ကလေးတွေ စွမ်းအင်ထက်မြက် ဉာဏ်ရည်တက်အောင်

https://www.iusb.edu/children/images/child-dev-center.jpg

ကလေးတစ်ယောက် မွေးဖွားလာချိန်မှာ သူတို့ဦးနှောက်ထဲမှာ အာရုံကြောပေါင်း ဘီလီယံ ၁၀၀ လောက်ကို ပါလာတယ်။ မွေးစနှစ်ကတည်းက ဖွံ့ဖြိုးဖို့စောင့်နေတဲ့ အာရုံကြောတွေဟာ နဂါးငွေ့တန်းထဲက ကြယ်တွေ ထက်တောင် များသေးတယ်လို့ဆိုပါတယ်။ ဦးနှောက်ဆဲလ်ပေါင်း သူတို့ဆီမှာ ထရီလီယံနဲ့ ချီပြီးတော့ ပါလာတယ်။ အဲဒီ ဆဲလ်တွေနဲ့ အာရုံကြောတွေ ချိတ်ဆက်ပြီး ဖွံ့ဖြိုးဖို့ လိုပါတယ်။ အဲဒါကို Neural Synapse လို့ခေါ်တယ်။

ဦးနှောက်ထဲမှာ ဝါယာကြိုးတွေလို ရှုပ်ထွေးနေကြတဲ့ အပိုင်းတွေဟာ “သုံးမလား၊ အဆုံးရှုံးခံမလား” ဖြစ်နေ ပါတယ်။ Synapse တွေက အတူတူပူးတွဲဆက်စပ်နိုင်တာ မဟုတ်ပါဘူး။ ကလေးတွေရဲ့ အာရုံကြောတွေ၊ ဆဲလ်တွေကို နိုးကြားနေအောင် မလုပ်ပေးနိုင်ရင် ကျောင်းမတက်တဲ့ ကာလတွေမှာပဲ ဆုံးရှုံးသွားရမှာတွေ အများကြီးဖြစ်သွားနိုင်ပါတယ်။

ကလေးတွေရဲ့ ဦးနှောက်တွေဟာ သူ့ဖြစ်စဉ်အတိုင်း ဖွံ့ဖြိုးတိုးတက်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သူ့တို့ဘာသာ လေ့ကျင့်တတ်မြောက်သွားတာတွေလည်း ရှိနိုင်ပါတယ်။ ကလေးတစ်ဦးရဲ့ အာရုံခံစားနိုင်စွမ်းနဲ့ တတ်မြောက်နိုင်စွမ်းဟာ လူကြီးတွေထက် နှစ်ဆသာပါတယ်။

ကလေးတွေကို ချစ်တယ်ဆိုရင် ကလေးတွေကို ဘာသာစကားလေးတွေ စပြီးတော့ သင်ပေးတာ အကောင်း ဆုံးပါပဲ။ ဘာသာစကားတွေကို မှတ်သားနေရချိန်မှာ ဦးနှောက်ထဲမှာ ရှိနေတဲ့ ဆဲလ်တွေနဲ့ အာရုံကြောတွေ ဆက်သွယ် ချိတ်ဆက်ပြီး အများဆုံး လှုပ်ရှားဖို့ အခွင့်အလမ်းတွေ ရနေနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘာသာစကား တစ်ခုခုသင်ပေးတယ်ဆိုတာ စဉ်းစားဆင်ခြင်နိုင်စွမ်းကို တိုးတက်မြင့်မားစေရုံသာမက သူတို့ဘဝအတွက် လုပ်ဆောင်နိုင်မှုတွေကို စနစ်တကျဖြစ်အောင် တွေးခေါ်နိုင်စွမ်းတွေကိုပါ တိုးတက်မြင့်မားစေပါတယ်။

၁။ မမွေးခင်ကတည်းက မကျန်းမာအောင် မလုပ်မိပါစေနဲ့

ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကလေးတွေကို ကျန်းမာအောင် လေ့ကျင့်ပေးလို့ရတယ်။ တကယ်လို့ ဒီအချိန်မှာ မိခင်က မူးယစ်ဆေးနဲ့ ဆေးလိပ်တွေ သုံးစွဲမယ်ဆိုရင် သားအိမ်ကတစ်ဆင့် ကလေးအပေါ် ထိခိုက်မှု တွေများနိုင်တယ်ဆိုတာလည်း သတိထားသင့်ပါတယ်။

ဆေးလိပ်နဲ့ မူးယစ်ဆေး သုံးစွဲတဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးတွေဟာ ဉာဏ်ရည်မထက်တော့ဘူး။ မှတ်ဉာဏ်ချို့တဲ့တာတွေဖြစ်လာနိုင်တဲ့အပြင် ရန်လို ရန်မူတဲ့စိတ်ဓာတ်မျိုးရှိသူတွေ ဖြစ်လာတတ်ပါတယ်။ စီးကရက်သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးတွေဟာ စာဖတ်စွမ်းရည်မှာ အဆင့် လေးအောက် ရောက်နေတာတွေကို ပညာရှင်တွေက ထောက်ပြထားပါတယ်။

၂။ စကားကောင်းကောင်း ပြောပေး

ကလေးတွေဟာ သူတို့ကို စကားပြောပေးရင် အရမ်းသဘောကျတာတွေ့ရပါလိမ့်မယ်။ သူတို့ပျော်မြူးစွာ တုံ့ပြန် နိုင်တယ်။ “သားလေးက သိပ်တော်တယ်” “သမီးလေးက လိမ္မာတယ်” “သားချောလေး” “သမီးချောလေး” စတဲ့ စကားတွေဟာ ကလေးတွေကို အလွန်ပီတိဖြစ်စေတဲ့ “မိဘဘာသာစကား” လို့ ပြောနိုင်ပါတယ်။ သူတို့ကို များများ ပြောပေးပါ။ သူတို့ မှတ်နေပါတယ်။ ကိုယ်အကောင်းပြောတာတွေဟာ သူတို့ဦးနှောက်တွေအတွက် အကောင်းဆုံးဖြည့်စွက်မှုတွေပါ။

၃။ လက်ကလေးတွေကို ကစားပေးပါ

ကလေးတွေရဲ့ လက်ကလေးတွေကို ကိုင်လှုပ်ပေးနိုင်တဲ့ ကစားနည်း၊ ပျော်ရွှင်အောင် လှုပ်ခတ်ပေးနည်း၊ ကျီးဖြူ ကျီးမည်းစသည်ဖြင့် ကလိထိုးပေးနည်းတွေဟု သူတို့ကို ပျော်ရွှင်စေရုံမက လက်ချောင်းလေးတွေ လှုပ်ရှားအောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ နည်းဖြစ်ပါတယ်။

၎။ သူတို့ကို ဂရုစိုက်ပေးပါ

ကလေးက လက်ညှိုးလေးထိုးပြရင် သူပြတဲ့ နေရာကို လိုက်ကြည့်ပေးပါ။ သူစိတ်ဝင်စားသလို မိဘတွေက စိတ်ဝင်စားတယ်ဆိုတာသိရင် သူတို့အရမ်းပျော်တတ်တယ်။ ဒါကို “ပူးပေါင်းအာရုံစိုက်ခြင်း” လို့ခေါ်ပါတယ်။ သူတို့ စိတ်ဝင်စားတာဟာ အရေးပါတဲ့အရာဖြစ်ပါလားဆိုတာ ရှင်းပြနိုင်ရင် ပိုကောင်းတာပေါ့။ ဥပမာ သူက ပန်ကာကို လက်ညှိုးထိုးပြနေရင် “ပန်ကာ” လို့ ကိုယ်ကစပြောပြပေးပြီး သူ့ရဲ့စူးစမ်းချင်စိတ်လေးကို ဆက်ပြီးတော့ ဖွင့်ပေးနိုင်ရင် ပိုကောင်းတယ်။

၅။ စာအုပ်တွေနဲ့ မိတ်ဆက်ပေးပါ

ကလေးတွေကို ဆေးရောင်စုံ ရုပ်ပုံတွေပါတဲ့ စာအုပ်ကြီးကြီးတွေနဲ့ စတင်မိတ်ဆက် ပေးသင့်ပါတယ်။ သူတို့ လက်ညှိုးလေးတွေထိုးပြီး ပျော်ရွှင်နေတဲ့အထဲကို မိဘတွေကိုယ်တိုင်ကလည်း ပါဝင်ပူးပေါင်းသင့်ပါတယ်။ ပုံထဲမှာ ဖားပုံလေးတွေ့လို့ သူပျော်နေရင် ဖားအော်သံလေး ကိုယ်ကလုပ်ပြ။ နွားအော်သံ၊ ကြောင်အော်သံတွေ လုပ်ပြတာ ပိုပျော်စရာကောင်းတာပေါ့။

ကလေးကိုစာဖတ်ပြတာ အကောင်းဆုံးပဲ။ နားမလည်တဲ့ အရွယ်မှာ အသံနဲ့သင်၊ နားလည်လာရင် စကားနဲ့သင်၊ စာနဲ့သင်ပေါ့။ သူတို့ကို စကားကြွယ်စေချင်ရင် စာအုပ်ထဲက အကြောင်းအရာတွေနဲ့ ဆွေးနွေးစေချင်ပါတယ်။

၆။ ဒိုင်ပါကို လဲပေးနေစဉ်မှာ ကလေးစိတ်မညစ်ပါစေနဲ့

ကလေးရဲ့ အီးတွေ သေးတွေ လဲလှယ်ပေးရချိန်မှာ မိဘတွေကို ဆူ၊ ဆောင့်၊ ဆဲဆိုမှုတွေ မလုပ်သင့်ပါဘူး။ သူတို့စိတ်ထဲမှာ ဒါဟာ မနှစ်မြို့စရာကောင်းတဲ့ အလုပ်ကြီးတစ်ခုလို့ စွဲမြဲမှတ်မသွား စေချင်ဘူး။ ကလေးပါ လူကြီးမှ မဟုတ်တာ။ ဘယ်နားလည်ဦးမလဲ။ ဒါကြောင့် ဒိုင်ပါတွေကို လဲနေချိန်မှာ ကိုယ်နဲ့ အနီးကပ်ဆုံး ဖြစ်နေရချိန် အကောင်းဆုံးနဲ့ ဖေဖေ မေမေတို့က ဘယ်လောက်စိတ်ရှည် ယုယချစ်ခင်တယ်ဆိုတာ အကောင်း ဆုံးပြပေးရမယ့်အချိန်လို့ သတ်မှတ်ထားကြရအောင်။

၇။ အရွယ်နဲ့လိုက်တဲ့ အရုပ်တွေ ရွေးပေးပါ

ကလေးကို အရွယ်နဲ့ လိုက်မယ့် အရုပ်လေးတွေ ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ သူတို့ကို ဘေးလည်းမဖြစ် စဉ်းစားဉာဏ်လည်း ထက်သန်တဲ့ အရုပ်လေးတွေ ဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။ စူးစမ်းလေ့လာ စဉ်းစားမှုကို တိုးတက်စေနိုင် အရုပ်လေးတွေ ဝယ်ပေးထားပါ။ ဘာပဲဝယ်ပေးပေး သူ့အားနဲ့ စဉ်းစားနိုင်စွမ်းကို ထည့်စဉ်းစားပေးပါ။

၈။ ငိုလိုက်ရင် ပစ်မထားပါနဲ့

ငိုချင်သလောက်ငို ဆိုပြီး ကလေးတစ်ယောက်ကို ပစ်မထားသင့်ပါဘူး။ နှစ်သိမ့်ခြင်း၊ အားပေးခြင်း၊ ပွေ့ဖက်ခြင်း တွေဟာ ကလေးတစ်ယောက်အတွက် အလွန်အရေးကြီးတဲ့ တုံ့ပြန်မှုတွေပါ။ သူတို့ဦးနှောက်ဖွံ့ဖြိုးတိုးတက် စေချင်ရင် ပေးငိုတာထက်၊ နွေးထွေးမှုပေးတာ အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။ ဦးနှောက်ထဲမှာ အကောင်းမြင်စိတ်တွေ ဝင်လာဖို့ဆိုတာ မိဘတွေရဲ့ နှစ်သိမ့်ပေးမှုက အရေးကြီးပါတယ်။ ငိုပြီးတော့ မောလွန်းလို့ နားလိုက်ရတဲ့ ကလေးတစ်ယောက်စိတ်ထဲမှာ သူ့ဘဝဟာ ဘယ်တော့မှ လုံခြုံမှု ရှိနေပြီလို့ ထင် လာတော့မှာ မဟုတ်ပါဘူး။

၉။ ယုံကြည်မှုတည်ဆောက်ရအောင်

သူတို့ စိတ်ထဲမှာ လုံခြုံစိတ်ချရတဲ့ဘဝ၊ မေတ္တာတွေ အပြည့်ရနေတဲ့ဘဝလို့ တွေးထင်လိုက်တာနဲ့ ကလေးတွေရဲ့ ဦးနှောက်ခံစားချက်တွေဟာ လုံးဝပြောင်းလဲသွားတတ်ပါတယ်။ သူတို့ စိတ်တွေထဲမှာ ကြည်နူးပျော်ရွှင်မှုတွေ ဖြစ်နေရင် လေ့လာအားလည်း ပိုကောင်းတတ်တယ်။ သူတို့ကို သင်ချင်ရင် တတ်စေချင်ရင် သူတို့ကို ပထမဆုံး နွေးထွေးလုံခြုံ ပျော်ရွှင်နေအောင် ပထမဆုံး လုပ်ပေးသင့်ပါတယ်။

၁၀။ နှိပ်ပေးကြည့်ပါ

ကလေးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းလေးတွေကို နှိပ်ပေးတာ သူတို့စိတ်ထဲ ကြည်နူးစေသလို၊ စိတ်ခံစားမှု လည်း တိုးတက်မြင့်မားလာစေနိုင်ပါတယ်။ မေတ္တာနဲ့ နှိပ်ပေးပြီး ကလေးကို ဖွံ့ဖြိုးအောင်လုပ်ပါလို့တောင် ပြော ကြပါတယ်။ တစ်နေ့ကို သုံးကြိမ်လောက် နှိပ်ပေးတာ ခံရတဲ့ ကလေးတစ်ယောက်ဟာ၊ လုံးဝ နှိပ်ပေးခြင်း မခံရတဲ့ ကလေးတွေထက် ပိုပြီးတော့ စိတ်ခံစားမှုအပိုင်းရော ဉာဏ်ရည်ဖွံ့ဖြိုးမှုအပိုင်းမှာပါ သာလွန်ကြောင်း သုတေသနပြုလုပ်ထားတာတွေ ရှိပါတယ်။

၁၁။ ရေချိုး သန့်ရှင်းချိန် အားပေးစကားပြောကြားပါ

လေးဘက်သွားနေတဲ့ အရွယ်လေးတွေအတွက် အကောင်းဆုံးအချိန်ဟာ သူတို့ကို သန့်ရှင်းရေးလုပ်ပေးဖို့ ရေချိုးနေချိန်လို့ ပြောပါတယ်။ ကိုယ်တိုင်ရေချိုးပေးနိုင်အောင်ကြိုးစားပြီး သူတို့နဲ့ ချစ်ခင်မှု အရနိုင်ဆုံး အချိန်ကို အကောင်းဆုံး အသုံးချသင့်ပါတယ်။ ရေကြောက်တယ်လို့ပြောတဲ့ကလေးဟာ မိဘတွေနဲ့ အတူ ရေချိုးရမှာကို ဘယ်လောက် သဘောကျသလဲဆိုတာ လက်တွေ့ စမ်းသပ်ကြည့်သင့်ပါတယ်။

၁၂။ လုံခြုံတဲ့ဝန်းကျင် ဖန်တီးပေးထားပါ

လေးဘက်သွား၊ မတ်တပ်စမ်းတဲ့ အရွယ်လေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေး ထားဖို့ အရေးကြီးပါတယ်။ ကလေးဆိုတာ အကွာအဝေး အတိုင်းအဆ အထက်အောက် သိပ်ပြီးတော့ မမှန်းဆ နိုင်သေးပါဘူး။ ဒါကြောင့် အမြင့် အနိမ့် အကွာအဝေး သိပ်ပြီးတော့ ကွာဟတာတွေကို သူတို့ မသိသေးပါဘူး။ လိမ့်ကျပြီး မကျိုးမပဲ့အောင် စောင့်ရှောက်နိုင်ဖို့ သူတို့ကို လုံခြုံအောင်ထားဖို့လိုပါတယ်။

၁၃။ သီချင်းဆိုပြပါ

ကလေးတိုင်း သီချင်းကြိုက်ပါတယ်။ သားချော့တေးပဲဆိုဆို ခေတ်ပေါ်တေးပဲညည်းသည်ဖြစ်စေ သူတို့က အသံလေးတွေကို နားစွင့်ပြီး နှစ်သက်သဘောကျတတ်ပါတယ်။ တစ်နည်းပြောရင် ပွေ့ချီပြီး သီချင်းလေးနဲ့ လှုပ်သိပ်ရင် ကလေးတွေဟာ အမြန်ဆုံး ကျေနပ်ပီတိဖြစ်ပြီး အိပ်ပျော်သွားတတ်တာကို သတိထားစေချင်ပါ တယ်။ သီချင်းတွေကို လူကြီးတွေက ဆိုနေရင် သူတို့မှတ်နေပါလိမ့်မယ်။ သူတို့ ဦးနှောက်ဖွံ့ဖြိုးအောင် အကောင်းဆုံး လုပ်ပေးချိန်ပေါ့။

၁၄။ သူစိတ်ဆိုးရင် ကိုယ်စိတ်ဆိုးလို့မရပါ

ကလေးမှာ စိတ်အလိုမကျတာတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သူတို့ အလိုမကျတာကို လူကြီးက စိတ်လိုက် ကောက်နေလို့ မရဘူး။ ကလေးဆိုတာ ပေါက်ကွဲတတ်သူရှိသလို၊ ကြိတ်ပြီးတော့ ရှက်နေတာလည်း ဖြစ်နိုင်တယ်။ ရှက်နေတဲ့ကလေးကို ချော့ပြီးတော့ အားပေးရမယ်။ စိတ်ဆိုးနေရင်လည်း နှိစ်သိမ့် ပေးရမယ်။ စိတ်ရှုပ်နေရင်လည်း ပျော်သွားအောင် လုပ်ပေးလိုက်တာ အကောင်းဆုံးပဲ။ ကလေးတစ်ယောက်ရဲ့ အနေ အထား ပျက်သွားတာတွေကို ထိန်းသိမ်းပေးရမှာ လူကြီးရဲ့ တာဝန်ပဲ။ ကလေးတစ်ယောက်ကို ပြုစု ပျိုးထောင် တယ်ဆိုတာ အလွန် အနုပညာမြောက်ပါတယ်။ ဘာမှ စိတ်မဝင်စားရင် မွေးမထားတာ အကောင်းဆုံးပဲ။

၁၅။ ထမင်းကျွေးချိန် အကောင်းမြင်တတ်အောင် သွန်သင်ပါ

ကလေးကို ထမင်းကျွေးချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်ကျွေးတဲ့ အစားအစာတွေကို မိဘက ပထမဆုံး ရွတ်ပြပြီးမှ ခွံ့ပေးသင့်ပါတယ်။ သူတို့ဘာသာစားဖို့တောင်းဆိုရင်လည်း ကိုယ်က အနားမှာ ရှိပေးဖို့သင့်ပါတယ်။ ပါးစပ်က ပြောပေးလိုက်တဲ့ စကားတွေကို သူတို့မှတ်သားပါလိမ့်မယ်။ ထမင်းစားချိန်မှာ ဦးနှောက်က အကောင်းဆုံး လုပ်ဆောင်နေချိန်ပါ။ မိဘနဲ့ကလေး ဘယ်လောက်ပူးပေါင်းလုပ်ဆောင်တယ် ဆိုတာ အချိန်အများဆုံးယူရတဲ့ ထမင်းကျွေးချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ သူတို့ကို အကောင်းဆုံး ပူးပေါင်းစားသောက်နိုင်အောင် ဆောင်ရွက်ပေးရင် အကောင်းမြင်တဲ့ ဘဝတစ်ခုကို ပြုစုပျိုးထောင်ပေးခြင်း၊ ရန်လိုပြီး ထမင်းတွေကို လွှင့်ပစ်၊ ဒေါသထွက်အောင် လုပ်နေရင် အဆိုးမြင်ဘဝတစ်ခုကို ဦးတည်နေခြင်း ဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြည့်လိုက်ပါ။

၁၆။ သန့်ရှင်းစွာ နေထိုင်တတ်အောင် လေ့ကျင့်ပေးပါ

ဖြစ်ချင်သလိုဖြစ် ပစ်ထားလိုက်မယ် ဆိုတာထက်၊ သူတို့ကို ကိုယ်ကလည်း သန့်သန့်ရှင်းရှင်းထား၊ သူတို့ကို လည်း သန့်ရှင်းစွာနေတတ်၊ ထိုင်တတ်၊ သုတ်သင်တတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ နှပ်သုတ်လည်း ကိုယ်တိုင် သုတ်နိုင်အောင် သင်ပေးထားရင် သူတို့ကိုယ်သူတို့ ပိုပြီးတော့ ယုံကြည်မှုဖြစ်စေပါတယ်။

၁၇။ ကောင်းစေလို့တဲ့ စည်းကမ်းကို လိုက်နာပါစေ

ကလေးကို ကိုယ့်စိတ်တိုင်းကျ နေရာတကာ စည်းကမ်းတွေ လိုက်သတ်မှတ်ပေးနေလို့ မရပါဘူး။ စည်းကမ်း လိုက်နာစေတဲ့ နေရမှာ ကြောက်အောင် ချောက်ပြီးတော့ လိုက်နာစေတဲ့ စည်းကမ်းမျိုး မဖြစ်သင့်ဘူး။ ပြီးတော့ ကလေးကို အရှက်ရအောင် အပြစ်ပေးတာမျိုးလည်း မဖြစ်သင့်ဘူး။ ကိုယ့်ကလေးက အခြားကလေးတစ် ယောက်ကို ရိုက်လိုက်လို့ ကိုယ်က ဆုံးမတယ်ဆိုပြီး ရိုက်လိုက်လို့မရဘူး။

သူ့ကို ထိုင်ခိုင်း စိတ်ငြိမ်မှ သူနဲ့ မျက်နှားချင်းတည့်တည့်ဆိုင်၊ ကိုယ့်လေသံကိုလည်းပြင်။ နားလည်အောင် ရှင်းပြ စေချင်တယ်။ အကြမ်းကို အကြမ်းနဲ့ တုံ့ပြန်ရင် အကြမ်းဖက်တာကိုပဲ မြတ်နိုးတတ်သူ ဖြစ်သွားတတ်တယ်။

ကလေးလိုက်နာဖို့ စည်းကမ်းသတ်မှတ်ရင် ကလေးနဲ့ တန်တဲ့ စည်းကမ်းလေးတွေပဲ ချမှတ်ပေးနိုင်အောင် ကြိုးစားသင့်တယ်။ စည်းကမ်းဆိုတာ အသက်အရွယ်နဲ့လည်း လိုက်လျောညီထွေရှိရမယ်၊ သူ့အင်အားနဲ့လည်း လိုက်လျောညီထွေ ရှိတာမျိုးပဲဖြစ်သင့်တယ်။ ကလေးငယ်ငယ်လေးကို ထိုင်ထအကြိမ် ၁၀၀ လောက် လုပ်ခိုင်းတာမျိုးတော့ ဘယ်ဖြစ်သင့်မလဲ။ ထိုင်ထ လုပ်ခိုင်းတယ်ဆိုတာတောင် ကျိုးကြောင်းရှင်းပြပြီး ပျော်စရာ ကောင်းအောင် ပြောင်းလိုက်လို့ရပါတယ်။ ကလေးကို နေပူထဲထုတ်ထားတာတို့၊ အခန်းထဲ လှောင်ပိတ်ထား တာတွေကိုတော့ လုံးဝမလုပ်သင့်ပါဘူး။

၁၈။ ကိုယ်ချင်းစာစိတ်ရှိအောင် လုပ်ပါ

ကလေးဆိုတာ မျှဝေခံစားတတ်အောင် လေ့ကျင့်ပေးမှ ကိုယ်ချင်းစာတတ်ပါတယ်။ ငိုနေတဲ့ အခြားကလေး တစ်ယောက်ကို မုန့်လေးတွေ ပေးခိုင်းကြည့်ပါ။ မိဘကလည်း အပြောအဆို သိမ်သိမ်မွေ့မွေ့ပြောပြီး သူတို့ကို လည်း လိမ္မာယဉ်ကျေးအောင် ပြောခိုင်းပါ။ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ခြင်း၊ မျှဝေခြင်းစိတ်ထားတွေ၊ ကူညီရမယ် ဆိုတဲ့ စိတ်ထားတွေဟာ သူတို့ရဲ့ တွေးတောကြံဆမှုဆိုင်ရာ ဦးနှောက်ဆဲလ်တွေနဲ့ အများကြီး ဆက်စပ် နေတတ်ပါတယ်။

၁၉။ အန္တရာယ်ရှိနိုင်တာနဲ့ ကစားရင် ရှင်းပြပေးပါ

ရေ၊ သဲ၊ ရွှံ့စတာတွေနဲ့ သူတို့ ကစားချင်မှာပဲ။ ကစားပါစေ။ ဒါပေမဲ့ မိဘတွေကို သင်ပေးရမှာတွေ သင်ပေးပါ။ ရေထဲခေါင်းနှစ်ထားလို့မရဘူး။ ရွှံ့တွေကို နားရွက်ထဲ နှာခေါင်းထဲ ပါးစပ်ထဲ ထည့်လို့မရဘူးစတာတွေကို ပြော ပေးပါ။ ရွှံ့တွေနဲ့ကစားတာ လက်ချောင်းတွေတောင် ပိုပြီးတော့ သန်မာပါလိမ့်မယ်။ ဆပ်ပြာတုန်းပေါ်တက် မနင်းရဘူး။ ကန်ဘောင်ပေါ် မထိုင်ရဘူးဆိုတာလေးတွေတော့ သူတို့ကို သိအောင် ပြောပေးသင့်ပါတယ်။

၂၀။ ပျော်ရွှင်စူးစမ်းနိုင်တဲ့ ဘဝတစ်ခုကို ပျိုးထောင်ပေးပါ

ကလေးဆိုတာ အမြဲ စူးစမ်းလေ့လာနေတတ်ပါတယ်။ ကိုယ့်ကိုယ်လည်း အမြဲစောင့်ကြည့်နေတတ်တယ်ဆိုတာ သတိထားပါ။ ဒါကြောင့် လက်ဦးဆရာဖြစ်တဲ့ မိဘက အရေးကြီးပါတယ်။ အရက်သောက်နေတဲ့ မိဘ၊ ဆေးလိပ် သောက်နေတဲ့မိဘတွေကို ကိုယ့်သားသမီးတွေကို သိပ်ပြီးတော့ အကောင်းကြီးဖြစ်လာဖို့ မမျှောင်လင့်နဲ့ပေါ့။ သူတို့ဘဝတွေကို လုံခြုံစိတ်ချ၊ အတုယူမမှား၊ စိတ်အေးချမ်းသာစွာနေထိုင်နိုင်အောင် ပျိုးထောင်ပေးမှ သူတို့ ဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်နိုင်မယ်ဆိုတာ သတိပြုကြပါ။

(Ref: Early Learning, Families and Relationships, Communication and Language Development, Social and Emotional Development)

Powered by Bullraider.com