးထောင်ပါ။ ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝအောင်လုပ်ပါ။ ကိုယ့်တစ်ယောက်ထဲအတွက် မဟုတ်ဘူး။ ကိုယ့်မိသားစုအတွက် မဟုတ်ဘူး။ ကိုယ့်နိုင်ငံအတွက် လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်စေချင်ပါတယ်။ ကျွန်မတို့ အခုဒီလို တစ်ညနေလေးအတွင်းမှာ စုစုစည်းစည်းတွေ့လိုက်ရတယ်ဆိုလို့ရှိရင် ကျွန်မတို့တွေ ဘယ်လောက် အားတက်ကြလဲ။ ဒီတော့ ကျွန်မတို့ဟာ နိုင်ငံအတွက် တစိုက်မတ်မတ် အားလုံး စုစုစည်းစည်းနဲ့ ရှိမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တချိန်တခါတုန်းကလို အရှေ့တောင်အာရှမှာ လျှမ်းလျှမ်းတောက် ထိပ်တန်းက ပြေးမယ့် နိုင်ငံဖြစ်မယ်ဆိုတာကို ကျွန်မ အာမခံတယ်။ ပြည်သူတွေရဲ့ အင်အားနဲ့ဘဲ ကျွန်မတို့ အလုပ်လုပ်လို့ ရမှာပါ။ တခြားဘယ်အင်အားကိုမှ အားကိုးလို့မရပါဘူး။ ကျွန်မတို့ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံအပေါ် စေတနာထားတဲ့ မိတ်ဆွေတွေရှိပါတယ်။

မိတ်ဆွေတွေရဲ့ ပံ့ပိုးမှုကို အလေးထားတယ်။ တန်ဖိုးထားတယ်။ ကျွန်မတို့ ကျေးဇူးလည်းတင်တယ်။ ဒါပေမယ့် ကျွန်မတို့ အဓိက အင်အားက ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေပါဘဲ။ ဒါကြောင့် ဒီလို စင်ကာပူနိုင်ငံမှာရောက်နေလို့ရှိရင် ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့ အခွင့်အရေးတွေ အများကြီးရပါတယ်။ ဒီအခွင့်အရေးတွေကို မှန်မှန်ကန်ကန် သုံးကြပါ။ အခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံးတယ်ဆိုတာ ကိုယ့်အတွက်လည်း ဖြစ်တယ်။ ကိုယ့်နိုင်ငံအတွက်လည်းဖြစ်တယ်။ အတ္တဟိတ၊ ပရဟိတ နှစ်ခုစလုံးအတွက်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကြိုးစားကြပါ။ ကိုယ်ရတဲ့အခွင့်အရေးတွေကို အကောင်းဆုံးဖြစ်အောင်သုံးပါ။ ပြီးတော့ မြန်မာနိုင်ငံအတွက် ဘယ်လို ဒီအရည်အချင်းတွေကို ပြန်ပြီးတော့ လုပ်နိုင်မှာလဲဆိုတာကိုလည်း စဉ်းစားပေးကြပါ။

သားသမီးများနဲ့ ဒီမှာရောက်နေတဲ့ မြန်မာမိသားစုတွေကိုတော့ ကလေးတွေကို မြန်မာနိုင်ငံကို မမေ့ပါစေနဲ့လို့ ကျွန်မအနေနဲ့ တိုက်တွန်းပါရစေ။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူနိုင်တဲ့ ကလေးတွေ ဖြစ်အောင်လို့လည်း ပြုစုပျိုးထောင်ပေးပါ။ ကျွန်မတို့နိုင်ငံမှာ အခက်အခဲတွေ အများကြီး ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာဘက်ကကြည့်ရင် ကျွန်မတို့က ချမ်းသာတဲ့နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်မတို့ ဂုဏ်ယူစရာကိစ္စတွေ အများကြီးရှိပါတယ်။ သမိုင်းတစ်လျှောက်မှာဆိုရင် ကျွန်မတို့နိုင်ငံအတွက် ဂုဏ်ယူစရာကိစ္စတွေရှိတယ်။ သိပ်ပြီးတော့ ဂုဏ်ယူလို့မဖြစ်တဲ့ကိစ္စတွေရှိတယ်။ အမျိုးမျိုးပေါ့။ ဒါပေမယ့် ကျွန်မတို့အင်အားဖြည့်ပေးနိုင်မယ့် သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်။ အဲ့ဒီ အင်အားဖြည့်ပေးနိုင်တဲ့ သမိုင်းကြောင်းက ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံအတွင်းမှာ ပြည်သူပြည်သားတွေက ညီညီညွတ်ညွတ်နဲ့ လုပ်တဲ့အခါကျရင် ဘယ်တုန်းကမှ မအောင်မြင်တဲ့ကိစ္စဆိုတာ မရှိခဲ့ပါဘူး။

လွတ်လပ်ရေးရဖို့ ကြိုးစားစဉ်အချိန်အခါကလည်း ကျွန်မတို့ညီကိုမောင်နှမ အားလုံး စုပေါင်းပြီးတော့ တညီတညွတ်ထဲ လွတ်လပ်ရေးအတွက် ကြိုးစားခဲ့လို့ ကျွန်မတို့ရခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ ကျွန်မတို့ တကယ်ပဲ အတူလက်တွဲပြီးတော့ ညီညီညွတ်ညွတ်လုပ်တယ် ဆိုလို့ရှိရင် အောင်မြင်မှုကိုသာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုလည်း ပိုပြီးတော့ ညီညွတ်ဖို့လိုတဲ့ အချိန်ဆိုတာကို သတိပြုစေချင်ပါတယ်။ ရွေးကောက်ပွဲမှာတော့ မဲထည့်ပြီးပြီ၊ ငါတို့တာဝန်တော့ပြီးပြီ ဆိုပြီးတော့ မှတ်မနေပါနဲ့။ မဲထည့်ပြီးတော့ မဲထည့်ခဲ့ရကျိုးနပ်အောင်လို့ ထပ်ပြီးတော့ လုပ်စရာတွေ ရှိပါသေးတယ်လို့ ပြောပါရစေ။

သစ်ပင်တစ်ပင် စိုက်တယ်ဆိုရင်တောင်မှ အချိန်ယူရတယ်။ သစ်ပင်ဟာ ကြီးသလောက် ပိုပြီးတော့ အချိန်ယူရတယ်။ ခဏကြာမယ့် အပင်လေး တစ်ခုကတော့ တစ်ခဏနဲ့ ကြီးထွားပေမယ့် တကယ် ကြီးထွားပြီးတော့အများကို အရိပ်အာဝါသ အသီးအပွင့်တွေနဲ့ အကျိုးပြုဖို့ အပင်ကြီးပြုစုပျိုးထောင်ဖို့ဆိုတာ အင်မတန်မှ အချိန်ယူ ရပါတယ်။ ဒါပေမယ့် အချိန်ယူတယ်ဆိုတာ ဒီတိုင်းပစ်ထားလို့လည်း မရဘူး။ ရေလောင်းပေးရမယ်။

လိုအပ်ရင် ဘေးကနေ မြေကြီးဆွပေးရမယ်။ ဘေးကနေပြီးတော့ ကြက်ကလေးတွေလာ မစားအောင်လို့ ကာသင့်ရင် ကာပေးရမယ်။ အမျိုးမျိုးပေါ့နော်။ ကာကွယ်ပေးရမယ်။ စောင့်ရှောက်ရမယ်။ အားပေးရမယ်။ အဲ့ဒီလိုဘဲ ကျွန်မတို့ရဲ့ နိုင်ငံတိုးတက်ဖို့ဆိုရင် အားလုံးကဝိုင်းပြီးတော့ လုပ်ရမယ်။ ရေလောင်းတတ်တဲ့ လူက ရေလောင်းရမယ်။ ခြံကားပေးဖို့ နားလည်တဲ့လူက ခြံလေးကာပေးရမယ်။ မြေဆွတတ်တဲ့လူက မြေဆွပေးရမယ် အားလုံးဟာ ကိုယ့်အလုပ် ကိုယ့်တာဝန်တွေကို ကိုယ့်အလှည့်နဲ့ကိုယ် လုပ်သွားဖို့ လိုပါတယ်။ အဲ့ဒီဟာကို ဝိုင်းပြီးတော့ လုပ်ပေးကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေက တခါတလေပြောပါတယ်။ အခုပြောတာမဟုတ်ဘူး။ အရင်ကာလတွေတုန်းကပြောတော့ တခါတလေတဲ့ မြန်မာနိုင်ငံသားလို့ ပြောလို့ရှိရင် မျက်နှာငယ်လို့ မြန်မာနိုင်ငံသားလို့ မပြောဘူးလို့ ပြောပါတယ်။ အဲ့ဒါဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကနေ ပြီးတော့ မျက်နှာငယ်ရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒို့က မြန်မာနိုင်ငံက လာတယ်ဆိုတာကို ခေါင်းမော့ပြီးတော့ ဝံ့ကြွားစွာနဲ့ ပြောနိုင်တဲ့အခြေအနေရောက်အောင် အားလုံးဝိုင်းဝန်းပြီးတော့ ကြိုးစားဖို့လိုပါတယ်။ မြန်မာနိုင်ငံသား ဆိုလို့ရှိရင် အော်…. မြန်မာနိုင်ငံကလာတာကို ဆိုပြီးတော့ အထင်ကြီးအောင် လေးစားအောင် အဲ့လိုအခြေအနေရောက်အောင်လို့ ကျွန်မတို့အားလုံး ကူလုပ်ပေးဖို့လိုပါတယ်။ ဝင့်ကြွားစွာနဲ့ ပြောနိုင်တဲ့အဆင့်အထိ ရောက်အောင် အားလုံးဝိုင်းကြိုးစားဖို့ လိုတယ်။ မြန်မာနိုင်ငံသား ဆိုလို့ရှိရင် အော် မြန်မာနိုင်ငံက လာတာကိုးဆိုပြီး အထင်ကြီးအောင်၊ လေးစားအောင် အဲ့လို အခြေအနေထိ ရောက်အောင် ကျွန်မတို့အားလုံး ကူလုပ်ပေးဖို့လိုပါတယ်။ ကျွန်မတို့ တစ်ယောက်အတွက် မဟုတ်ဘူး။ တစ်စုအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်ပေးဖို့လိုပါတယ်။

ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံပါ။ ဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားများ အကြားမှာ ညီညွတ်မှုရှိဖို့၊ နားလည်မှုရှိဖို့၊ အပြန်အလှန်လေးစားမှုရှိဖို့၊ ချစ်ခင်မှုရှိဖို့ဆိုတာဟာ နိုင်ငံသူ၊ နိုင်ငံသားတစ်ယောက်ချင်း၊ တစ်ယောက်ချင်းမှာ တာဝန်ရှိပါတယ်။ ငါကတော့ ဒါနဲ့ မဆိုင်ဘူး။ ငါကတော့ အင်ဂျင်နီယာလုပ်နေတာပဲ။ တိုင်းရင်းသားတွေနဲ့ ဘာမှမဆိုင်ဘူးလို့ ဒီလိုစိတ်ထားလို့ မဖြစ်ပါဘူး။

အင်ဂျင်နီယာဆိုတာက ပြည်ထောင်စုသားတစ်ယောက်ပဲ၊ ဆရာဝန် ဆိုတာလည်း ပြည်ထောင်စုသား တစ်ယောက်ပဲ၊ ကျောင်းဆရာ၊ ဆရာမဆိုတာလည်း ကျွန်မတို့ရဲ့ ပြည်ထောင်စုသူ/သားတွေပဲ။ အားလုံး ဝိုင်းပြီးတော့ ကျွန်မတို့နိုင်ငံဟာ တကယ့်ကို အေးချမ်းတဲ့၊ ညီညွတ်တဲ့ ပြည်ထောင်စုဖြစ်ဖို့ ကြိုးစားပေးဖို့လည်း လိုပါတယ်။ ကျွန်မတို့အနေနဲ့လည်း ကြိုးစား နေပါတယ်။ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ပထမဦးဆုံး စပြီးတော့ အကောင်အထည်ဖော်ရမယ့် ကိစ္စတစ်ခု အနေနဲ့ သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ အခါကာလတုန်းကတောင် ပြောပြီးသားပါ။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေး၊ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုခိုင်မာရေး ဒါတွေကို ကျွန်မတို့ရဲ့ မူဝါဒအခြေအနေတွေနဲ့ ပြည်သူ၊ ပြည်သားတွေကို ချပြပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ခဲ့တာဖြစ်ပါတယ်။

ချပြသွားတဲ့အတိုင်းပဲ ကျွန်မတို့ ဆက်ပြီး ကြိုးစားသွားပါမယ်။ ကြိုးစားသွားတဲ့အခါမှာလည်း ကျွန်မတို့ အားလုံး အတူလက်တွဲပြီးတော့ ပါဝင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အခုမေးထားတဲ့ မေးခွန်းတွေကလည်း နည်းနည်းများတယ်ဆိုတော့ မေးခွန်းတွေအတွက်ပဲ ကျွန်မအချိန်ပေးပါမယ်။ ပြီးမှ နိဂုံးမှာတော့ ကျွန်မ နှုတ်ဆက်စကားလေး ပြောပါမယ်။ ကျေးဇူးတင်ပါတယ်။

အခမ်းအနားမှူး။ ။ အခုလိုသြဝါဒစကား ပြောကြားပေးပါသော အမေ ဒေါ်အောင်ဆန်းစုကြည်အား အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါတယ်ရှင်။

အခုဆိုရင်တော့ အမေး၊အဖြေ အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီ အမေး၊ အဖြေ အစီအစဉ်ကို အဆင်ပြေချောမွေ့စေဖို့အတွက် ကူညီပေးပါရန် Myanmar Top ဥက္ကဌ ဆရာ ဒေါက်တာထက်မော်ထွန်းအား စင်မြင့်ပေါ်သို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

ဒေါက်တာထက်မော်ထွန်း။ ။ကျွန်တော်တို့ စင်ကာပူမှာရှိတဲ့ မြန်မာတွေထဲကနေ မေးခွန်းတွေကို Online ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဖိတ်ခေါ်လို့ရတဲ့ မေးခွန်းတွေကိုမှ တူရာ တူရာပေါင်းစပ်တာတို့၊ လိုအပ်သလို ပြင်ဆင်ပြီးတဲ့အခါမှာ Online မှာလည်း Voting တင်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ မေးခွန်းလေးခုက အမေးသင့်ဆုံးဆိုပြီးတော့ Voting ရတဲ့အတွက် အဲ့ထဲကနေပြီးတော့ မေးခွန်းလေးခုကို မေးခွင့်ပြုပါ ခင်ဗျား။


မေး။ ။ နံပါတ်(၁) မေးခွန်းအနေနဲ့ အခုလက်ရှိမှာ သက်ငယ်မုဒိန်းမှုတွေ သိပ်ကို များပြားနေပါတယ်။ နိုင်ငံမျိုးဆက်သစ်တွေဖြစ်တဲ့ ဒီကလေးတွေအတွက် လုံခြုံစိတ်ချမှုနဲ့ ဒီအမှုတွေအတွက် ဘယ်လိုများ စီစဉ်ထားတာတွေ သို့မဟုတ် ရှေ့လုပ်ငန်းစဉ်များကို သိချင်ပါတယ်။


ဖြေ။ ။ အဲ့ဒီကိစ္စဟာ ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ လူမှုရေးကိစ္စဖြစ်ပါတယ်။ ဒါတစ်ဖက်က ဥပဒေ ရေးရာနဲ့ဆိုရင် ဒီလိုဥပဒေအတွက် ဘယ်လိုပုံစံနဲ့ ဥပဒေအရ အရေးယူမလဲဆိုတာက နောက်ဆုံးကျတော့ ဒါလွှတ်တော်က ဆုံးဖြတ်ရမှာပေါ့။ ဒါပေမယ့် ဒါလူမှုရေးကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို သက်ငယ်တွေကို မုဒိန်းကျင့်တဲ့ အမှုတွေ ဘာလို့ ဒီလောက်များနေတာလဲဆိုတာ ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ဘာအားနည်းချက်တွေရှိလဲဆိုတာကို ကျွန်မတို့ ပြန်ပြီးတော့ ကြည့်ဖို့လိုပါတယ်။ ဒါဟာ မိသားစုစနစ်နဲ့ဆိုင်လား။ ကလေးတွေကို သေသေချာချာ မစောင့်ရှောက်တာနဲ့ဆိုင်လား။ ပတ်ဝန်းကျင်က စိတ်ထားတွေ ကြမ်းတမ်းလာလို့လား။ ကြမ်းတမ်းလာတယ်ဆိုရင် ဘာကြောင့်လဲ။ ဥပမာ- မူးယစ်ဆေးဝါးကြောင့် ဖြစ်တာလား။ ဒါမှမဟုတ် အခုခေတ်မှာဆိုရင် အမြဲကြည့်လို့ရတဲ့ ဗီဒီယိုတွေ ဘာတွေကြည့်၊ စာအုပ်တွေဘာတွေ ဖတ်ပြီးတော့ စိတ်တွေက မငြိမ်မသက်ဖြစ်လို့လား။ အဲ့ဒါတွေ ကျွန်မတို့က အကြောင်းရင်းကို ရှာရပါမယ်။ ပြဿနာတစ်ခုကို ဖြေရှင်းချင်ရင် ဘာကြောင့် ဒီပြဿနာက ပေါ်ထွက်လာတယ်ဆိုတာကို ကျွန်မတို့ ရှာရမှာဖြစ်ပါတယ်။ အဲ့ဒါကို ကျွန်မတို့ လူမှုရေးဘက်က နေပြီးတော့ ဒါကို လေ့လာပါမယ်။ လေ့လာပြီးတော့ အနည်းဆုံး အဖက်ဖက်ကနေပြီးတော့ ချဉ်းကပ်သင့် တယ်ဆိုတာကို ဆုံးဖြတ်ပါမယ်။ ဥပဒေတွေ ထုတ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ဥပဒေက ဥပဒေအရ အရေးယူတာက သပ်သပ်။ ဒါနဲ့တင် မပြီးသေးပါဘူး။

တကယ်ကျွန်မတို့လုပ်ရမှာက ဒီလိုကိစ္စတွေကို ကျွန်မတို့က အမြစ်ကနေ လှန်ပစ်လိုက်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ အားလုံးမှာလည်း တာဝန်ရှိတယ်ဆိုတာကို စောစောက ကျွန်မပြောသလို ဘာကိစ္စပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံမှာ အောင်မြင်အောင်လုပ်ဖို့ဆိုရင် အားလုံးမှာတာဝန်ရှိပါတယ်။ ပတ်ဝန်းကျင်မှာ တာဝန်ရှိပါတယ်။ ရပ်ရွာမှာ တာဝန်ရှိပါတယ်။

မိဘတွေမှာ တာဝန်ရှိပါတယ်။ ကလေးတွေဟာ မိဘတွေ ဘယ်ရောက်နေသလဲဖြစ်တဲ့အခါမှာ မိဘတွေက အလုပ်လုပ်နေရလို့လား။ ဒါဆို စီးပွားရေးနဲ့ဆိုင်တယ်။ မိဘနှစ်ယောက်စလုံး အလုပ်လုပ်မှ စားနိုင်၊ သောက်နိုင်တဲ့ အခြေအနေရှိလို့လား။ မိဘတွေက အလုပ်လုပ်နေတဲ့အခါကျ သားသမီးတွေကို ထားပစ်ခဲ့တယ်။ ပတ်ဝန်းကျင်က ဝိုင်းပြီးတော့ မစောင့်ရှောက်ပေးဘူးလား။ မိဘတွေကကော သူတို့ သားသမီးတွေ လုံခြုံအောင်လို့ အစီအစဉ်တွေ မလုပ်နိုင်ဘူးလား။ ဘာကြောင့် မလုပ်နိုင်သလဲ။ မလုပ်နိုင်ဘူးဆိုရင် အစိုးရက ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်း ပြီးတော့ အကူအညီပေးရမလဲ။

ကလေးထိန်းဖို့ ကလေးထိန်းဌာနတို့ စသဖြင့်ပေါ့နော်။ ဒီလိုနေရာတွေ ပိုပြီးတော့ လိုလို့လား။ ပတ်ဝန်းကျင်ကရော ဂရုမစိုက်ဘူးလား။ အမျိုးမျိုး ကျွန်မတို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲ့တော့ အဖြေတစ်ခုတည်း မရှိပါဘူး။ ကျွန်မတို့ကတော့ ဘာဖြေစေချင်လဲဆိုတော့ ဒီလိုရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို အပြစ်ဒဏ် ကြီးကြီးမားမားကြီး ပေးရမယ်ပေါ့။ ဒါပဲပြောနေတယ်။ ဒါတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါလည်းလိုသလို အပြစ်ဒဏ်ကို ကြီးသင့်သလောက်တော့ ကြီးဖို့တော့လိုပါတယ်။ လူမှုရေးအရ ဒီလိုကိစ္စတွေ မဖြစ်ပေါ်အောင်ကတော့ ကျွန်မတို့အားလုံးက ဝိုင်းပြီး တော့ အဖြေရှာရမှာဖြစ်ပါတယ်လို့ ပြောပါရစေ။


မေး။ ။အမေစုခင်ဗျား၊ အမေစု ဦးဆောင်တဲ့ ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံ ဆောင်ရွက်ချိန်မှာ အားတက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးယူပြီးကာစ သူတို့ရဲ့ဘဝ အာမခံချက်ရှိအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ။ တိုက်ပွဲများကြောင့်ရော ၂၁ ရာစု ထိခိုက်နိုင်ပါသလား။


ဖြေ။ ။ဒီတိုက်ပွဲတွေက ကြာလှပါပြီ။ အဲ့ဒီတိုက်ပွဲဖြစ်တိုင်း ကြောက်နေလို့ရှိရင် အစကတည်းက စပြီးတော့ ၂၁ ရာစု ပင်လုံကို မလုပ်ပါဘူး။ ဒီလိုတိုက်ပွဲတွေဖြစ်လို့ကို ၂၁ ပင်လုံညီလာခံကြီး ဘယ်လောက်လိုအပ် သလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားနေတယ်။ အခြေခံအားဖြင့်တော့ ဒီလိုအချင်းချင်းကြားမှာ တိုက်ပွဲတွေ၊ မကျေနပ်မှုတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျွန်မတို့သမိုင်းမှာ အချင်းချင်းကြား နားလည်မှု မယူနိုင်လို့ပါ။ နားလည်မှုမရှိဘဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျွန်မတို့ ကြိုးစားရမှာဖြစ်ပါတယ်။ သာမန်ပြည်သူ၊ပြည်သားတွေကတော့ ဘယ်တိုင်းရင်းသားအုပ်စုမဆို အေးအေးဆေးဆေးပဲ နေချင်တယ်။ ငြိမ်းချမ်းရေးပဲ သူတို့လိုချင်တယ်။ ဒါကတော့ ဘယ်နား သွားကြည့်ကြည့် သိပါလိမ့်မယ်။ ဒါပေမယ့် တစ်ချို့တွေကကျတော့ ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်ထက် သံသယတွေက ပိုကြီးနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးကို မယူရဲတာလို့ ကျွန်မတို့ ပြောချင်ပါတယ်။ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတာက ကျွန်မ ညီလာခံတုန်းကလည်း ပြောခဲ့ပြီးပြီ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းတစ်ခုထဲမှာ ပြောခဲ့ပါတယ်။ တကယ်စေတနာလည်း ရှိတယ်။ ပညာလည်းရှိတယ်။

သတ္တိလည်းရှိမယ်ဆို တကယ်ငြိမ်းချမ်းရေးကို ရအောင်သူယူမှာပဲ။ ငြိမ်းချမ်းရေးကို ရအောင်မယူရင် စေတနာနည်းနေလို့လား။ ပညာနည်းနေလို့လား။ သတ္တိနည်းနေလို့လားလို့ ကျွန်မတို့ မေးရမယ်။ ဆိုတော့ စေတနာနည်းနေလို့ရှိရင် ကျွန်မတို့အနေနဲ့ စေတနာပိုတက်အောင် စေတနာပွားအောင် လုပ်ရမယ်။ ပညာနည်းနေလို့ရှိရင် ပညာဆိုတာ ကျွန်မအတန်းပညာကို ပြောတာမဟုတ်ပါဘူး။ ဆင်ခြင်တုံတရား၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းနဲ့ ကိုယ်ရဲ့နိုင်ငံအတွင်း ဘာလိုအပ်သလဲ၊ ဘာဟာ ကျွန်မတို့နိုင်ငံအတွက် ကောင်းမလဲ ဆိုတဲ့ပညာကို ပြန့်ပွားအောင် ကျွန်မတို့လုပ်ရမယ်။ သတ္တိနည်းနေတယ်ဆိုရင်တော့ ပြည်သူ၊ ပြည်သားတွေက ဝိုင်းပြီးတော့ သတ္တိလေးတွေ ထိုးပေးကြပါလို့ ပြောချင်ပါတယ်။


မေး။ ။ ဟုတ်ကဲ့၊ မေးခွန်းနံပါတ်(၃) အနေနဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သော ပြည်ပအလုပ်အကိုင်သွားမည့်သူများ အလုပ်သမား ပတ်စ်ပို့ဖြင့်သာ ထွက်ခွာခွင့်ပြုတော့မည်ဆိုတဲ့ ကြေညာချက်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စပြီး PV လို့ခေါ်တဲ့ အလည်အပတ်ပတ်စ်ပို့နဲ့ဆို အလုပ်လုပ်ခွင့် မပြုဘူးလို့ ဆိုထားပါတယ်။ ပြည်ပရောက် အလုပ်သမားအများစုဟာ ပတ်စ်ပို့လုပ်ကိုင်စဉ်ကလည်း ပွဲစားများနှင့်သာ လုပ်ကိုင်ခဲ့ကြပြီး အဲ့ဒီ ပွဲစားတွေကလည်း လွယ်လွယ်နဲ့ရတဲ့ PV အလည်အပတ် ပတ်စ်ပို့ကိုသာ လျှောက်ထားပေးခဲ့ကြပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီရောက်တဲ့အခါမှာလည်း ပတ်စ်ပို့ စာအုပ်ကို အပ်နှံပြီး လုပ်ကိုင်ကြရတဲ့အတွက် ကိုယ့်ပတ်စ်ပို့ဟာ PV လား PJ လားဆိုတာတောင် မသိကြပါဘူး။ သံရုံးမှာ သွားရောက်ပြင်ဆင်ရအောင်လည်း အခွင့်အရေး မရှိကြပါဘူး။ အခွင့်အရေးရှိတဲ့ မြန်မာပြည်ကို ပြန်ကြတဲ့အခါမှာလည်း လဲလှယ်ရကောင်းမှန်းမသိပဲ ဒီစာအုပ်နဲ့ပဲ ပြန်ထွက်လာပြီး လေဆိပ်မှ တာဝန်ကျသူအချို့ရဲ့ လာဘ်စားမှုများပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အရေးပေါ် ခွင့် ၁၀ ရက် လောက်နဲ့ ပြန်တဲ့သူတွေကလည်း ပတ်စ်ပို့လုပ်ချိန်အတွက် အချိန်မပေးနိုင်ကြပါဘူး။ ထို့ကြောင့် လက်ရှိ ပတ်စ်ပို့အမျိုးမျိုးနဲ့ အလုပ်လုပ်နေကြသော အလုပ်သမားများ၏ လက်ရှိအခြေအနေမှ စိုးရိမ်ကြောင့်ကြမှု ကင်းအောင် စီစဉ်ပေးနိုင်မည်လားဟု လေးစားစွာ မေးမြန်းလိုပါတယ်ခင်ဗျား။


ဖြေ။ ။ဒီကိစ္စကို အပိုင်းသုံးပိုင်းခွဲပြီးတော့ ဆွေးနွေးချင်ပါတယ်။ ခုနက ဒီကိုမလာခင်မှာ သံရုံးက သံအမတ်ကြီးနဲ့ရော၊ မြန်မာနိုင်ငံကရောက်လာတဲ့ အဖွဲ့နဲ့ရော ဒါကို ဆွေးနွေးပါတယ်။ တကယ်ဆိုတော့ ကျွန်မတို့ အခြေအနေတွေကို ကောင်းကောင်းမွန်မွန် ဂဃနဏ နားမလည်ကြသေးလို့ စိုးရိမ်နေကြတာပါ။ အခုပြောထားပြီးပါပြီ။ လက်ရှိကိုင်ထားတဲ့ ပတ်စ်ပို့သက်တမ်းကုန်တဲ့အထိ ဆက်ပြီးတော့ ကိုင်လို့ရပါ တယ်။ ဘာမှပြဿနာမရှိပါဘူး။ နောက်တစ်ခုကလည်း အဲ့ဒီပေါ်မှာ အခြေခံပြီးတော့ လာဘ်စားချင်လို့ လေဆိပ်မှာ ပြဿနာရှာတဲ့သူတွေကိုလည်း သေသေချာချာ၊ တိတိကျကျ ပြဿနာရှာလို့ရှိရင် ဘယ်လိုဖြစ် မလဲဆိုတာ အသိပေးလိုက်ပါ့မယ်။ အဲ့ဒီကိစ္စကိုလည်း စိတ်မပူပါနဲ့။ နောက်တတိယအပိုင်းကတော့ အေးဂျင့်တွေကိစ္စပေါ့။

ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြည်ပမှာအလုပ်လုပ်တဲ့အခါမှာ ဒီအေးဂျင့်တွေ ကနေတစ်ဆင့် လုပ်တာတွေ အများကြီးရှိပါတယ်။ အဲ့ဒီဘက်မှာလည်း ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ နည်းနည်း မတော်မတရားလုပ်တာ ခံရတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီအေးဂျင့်တွေကိစ္စကိုလည်း ဖိဖိစီးစီး ကိုင်တွယ်ရမယ် ဆိုတာကိုလည်း ကျွန်မတို့ သဘောပေါက်ပါတယ်။ အဲ့ဒီဟာကိုလည်း ကြည့်ပြီးတော့ လုပ်ပါမယ်လို့ ပြောပါရစေ။


မေး။ ။ Online Voting နဲ့ ရယူထားတဲ့ နောက်ဆုံး မေးခွန်းဖြစ်တဲ့ နံပါတ်လေးပါ။ အမေစု၏ အုပ်ချုပ်မှုလက်ထက်တွင် ပြောင်းလဲတိုးတက်မှုများ သိသိသာသာ ချက်ချင်းမဖြစ်နိုင်သည်ကို နားလည် သဘောပေါက်လျက် ကြားသိနေရသော သတင်းများအရ ဌာနဆိုင်ရာများတွင် လူတွေအစားထိုး မပြောင်းလဲနိုင်သလို သူတို့၏မူတွေက ယခင်အစိုးရလက်ထက်အတိုင်း ဖြစ်နေကြဆဲ ဖြစ်ပါသည်။ ဥပမာအားဖြင့် ဝန်ကြီးဌာနများသို့ ဆက်သွယ်လာသော အဖွဲ့အစည်းများ၊ ပြည်သူများအား ဌာနမှလူကြီး များက တာဝန်ယူဖြေရှင်းမပေးနိုင်ပဲ အထက်ကိုတင်ပြထားပါသည်၊ ဆောင်ရွက်နေဆဲဖြစ်ပါသည် ဟူသော တုံ့ပြန်မှုမျိုးကိုသာ ကြားသိနေရပါသည်။ ထိုဖြစ်စဉ်များကို သိရှိပါသလား။ မည်သို့ဆောင်ရွက်မည်ကို အကျဉ်းချုံ့ရှင်းပြပေးစေလိုပါသည်ခင်ဗျား။


ဖြေ။ ။အဲတော့ ဒီလိုကြန့်ကြာတဲ့ ကိစ္စပေါ့နော်။ အထက်ကိုတင်ပြရမယ့်ကိစ္စဆိုတာ ကျွန်မတို့ စဉ်းစားရပါတယ်။ ဒါလာဘ်လိုချင်လို့ပြောတာလား။ ဒါပေမယ့် ပြန်စဉ်းစားတာက အထက်ကို တင်ပြထား ပါတယ် အခုနေ့အထိ အခုတော့ မပြီးသေးပါဘူး လူကြီးကိုမေးပါမယ်ဆိုတာ နည်းနည်း လာဘ်ထိုး စေချင်လို့ပြောတဲ့ဟာမျိုးလား။ တကယ်ပဲ အထက်ကနေပြီးတော့ လုပ်ပိုင်ခွင့်မပေးဘဲနဲ့ မလုပ်ရဲလို့လား။ ဒါမှမဟုတ် ပျင်းလို့မလုပ်ပေးတာလားဆိုတာ အဲဒါကို ကျွန်မတို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ စဉ်းစားတဲ့ အခါမှာ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်လို့တော့ ကျွန်မတို့အစိုးရ သက်တမ်းဟာ ၉ လ သာသာပဲ ရှိတယ်ဆိုပေမယ့် ကျဆင်းသွားတယ်လို့ ကျွန်မ ပြောရဲပါတယ်။ ကျွန်မအများပြည်သူဘက်က ကြားရတဲ့ စကားဟာ ဘာလဲဆိုတော့ ၀န်ကြီးတွေကတော့ လာဘ်မစားတော့ဘူးတဲ့။ ဒါပေမယ့် အောက်ကသူတွေ ကတော့ လုပ်တုန်းပဲဆိုတော့ ကျွန်မတို့ကတော့ အခုအောက်က အရာရှိတွေကနေပြီးတော့ လာဘ်ပေး လာဘ်ယူ လုပ်လို့ရှိရင် တိုင်ကြားဖို့ ဆိုပြီးတော့ တယ်လီဖုန်းနံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေ ဘာတွေ ကျွန်မတို့ တင်ထားပါတယ်။ လာယူပါ။တိုင်နိုင်ပါတယ်။ အဲတော့တိုင်ဖို့လဲ လိုပါတယ်။ ဒါကိုယ့်ရဲ့ တာဝန်ကို ကိုယ်သိတာပဲ။ ၀န်ကြီးတွေဟာ လာဘ်မစားဘူးဆိုပေမယ့် ၀န်ကြီးတွေဟာ ၀ိဇ္ဇာတွေတော့ မဟုတ်ဘူး။ အောက်က ဘယ်သူတွေလာဘ်စားတယ်ဆိုတာ အားလုံးကို သိမှာမဟုတ်ဘူး။ တင်ပြမှလည်း သိမှာ။ တိုင်မှလည်း သိမှာ။ ကျွန်မတို့ပြောချင်တာက သတ္တိရှိရှိနဲ့ တိုင်ပါ။ ကိုယ်ကနေပြီးတော့ မလွှဲသာလို့၊ အလျင်လိုလို့ဆိုပြီးတော့ နည်းနည်းလေး လာဘ်လေးထိုးလိုက်တယ်ဆိုရင် ကိုယ့်မှာလဲ အပြစ်ရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော်တို့က မြန်မြန်ရချင်တာနဲ့ အဲလောက်တော့ ပေးလိုက်ရပါတယ်။ ဘယ်သူ့ကိုဆိုလို့ရှိရင် အရေးယူပေးပါမယ်။

ဒီလိုမတိုင်ဘူးဆိုလို့ရှိရင် ကျွန်မတို့ ဘယ်လိုလုပ်ကူညီမလဲ။ သတ္တိလေးကတော့ရှိရမယ်။ ကျွန်မတို့ တတ်နိုင်တာလုပ်ပေးတယ်။ ဒါပေမယ့် အားလုံးဘာဖြစ်နေလဲ ဆိုတာတော့ မြင်နိုင်ဖို့ဆိုတာတော့ ဒါက လက်တွေ့ကျကျမဖြစ်နိုင်ပါဘူး။ ဖြစ်ကိုမဖြစ်နိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားပါမယ်။ ဒီလို အထက်ကအရာရှိတွေဆီက မကျသေးဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လဲ ကျွန်မတို့ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပြီးနိုင်ဖို့အတွက် လုပ်နေပါတယ်။ နောက် တချို့ကိစ္စတွေမှာ တစ်ဆင့်၊ တစ်ဆင့်၊ တစ်ဆင့် သုံး၊ လေး၊ ငါးဆင့် ခုခေတ်သိပ်ပြီးတော့ သဘောကျနေတဲ့စကားနဲ့ဆိုရင် one-stop shop ပေါ့နော်။ အဲလိုပုံစံမျိုးနဲ့ အလုပ်တွေကို ပြီးနိုင်သမျှ ပြီးနိုင်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ နောက်ပြီးတော့ ဟိုက အထက်ကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်၊ အထက်ကသာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ကိစ္စတွေကို ကျွန်မတို့ဖြေလျော့ထားမယ်။ နောက်ကျရင်တော့ ပိုပြီး မြန်မြန်ဆန်ဆန် ပြီးမယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ မြန်မြန်ဆန်ဆန် မပြီးလို့ရှိရင် တိုင်ကိုတိုင်ပါ။ ကျွန်မရုံးကို တိုင်လို့ ရပါတယ်။ အွန်လိုင်းမှာကြည့်လို့ရှိရင် တယ်လီဖုန်း နံပါတ်၊ အီးမေးလ်တွေလည်းပေးထားပါတယ်။


အမေဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော်တို့အွန်လိုင်းကနေ ရွေးချယ်ထားတဲ့ မေးခွန်းလေးကို ဖြေကြားပြီးတဲ့အချိန်မှာ အချိန်ကလည်း ဆက်လက်ပြီးတော့ ကျန်ရှိနေသေးတဲ့ အတွက် ဒီနေ့လူထုတွေ့ဆုံ ပွဲကြီးတက်ရောက်လာတဲ့ စင်ကာပူရောက် မြန်မာမိသားစုကနေပြီးတော့ ရေးသားပြီးတော့ မေးထားတဲ့ မေးခွန်းတွေထဲကနေ ဖြေကြားပေးဖို့ ပန်ကြားအပ်ပါတယ်ခင်ဗျား။


- ဒါတော့ မတရားဘူး။ တစ်၊ နှစ်၊ သုံး၊ လေး။ မေးခွန်းက (၄)ခုတောင်မှ။


မေး။ ။ အန်တီစုအနေဖြင့် မြန်မာကို နောင်အနှစ် ၂၀ အတွင်း စင်ကာပူလို ဖြစ်ရမယ်လို့ ပြောကြားသည့် အတွက် များစွာ အားရမိပါသည်တဲ့။ ကျွန်တော်တို့ ပြည်သူပြည်သူများအနေဖြင့် မည်သည့်အခန်းကဏ္ဍက ပါဝင်နိုင်မည်ကို သိခွင့်ရချင်ပါသည် ခင်ဗျားတဲ့။


ဖြေ။ ။ ကျွန်မပြောတာက အနှစ် ၂၀ အတွင်း စင်ကာပူကို မီရမယ်လို့ပြောတာ မဟုတ်ပါဘူး။ စင်ကာပူကို ကျော်ရမယ်လို့ပြောတာပါ။ မည်သည့်ကဏ္ဍက ပါဝင်နိုင်မလဲဆိုတော့ ကဏ္ဍတိုင်းမှာ ပါဝင်နိုင် ပါတယ်။ စောစောက ကျွန်မပြောသလိုပဲ ပြည်သူပြည်သားများအားလုံး တစ်ဦးနှင့် တစ်ဦးချင်းဟာ တန်ဖိုးရှိ ပါတယ်။ ခုနကပြောသလိုပေါ့။ အဂတိလိုက်စားမှုတွေရှိတာကို ရဲရဲတင်းတင်းနဲ့ တိုင်တယ်ဆိုတာပဲ။ ဒါလဲသူ့တာဝန် ကျေတာပဲ။ ဒါလဲ ကျွန်မတို့အတွက် ၀ိုင်းဝန်းပြီးတော့ ကူညီနေတာပဲ။ ကိုယ်သင်တဲ့ ပညာကို ကိုယ်တကယ့်ကို ကောင်းကောင်းမွန်မွန် ပိုင်ပိုင်နိုင်နိုင် သင်လို့ရအောင်ကြိုးစား နေတဲ့ ကျောင်းသူကျောင်းသားတွေဟာလဲ တစ်ကဏ္ဍကနေ ပါဝင်နေတာပဲ။ ကဏ္ဍတိုင်း ကဏ္ဍတိုင်းမှာ ပြည်သူပြည်သားတွေပါဝင်မှ ကျွန်မတို့ အနှစ် ၂၀ အတွင်း လုပ်ချင်တာ လုပ်လို့ရမှာဖြစ်ပါတယ်။


မေး။ ။ တရားဥပဒေစိုးမိုးဖို့အတွက် လက်ရှိရဲတပ်ဖွဲ့ကို အမြန်အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိ/မရှိ သိလိုပါသည်ခင်ဗျာ။ အမြန်ဆိုတာက အခုကိုလုပ်ပါလို့ ပြောတာလို့ပြောပေးပါ။


မေး။ ။ There is no secret that Singapore is second largest investor in Myanmar. The question is also multi coming from China and Singapore are different. I think what is meant is that what is the different between multi-coming from Singapore and multi-coming from China?


ဖြေ။ ။Well, It depends on who the investor is how they invest, whether they invest to benefit both country. And we are inviting all from the world to invest in Myanmar and investing the way that will be comfortable for both the investor and the people in my country.


မေး။ ။ ကျွန်တော်တို့အားလုံး အစိုးရသစ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အဲထဲကမှ လုပ်ကြံဖန်တီး ထားသော အခက်အခဲတွေကို မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့အားလုံး အမေ ဦးဆောင်တဲ့ အစိုးရနောက်မှာ ထောက်ခံမှုအပြည့်နဲ့ ရှိပါတယ်။ ဒါကြောင့်ကျွန်တော်မေးချင်တာက ဘေးဆိုင်းတွေတီးပြီး ဒုက္ခပေးနေတဲ့သူတွေရဲ့ လုပ်ရပ်အပေါ် အမေဘယ်လိုမြင်ပါသလဲ။ အောင်မြင်နိုင်ပါသလား။ သားတို့ဘာတွေပြင်ဆင်ထားရပါမလဲတဲ့။ အမေ့ကို ချစ်လို့ ကျွန်တော်တို့ပြည်သူတွေ စိတ်မပူအောင် အမေ့လက်ရှိ ရပ်တည်ချက်နဲ့ ခံယူချက်သဘောထားကို သားတို့သိချင်ပါတယ် အမေတဲ့။ အမေ့ကို ချစ်တဲ့ အသက် ၈ နှစ်၊ ၁၉၉၆ ခုနှစ်ကတည်းက ထောက်ခံခဲ့တဲ့ ဗမာ့ သားကောင်းတဲ့။


ဖြေ။ ။ ကျွန်မ ပထမဦးဆုံးအနေနဲ့ ဘေးဆိုင်းတွေတီးတယ်ဆိုတာ သိနေတာကိုက အကူအညီ တစ်ခုပဲ။ အဲတော့ ဘေးဆိုင်းတွေတီးနေလို့ရှိရင် ကိုယ့်ဆိုင်းလေးနဲ့ ကိုယ်ပြန်တီးလိုက်ပေါ့။ ဘယ်သူက ဘာဆိုင်းပဲ တီးတီး ကျွန်မတို့ ပြည်သူပြည်သားတွေ နားမယောင်လို့ရှိရင် ကျွန်မတို့ နားငြီးတာသာ ရှိမယ်။ ပြဿနာ တော့ မရှိဘူးပြောပါရစေ။ တစ်ခုတော့ရှိတယ်ပေါ့နော်။ ဘယ်အစိုးရကမှ ဘယ်သူမှ အမှားမရှိဘူးဆိုတာ မရှိပါဘူး။ အဲတော့ ကျွန်မတို့အစိုးရအနေနဲ့ ပြုသင့်တာတွေ ပြုပြင်သင့်တာတွေရှိရင် ရဲရဲဝံ့ဝံ့နဲ့ စေတနာ အပြည့်အ၀နဲ့ အကြံပြုကြပါလို့လဲ မေတ္တာရပ်ခံလိုပါတယ်။


မေး။ ။အခုပေးထားတဲ့ဟာကို ဖတ်မယ်နော်။ First of all, thanks for being our leader. So proud of it. You have written that to support a routine and followed it strictly. How could you discipline yourself to maintain consistency of practice every day.


ဖြေ။ ။ Well.. ဗမာတွေ ဗမာလိုပဲ ရေးစေချင်တယ်။ ဗမာတွေကို ဗမာလိုပဲ ရေးစေချင်တယ်ဆိုတာ ဗမာအချင်းချင်း ဗမာလိုပြောမှအားရတယ်။ ကျွန်မအနေနဲ့ ဒီလိုကျွန်မကိုမေးတာလဲ လက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဗမာအချင်းချင်းပဲ ဗမာလိုပဲ ပြောကြစို့။ ဒီမှာ ကျွန်မ ပြောခဲ့တယ်ပေါ့နော်။ စည်းကမ်းရှိရှိနဲ့ စနစ်တကျ လုပ်ဖို့လိုတယ်လို့ အဲလိုလုပ်မှပဲ အောင်မြင်နိုင်မယ်လို့ ပြောတာကို ပြောတာပါ။ ဘယ်လိုလုပ်ပြီး စည်းကမ်းရှိအောင် လုပ်ရမယ်ဆိုတော့ စည်းကမ်း ဆိုတာဟာ ကိုယ့်ဟာကိုယ် လုပ်ယူရတဲ့ ကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းတာပေါ့နော်။ နောက်ဆုံး အချက်ကတော့ ကိုယ့်ဟာကိုယ် အလိုမလိုက်ပါနဲ့။ ပြောလေ့ရှိတာရှိပါတယ်။ အလုပ်တစ်ခုဟာ အလေ့အကျင့် ဖြစ်လာတယ်။ အလေ့အကျင့်တစ်ခုဟာ ကိုယ့်ရဲ့သဘာဝ ဖြစ်လာတယ်။ အဲဒါကြောင့် အလုပ်လုပ်တဲ့ လူတိုင်းဟာ ကြိုးစားရပါမယ်။ ဆိုပါတော့ မနက်စောစော မထချင်ဘူး။ မနက်စောစော မထလို့ရှိရင် အလုပ်နောက်ကျမှာ စိုးလို့ ထရမှာပဲ။ နှိုးစက်ဆိုတာ ရှိတယ်မဟုတ်လား။ နှိုးစက်ကိုအားကိုးပေါ့။ အဲလိုမျိုး ကိုယ့်ကိုကိုယ် နည်းအမျိုးမျိုးနဲ့ စည်းကမ်းရှိအောင်လုပ်ယူရမယ်။ လောကကြီးမှာလေ တန်ဖိုးရှိတဲ့ကိစ္စကို ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်လဲ ယုံကြည်မှုရှိရမယ်။ တချို့ကဆိုလို့ရှိရင် စိတ်လျှော့တာ သိပ်မြန်တာပဲ။ ငါမလုပ်နိုင်ပါဘူး။ ဒီဟာကြီးကလဲ ခက်လိုက်တာဆိုပြီးတော့။ အဲလောက်စိတ်မလျှော့ရဘူး။ ကျွန်မ ပထမတစ်ခါပေါ့နော်။ ဆရာတော် ဘုရားကြီးတစ်ပါးရဲ့ သြ၀ါဒကို မျှဝေလေ့ရှိပါတယ်။ ၀ီရိယဆိုတာ လေးဆင့်ရှိတယ်တဲ့။ ပထမအဆင့်က အလုပ်တစ်ခုကို လုပ်မယ် ဆိုရင် ဆုံးဖြတ်ပစ်လိုက်။ ဒါ အနိမ့်ဆုံးအဆင့် ၀ီရိယပေါ့။ နောက်တစ်ဆင့်က ဆုံးဖြတ်ချက်အတိုင်း ဒီအလုပ်ကို စလုပ်တယ်။ ဒါဒုတိယအဆင့်။ တတိယအဆင့်ကတော့ ခက်ခဲပေမယ့်လည်း ဆက်ပြီးတော့လုပ်တာ။ စတုတ္ထအဆင့်ကတော့ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရတာတောင်မှ လက်မမြှောက်ဘဲ နောက်တစ်ခါထပ်ပြီးတော့ ကြိုးစားခြင်းပါတဲ့။ အဲဒါဝီရိယပဲ။ ၀ီရိယနဲ့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ အားပေးပါရစေ။


မေး။ ။ ကြိုးစားမှုရှိလို့ရှိရင် ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စည်းကမ်းမဲ့ အမှိုက်ပစ်နေကြတဲ့ သူတွေကို ဒဏ်ငွေ၊ အချုပ်၊ အပြစ်မပေးပါနဲ့တဲ့။ ဒဏ်ငွေမဆောင်နိုင်လို့ အချုပ်ခံရင် နိုင်ငံတော်က အကြွေးဆပ်ရမှာ ပိုက်ဆံကုန်တယ်တဲ့။ ကြွေးရလဲ ပိုက်ဆံကုန်တယ်တဲ့။ အလုပ်လဲပိုရှုပ်ပါတယ်တဲ့။ စင်ကာပူက ကြိမ်လုံးတစ်ချောင်း ယူသွားပါတဲ့။ ဒီလိုမျိုး အပြစ်ပေးစေလိုပါကြောင်း အကြံပေးလိုပါတယ်တဲ့။


အဖြေ။ ။ကျွန်မသဘော မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ဒဏ်ငွေရိုက်တယ်ဆိုတာဟာ အခုချိန်မှာ ဒဏ်ငွေအများကြီးရိုက်တာမဟုတ်ဘူး။ ခလေးဘ၀ကတည်းက ဒဏ်ငွေကစတာ။ ကျွန်မတို့ငယ်ငယ်တုန်းက ကျောင်းမှာဆိုရင် အမှိုက်ဆိုတာမရှိဘူး။ အမှိုက်ခြင်းတွေရှိတယ်။ အမှိုက်ခြင်းတွေထဲမှာ မပစ်ဘဲနဲ့ ကျောင်းဝင်းထဲမှာပစ်လို့ရှိရင် ငါးပြားဒဏ်ငွေဆောင်ရတယ်။ ငါးပြားဆိုတာ အခုခေတ်က ကလေးတွေက ဘာမှန်းမသိဘူး။ ကျွန်မတို့ငယ်ငယ်တုန်းက ငါးပြားနဲ့ ဆိုလို့ရှိရင် ဇီးသီးတစ်ထုပ်ဝယ်စားလို့ရတယ်။ အဲတော့ ဒါဟာ မုန့်ဘိုးဘဲ။ မုန့်ဘိုးကို မဆုံးရှုံးချင်တဲ့အခါကျတော့ ကျွန်မတို့ အမှိုက်ကို အမှိုက်ပုံးထဲမှာပစ်တဲ့အလေ့အကျင့်ဟာ ခဏလေးနဲ့ ဖြစ်တယ်။ အဲတော့ ကလေးဘ၀တည်းကစပြီးတော့ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို ကျွန်မတို့ လေ့ကျင့်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကလည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ထားနိုင်တာကို ဂုဏ်ယူရမယ်။


မိဘတွေကိုယ်တိုင်က အမှိုက်ခြင်းထဲမှာ အမှိုက်ပစ်တဲ့ အလေ့အကျင့်မရှိဘူး။ ကလေးတွေကလည်း ဒီလိုအလေ့အကျင့်ရတယ်။ ဒါပေမယ့် ကျောင်းတွေက သင်ပေးနိုင်တယ်။ ကလေးတွေက မိဘတွေကို ပြန်သင်ပေးရတယ်။ ဖေဖေ၊မေမေ အမှိုက်မပစ်ပါနဲ့။ ကျောင်းက ဆရာမက အမှိုက်မပစ်ရဘူးလို့ပြောတယ်။ အခုခေတ်ကတော့ ငါးပြားက ဘာမှမမှုလောက်ပါဘူး။ ကလေးတွေက ငါးပြားကို ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး။ ငါးကျပ်တောင်ပေးရတယ်ဆိုရင်တော့ ဂရုစိုက်ရင်တော့ စိုက်မှာပေါ့။ ဒဏ်ငွေဆိုတာက ပြည်သူတွေကို ဆင်းရဲအောင်လုပ်ဖို့လည်း မဟုတ်ဘူး။ ထောင်ထဲ ရောက်အောင်လည်း လုပ်ဖို့မဟုတ်ဘူး။ ကလေးတွေအဆင့်မှာတော့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်အောင်လို့ ကျောင်းတွေပေါ်မှာ မူတည်ပြီးတော့ လုပ်သင့်လုပ်ထိုက်ရင်တော့ လုပ်ရမှာပဲ။ ကြိမ်လုံးဝယ်တဲ့ကိစ္စတော့ မလုပ်ဘူးလို့ ဆုံးဖြတ်ပြီးပါပြီ။


မေး။ ။အောက်ခြေပန်းရံ၊ လက်သမား အလုပ်တွေကစလို့ ဒီထက်ပိုပြီး အရည်အချင်းမြှင့်တင်ပေးဖို့ အစိုးရအနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်များအား ပေါ်လစီတစ်ခု သတ်မှတ်၍ တွန်းတွန်းတိုက်တိုက် ပေးစေချင်ပါတယ်။ ဒါမှမဟုတ် အရည်အသွေးကောင်းပြီး ဈေးပေါတဲ့ တရုတ်အလုပ်သမားတွေ ဒီ့ထက်ရောက်လာမှာကို မြင်နေပါတယ်။


ဖြေ။ ။ ကျွန်မအနေနဲ့ကတော့ အခုကထဲကစပြီးတော့ ဒီဟာကို မူတခုအနေနဲ့ လုပ်နေပါတယ်။ ကျွန်မတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိကအားဖြင့် ကျွန်မတို့ရဲ့ အလုပ်သမားတွေ အရည်အချင်းမြှင့်တင်ရေးကို ထားစေချင်ပါတယ်။ ထားဖို့လည်း တိုက်တွန်းချင်ပါတယ် ။ အဲဒီလိုဖြစ်နိုင်တဲ့ အဲဒီလိုလုပ်ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ရဲ့ အလုပ်သမားတွေကို ဘယ်စီမံကိန်းမှာပါပါ အရည်အချင်းမြှင့်တင်ပေးတဲ့ အစီအစဉ်တွေကို တတ်နိုင်သမျှ ချဲ့သွားပြီးတော့ လုပ်မှာပါ။ ဒါကြောင့်မို့လို့ ပန်းရံသမားဟာဆိုရင် ပန်းရံသမားအဆင့်ကနေ ဒါ့ထက်ပိုပြီးတော့ ကျွမ်းကျင်တဲ့အဆင့်ကို တက်နိုင်အောင်လို့ အလုပ်လုပ်ရင်းနဲ့ ပံ့ပိုးထားဖို့လိုပါတယ်။ အလုပ်ခွင်အတွင်းမှာ ကြိုးစားသလို ပညာရေးစနစ်ဘက်မှာလဲ အသက်မွေးဝမ်းကျောင်းတွေကို ထူထောင်ခြင်းအားဖြင့် နောက်ပြီးတော့ ကျောင်းပြင်ပ ပညာရေး ရှာနိုင်ခြင်းအားဖြင့် နည်းအမျိုးမျိုးဖြင့် လုပ်ဖို့ကြိုးစားနေပါတယ်လို့ ပြောပါရစေ။


မေး။ ။ ကျွန်တော့အတွက် အခွင့်ကောင်းတစ်ခုပါတဲ့။ အရမ်းလည်းဝမ်းသာမိပါတယ်တဲ့။ မေးခွန်းတစ်ခုက ကျွန်တော်တို့တိုင်းပြည်ရဲ့ တိုးတက်မှုကို နှောင့်ယှက်စေတဲ့ အကြောင်းရင်းထဲမှာ နယ်စပ်မလုံခြုံမှုကလည်း ပါဝင်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဲ့ဒီကိစ္စကို အန်တီအနေနဲ့ လက်ရှိအနေအထားပေါ်မူတည်ပြီး ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲတဲ့။


ဖြေ။ ။ နယ်စပ်လုံခြုံမှုဆိုတာဟာ ကျွန်မတို့နယ်စပ်ကြီးက အကြီးကြီးပဲနော်။ နောက်ပြီး ကျွန်မတို့ နယ်စပ်ထိတွေ့နေတဲ့ နိုင်ငံတွေကလည်း များတယ်။ အဲ့တော့ နယ်စပ်လုံခြုံမှုအတွက်ဆိုတာ ကျွန်မတို့ အဘက်ဘက်ကကြိုးစားရမယ်။ အဘက်ဘက် ကြိုးစားနေချိန်မှာ ရုပ်ပိုင်းဆိုင်ရာလည်း ကြိုးစားရမယ်။ ရုပ်ပိုင်းဆိုင်ရာဆိုတာ ဥပမာအားဖြင့် ကျွန်မတို့ နယ်စပ်အပိုင်းမှာဆိုရင် ခြံစည်းရိုးတွေခတ်ထားတာရှိတယ်။ သို့သော်လည်း ခြံစည်းရိုးတွေက မြှင့်သင့်သလောက် မမြှင့်တာတွေရှိတယ်။ နောက်ပိုပြီးတော့ မြှင့်မယ်ဆိုရင် ဒါငွေရေးကြေးရေးကိစ္စပဲ။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ကတော့ လိုအပ်တဲ့ငွေကိုတော့ ရှာကိုရှာရမယ်။ မဟုတ်တာတွေနဲ့ မရှာရဘူး။ နိုင်ငံရဲ့လုံခြုံရေးအတွက်နဲ့ ပြည်သူရဲ့လုံခြုံရေးအတွက်တော့ ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်နိုင်အောင်လို့ ဘဏ္ဍာရေးဘက်ရော၊ အရည်အချင်းဘက်ကရော တက်နိုင်သလောက် ဦးစားပေးပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ နယ်စပ်လုံခြုံရေးဆိုတာဟာ ကျွန်မတို့ရဲ့ နိုင်ငံရဲ့တည်ငြိမ်မှုနဲ့လည်း ဆိုင်တယ်။ စီးပွားရေးနှင့် လည်း ဆိုင်တယ်။ နယ်စပ်မလုံလို့ တရားမဝင်ကုန်သွယ်နေတဲ့ ကိစ္စတွေဟာ ကျွန်မတို့နိုင်ငံအတွက် အားလုံးဆုံးရှုံးမှုတွေဖြစ်စေပါတယ်။ အားလုံးကလည်း ဒါဝိုင်းပြီးတော့ကူညီရမယ်။ အခုနယ်စပ်လုံခြုံရေး အတွက် ဘာလုပ်နေလဲလို့ မေးတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်က တရားမဝင်နယ်စပ်မှာ ကူးသန်းရောင်းဝယ်ရေး လုပ်နေတယ်ဆိုရင်တော့ ဒါမမှန်ဘူးနော်။ လူတိုင်းလူတိုင်း ကိုယ့်အတွက်ပဲ ကိုယ်တာဝန်ယူပါ။ ကိုယ်ရဲ့ အသိုင်းအဝိုင်းကိုလည်း အားပေးပါ။ တရားမဝင်တဲ့ ကိစ္စတွေ မလုပ်ပါနဲ့။ ဒါဟာနိုင်ငံနစ်နာစေပါတယ်။ အားလုံးကနေပြီးတော့ စည်းကမ်းရှိရှိနဲ့ တရားမဝင်တဲ့ ကုန်သွယ်မှု သို့မဟုတ် တရားမဝင်တဲ့ ဖြတ်ကျော်မှုတွေ မလုပ်ဘူးဆိုရင် ကျွန်မတို့နယ်စပ် ၅၀ ရာခိုင်နှုန်း ပြဿနာဟာ အလိုလို ပျောက်သွားမှာပါ။ ကျန်တဲ့ဟာတော့ ၅၀ ရာခိုင်နှုန်းကတော့ ရုပ်ပိုင်းဆိုင်ရာတို့၊ ရှိသင့်ရှိထိုက်တဲ့ အဟန့်အတားပစ္စည်းတွေ ဒါကတော့ အစိုးရရဲ့တာဝန်တွေဖြစ်ပါတယ်။


မေး။ ။ အမေခင်ဗျား အစိုးရအဖွဲ့အုပ်ချုပ်ရေးယန္တရားများ အားနည်းနေတာနဲ့ပတ်သက်ပြီး ဝန်ထမ်း အကြီးအကဲများ၏ မပြောင်းလဲသေးသော လာဘ်ပေးလာဘ်ယူခြင်း၊ တာဝန်မယူခြင်း၊ တာဝန်မခံခြင်း ကိစ္စအရပ်ရပ်ကို အမြန်ဆုံး ပြေလည်အောင် ပြည်သူအားလုံးက မျှော်လင့်နေကြပါသဖြင့် အထူးသဖြင့် အငြိမ်းစားပေး၍ အပြစ်ပေး၊ အနားပေးရန် အစီအစဉ်ကို ဘယ်နှစ် ဘယ်ကာလကျမှ ဆောင်ရွက်ပေးနိုင်ပါမည်လဲ ဆိုတဲ့ကိစ္စလေးသိချင်ပါတယ်။ အကြံကောင်းများလည်း ပေးနိုင်ပါကြောင်း တင်ပြအပ်ပါသည်။


ဖြေ။ ။အကြံကောင်းပေးမယ်ဆိုရင် ဘာလို့ဒီမေးခွန်းတွေမေးတာလဲ။ အကြံကောင်းတွေဘဲ ပို့ပေးပေါ့။ စောစောကကျွန်မပြောသလိုပဲပေါ့။ လာဘ်ပေးလာဘ်ယူ မရှိစေချင်ဘူးဆိုရင် အားလုံးကဝိုင်းပြီးတော့ လုပ်ရမယ်။ ပထမအားဖြင့် ကိုယ်ကိုယ်တိုင်က လာဘ်ပေးလာဘ်ယူမလုပ်ရဘူး။ နောက်ပြီးတော့ တကယ်လုပ်ဖြစ်ရင် သတ္တိရှိရှိနဲ့ ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဒီလိုတော့ ကျွန်တော်၊ ကျွန်မ လုပ်နေပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကလည်း ဒီဝန်ထမ်းက ဘယ်လိုဘယ်လိုလုပ်လို့ပါဆိုပြီး ဒီလို ပြောရဲတဲ့ သတ္တိကတော့ ရှိရမယ်။ ကျွန်မလေ ဖြုတ်၊ထုတ်၊သတ်တော့ သိပ်ဝါသနာမပါဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုကိုယ် ပြုပြင်နိုင်ဖို့ အခွင့်အရေးတော့ ရရမယ်။ နှစ်ပေါင်းများစွာ အကြောင်းကြောင်းကြောင့် ပျက်စီးခဲ့ရတဲ့ အကျင့်စာရိတ္တတွေ နေ့ချင်းညချင်းမပြုပြင်နိုင်ကောင်းလားဆိုတဲ့ အပြစ်ပေးတာမျိုးလည်း နားလည်မှုခေါင်းပါးတယ်လို့ ကျွန်မပြောချင်ပါတယ်။

အခွင့်အရေးဆိုတာ ပြုပြင်နိုင်ခွင့်ပေးရမယ်။ နောက်ပြီးတော့ ကျွန်မတို့တရားဥပဒေရဲ့ မူအရဆိုရင် လူတစ်ယောက်ဟာ အပြစ်ရှိတယ်ဆိုတာ ခိုင်လုံတဲ့ သက်သေ၊ သာဓကမရှိသရွေ့ အပြစ်မရှိဘူးလို့သတ်မှတ်ရမယ်။ ဒါကတော့ တရားဥပဒေအရ။ နောက်တဆင့်သွားမယ်ဆိုရင် အပြစ်ရှိတဲ့သူကိုတော့ ပြုပြင်နိုင်ခွင့်ပေးရမယ်။ ကျွန်မတို့အချင်းချင်းတွေပဲ။ ကျွန်မအစကထဲကပြောတယ်။ ရွေးကောက်ပွဲမနိုင်ခင်ကတည်းက ပြောပါတယ်။ ကျွန်မတို့အစိုးရ ဖြစ်လာလို့ရှိရင် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရပဲ ဖြစ်ရမယ်။ အဲ့ဒီလိုပဲ ဖြစ်စေရမယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့တင်မကဘူး။ အချင်းချင်း ကြားမှာ စိတ်ဝမ်းကွဲနေတဲ့ အင်အားစုတွေ ကြားမှာတင်မကဘူး။ ကျွန်မတို့ ပြည်သူတွေ အချင်းချင်းကြားမှာလည်း အမျိုးသားရင်ကြားစေ့ရေး ရှိဖို့လိုပါတယ်။ ဒါကြောင့် အာဃာတကိုရှေ့ထားပြီး အလုပ်မလုပ်ပါဘူး။ စည်းမျဉ်းစည်းကမ်းဥပဒေအရ လုပ်ပါမယ်။ တတ်နိုင်သလောက် ကျွန်မတို့ ဥပဒေဘောင် အတွင်းကနေပြီးတော့ အခွင့်အရေးတွေ ပေးမယ် ။ ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်မယ်။ ဒါပေမယ့် အတိုင်းအတာမဲ့တော့ မဟုတ်ပါဘူး။ စည်းဆိုတာ ရှိတာပေါ့။ စည်းဘောင်တစ်ခု ကျော်သွားလို့ရှိရင်တော့ ဥပဒေစည်းမျဉ်းစည်းကမ်းအရ အရေးယူပါမယ်လို့ ကျွန်မပြောပါရစေ။


မေး။ ။ အစိုးရက ပညာတော်သင် လွှတ်၍ မဟုတ်ဘဲ မိမိဘာသာ ဘွဲ့လွန်ကျောင်းတက်၍ ပညာတော်သင်လာသူများအား အစိုးရ University များတွင် သင့်တော်ရာ နေရာမှာ ခန့်ထားရန် အစီအစဉ်ရှိ/မရှိ သိလိုပါသည်တဲ့။ မိမိသင်ယူလာသော ဘာသာဆိုင်ရာ ဗဟုသုတများကို မိမိနိုင်ငံမှ ကျောင်းသားများအား ပြန်လည် သင်ကြားပေးလိုပါသည်တဲ့။


ဖြေ။ ။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ ပညာရေးဥပဒေထဲမှာဆိုလို့ရှိရင် တက္ကသိုလ်တွေကို မိမိတို့ ဘာသာရပ် အလိုက် လွတ်လွတ်လပ်လပ် ဆရာ/ဆရာမတွေ ငှါးရန်းဖို့ စသည်ဖြင့် အဲဒီလို အခွင့်အရေးတွေ ပေးမှာဖြစ်ပါတယ်။ အဲဒီတော့ နောက်ဆိုလို့ရှိရင် ဒီလိုတက္ကသိုလ်တွေက ကိုယ်ကြိုက်တဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်ခန့်ပိုင်ခွင့် သူတို့ရဲ့ ပဋိဥာဉ်အရ ခန့်ပိုင်ခွင့်တွေ ရှိလာမှာပါ။ နိုင်ငံခြားမှာ ပညာတော်သင်ခဲ့ရတဲ့လူတွေဟာ တက္ကသိုလ်တွေမှ လုပ်ဖို့မလိုဘူး လျှောက်စရာတွေ အများကြီးရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နည်းအမျိုးမျိုးနဲ့ ပံ့ပိုးလို့ရပါတယ်။ ဥပဒေအရ ဒီလို အခွင့်အလမ်းတွေကလည်း မကြာခင်ပေါ်လာမှာပါ။


မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းပြည်ပ မီဒီယာများရဲ့ စွပ်စွဲချက်များနဲ့ ပတ်သက်၍ တုံ့ပြန်ပြောဆို သတင်းထုတ်ပြန်မှု မရှိသလောက် ဘာလို့များအားနည်းခဲ့ပါသလဲတဲ့။ အဆိုပါကိစ္စနဲ့ ပတ်သက်၍ ပြောင်းလဲမှု သို့မဟုတ် ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်တဲ့။ အပြောင်းအရွှေ့ လုပ်ပေးသင့်ပါသည်တဲ့။


ဖြေ။ ။ အဲဒါ အပြောင်းအရွှေ့နဲ့ မဆိုင်ဘူး။ အပြောင်းအလဲနဲ့ဆိုင်တယ်။ ကျွန်မတို့ရဲ့ ပြန်ကြားရေးဌာနမှာ အားနည်းချက်တွေရှိတယ်ဆိုတာလဲ ကျွန်မတို့ သိပါတယ်။ ဒီအားနည်းချက်တွေကိုလည်း ကျွန်မတို့ ကိုင်တွယ်နေတာ ကြာပါပြီ။ နောက်တစ်ခါ ကျွန်မတို့ ပြန်ကြားရေးနဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့ရဲ့ ပြန်ကြားရေးဌာနတင် မကဘူး တစ်နိုင်ငံလုံးမှာ အားနည်းချက်တစ်ခုက ဘာလဲဆိုတော့ အခု ကျွန်မတို့ ပြည်သူပြည်သားတွေထဲမှာ ဆိုလို့ရှိရင် အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တဲ့သူတွေ အင်မတန်မှ နဲနေပါတယ်။ အဲဒီတော့ တစ်ကမ္ဘာလုံးနဲ့ တန်းတူရည်တူ ရင်ပေါင်တန်းပြီးတော့ ဒီပြန်ကြားရေးဘက်မှာ အားရှိဖို့ဆိုတာတော့ ဒီအင်္ဂလိပ်ဘာသာတော့ ကျွန်မတို့ဟာ ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒါကြောင့် စင်ကာပူမှာရောက်နေတဲ့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တဲ့သူတွေအနေနဲ့ ပြန်ကြားရေးကို ကူညီသင်ကြား မယ့်သူရှိရင် ပြောကြပါလို့။


မေး။ ။ အစိုးရဌာနများလည်း စွမ်းဆောင်ရည်နှင့် ပညာရည် ပိုမိုမြင့်မား၍ ကိုယ်စိတ်နှစ်ပါး အပြည့်အဝ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသူများ လူမှန် နေရာမှန် ရာထူးမှန်ရရှိနိုင်ရေးမှာ တိုင်းပြည်တိုးတက်မှု လျှင်မြန်နိုင် ရေးတွက် မရှိမဖြစ်လိုအပ်ပါသည်တဲ့။ သို့ဖြစ်ပါ၍ ထိုကဲ့သို့ နေရာမှန် ရားထူးမှန်ချထားပေးနိုင်ရေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှသာ အမှန်တကယ် ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါသည်တဲ့။


ဖြေ။ ။ ကျွန်မကြိုးစားနေပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းဟာ ဘယ်လောက်အရည်အချင်း ရှိလဲဆိုတာ ချက်ချင်း ဆုံးဖြတ်ဖို့တော့ ခက်ပါတယ်။ တခါတလေလည်း ကျွန်မတို့ ရွေးတဲ့လူတွေက ကျွန်မတို့ မျှော်လင့်တာထက် တော်သလို တခါတလေလည်း ကျွန်မတို့ မျှော်လင့်တာလောက် မတော်တာလည်း ရှိပါတယ်။ ဒါပေမယ့် ဒါဆိုတာ ကြာကြာဖုံးထားလို့ မရပါဘူး။ အရည်အချင်းဆိုတာ ရှိရင်လည်း ပေါ်လာတာပါပဲ။ မရှိရင်လည်း ပေါ်လာတာပါပဲ။ အဲ့ဒါကြောင့် လူမှန် နေရာမှန်လုပ်ဖို့ဆိုတာ နံပါတ်တစ်အားဖြင့် ဒီ အဂတိလိုက်စားမှု ကင်းဖို့ပေါ့နော်။ အဂတိလိုက်စားမှုကင်းဖို့ဆိုတာ ကျွန်မ ငွေရေးကြေးရေးကို ပြောတာမဟုတ်ပါဘူး။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ။ ဆန္ဒအရမလုပ်ရဘူး။ လောဘအရ မလုပ်ရဘူး။ ဒေါသအရ မလုပ်ရဘူး။ မောဟအရမလုပ်ရဘူး။ ဘယာ အရ မလုပ်ရဘူး။ ဆန္ဒအရ မလုပ်ရဘူးဆိုတာ ကိုယ်နဲ့နီးစပ်တဲ့လူတွေ ကိုယ်ခင်မင်တဲ့လူတွေ ကိုယ်လိုလားတဲ့လူတွေ အခွင့်အရေး မပေးရဘူး။ အဲ့ဒီလိုလုပ်လို့ရှိရင်လည်း လူမှန် နေရာမှန် ဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒေါသဆိုတာကတော့ ကိုယ်မကြိုက်တဲ့လူတွေ ကိုယ်ကနေပြီးတော့ မုန်းတီးတဲ့လူတွေကို မတရားသဖြင့် နေရာမပေးတာတို့ ဖိနှိပ်တာတို့ ပြဿနာရှာတာတို့ ဒါနဲ့ အကုသိုလ် များပြီ။ အဲ့ဒီတော့ အဲ့လိုဟာမျိုးလုပ်မယ်ဆိုရင် လူမှန် နေရာမှန် ရောက်ဖို့ ခက်ပါလိမ့်မယ်။ ကိုယ်မကြိုက်တဲ့လူတော့ တော်မှန်းသိလို့ ကိုယ်က မကြိုက်လို့ဆိုပြီးတော့ နေရာမပေးတာမျိုးဟာ ဖြစ်နိုင်ပါတယ်။ ဘယာအားဖြင့် ကြောက်လို့။ ကြောက်လို့ ဆိုတာတော့ အခု ကျွန်မတို့ အစိုးရခေတ်မှာ ကြောက်နေလို့ရှိရင် ကြောက်တဲ့လူ တုံးတာပဲလို့ ကျွန်မ ပြောရမှာပဲ။ ကြောက်စရာမလိုပါဘူး။ ကိုယ်မမှန်ဘူးထင်လို့ရှိရင် မလုပ်နဲ့။ ကိုယ်မှန်တယ်ထင်ရင်လုပ်။ ဥပဒေဘောင်အတွင်းကနေ လုပ်တာဆိုလို့ရှိရင် ကျွန်မတို့ ဘာမှ အရေးယူစရာ မရှိပါဘူး။ ဒီတော့ နေရာပေးတာမှာလည်း ဒီလိုပါပဲ။ ကိုယ်က တကယ်ပဲ တော်တယ်ထင်လို့ ပေးတာဆိုရင် ဥပဒေနဲ့ ကိုက်ညီရင် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် ဌာနက စည်းမျဉ်းစည်းကမ်း ပြောတာပါ။ ဒါဆိုလို့ရှိရင် လုပ်ပိုင်ခွင့်ရှိပါတယ်။ နောက် မောဟဆိုတာတော့ မသိတဲ့အချက်ပေါ့နော်။ လောကီအနေနဲ့ ပြောမယ်ဆိုရင် ကိုယ်ကနေပြီးတော့ လူတွေအကြောင်းကို ဂဃနဏ မသိလို့ နေရာအကြောင်းကို ဂဃနဏ မသိလို့ မှားပြီးတော့ ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ တခါတလေလည်း ခွင့်လွှတ်နိုင်တဲ့ ကိစ္စပါ။ ကျွန်မတို့ကိုယ်တိုင်ကို အားလုံးကို ကျွန်မတို့ နေရာပေးတဲ့ လူအားလုံးကို ဘယ်လိုလူတွေလဲဆိုတာ မသိနိုင်ပါဘူး။ တစ်ချို့တွေကလေ နေရာမရခင်က ကောင်းပေ့ ကောင်းပြီးတော့။ နေရာလည်းရပြီးတော့ တစ်ခါတည်း ဇာတိပြတော့တာပဲ။ ကျွန်မတို့တွေက သင်ယူရမှာပေါ့။ စောစောစီးစီးကတည်းက ဒီလူဟာ ဘယ်လိုအကျင့်စရိုက်ရှိပါလိမ့်ဆိုတာ သိဖို့ ဆိုတာ တော်တော်မှ သင်ယူဖို့ ခက်တဲ့ ပညာဖြစ်ပါတယ်။

အချိန်က စေ့သွားပီ။ ကျွန်မ ဒီလိုအချိန်တိုတိုလေး နဲ့တွေ့လိုက်ရတဲ့အတွက် ကျေနပ်မှုရှိသလို ပိုပြီးတော့ ကြာကြာမတွေ့လိုက်ရတဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ ဘယ်လိုပဲ ပြောပြော ကျွန်မတို့ဟာ မျက်နှာချင်းဆိုင်တွေ့ရသည်ပဲ ဖြစ်စေ မတွေ့ရ သည်ပဲ ဖြစ်စေ ကျွန်မတို့ အားလုံး နှလုံးသားတွေဟာ ဆက်နွှယ်မှုရှိနေတယ်။ ကျွန်မတို့ အားလုံးဟာ ကျွန်မတို့ရဲ့ နိုင်ငံပေါ်မှာထားတဲ့ မေတ္တာ စေတနာတွေဟာ နီးစပ်နေတယ်ဆိုလို့ရှိရင် ဘယ်နှစ်နှစ်ပဲ ကြာကြာ ဘယ်လောက်ပဲ ဝေးဝေး ကျွန်မတို့ဟာ အမြဲအတူတူ ရှိပါမယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Ref;State Counsellor Office Information Committee

MOI Webportal Myanmar
Powered by Bullraider.com