ဂုဏ်မြောက်သောအရေးအသား (၃)

http://www.interworksmadison.com/wp-content/uploads/2012/09/IMG_1704.jpg

“နောက်ဂုဏ်တစ်မျိုးဆက်ရအောင်”

“မဓုရတာဂုဏ်ပါ ဦးလေး”

“အဲဒီဂုဏ်က အသံချိုတဲ့ဂုဏ်ပေါ့။ စာတွေ ပေတွေရေးဖွဲ့ရာမှာ အသံချိုအောင်ရေးဖွဲ့ရင် နားထောင်ရ တာ နားဝင်ချိုတယ်မဟုတ်လား။ ဒီတော့နားဝင်ချိုတဲ့ဂုဏ်လို့လည်း ခေါ်နိုင်တာပေါ့ကွယ်”

“ကဗျာတွေမှာ အသံတူတွေထပ်ထပ်ပြီးဖွဲ့ရင် မဓုရတာဂုဏ်မြောက်တယ်လို့ ကျောင်းမှာတုန်းက သင် ရတာမှတ်မိနေပါတယ် ဦးလေး”

“ဒါဆိုရင် အဲဒီဂုဏ်မြောက်တဲ့ နမူနာကလေးတစ်ခုလောက် မှတ်မိမှာပေါ့”

“ဟုတ်ကဲ့။ မဲဇာတောင်ခြေရတုထဲက ‘သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း’ ဆိုတဲ့အဖွဲ့ မှာ ‘သည်’ တွေ ထပ်ကာထပ်ကာ သုံးထားလို့အသံချိုတဲ့အတွက် မဓုရတာ ဂုဏ်မြောက်တယ်လို့ သင်ဖူးပါတယ်ဦးလေး”

“ဟုတ်ပါပြီ။ အသံချိုတာ နားဝင်ချိုတာဟာလည်း စာကောင်းပေကောင်းတွေရဲ့ ဂုဏ်တစ်ခုလို့ဆိုရမှာ ပေါ့။ ဝဇီရဗုဒ္ဓိဆရာကြီး ဦးဖိုးစိန်ကတော့ နဘေထပ်ဂုဏ်နဲ့ အက္ခရာထပ်ဂုဏ်ဆိုပြီး နှစ်မျိုးခွဲပြတယ်”

“ရှင်းပြပါ ဦးလေးရယ်”

“နဘေထပ်တယ်ဆိုတာ သိတယ်မဟုတ်လား။ ကဗျာမှာ ကာရန်တစ်ခုတည်း အသံထပ်တာမဟုတ်ဘဲ ကာရန်တွေအတွဲလိုက် အစုလိုက်အသံတူထပ်တာမျိုးလေ။ ဟိုတစ်ခါ ဦးလေးပြောဖူးပါတယ်။ ဦးကြော့ ရဲ့ ကဗျာမှာ ‘သုတ်လေနှော၊ ဘုတ်တွေရော၊ အုတ်ရွှေသြ’ ဆိုပြီး အတွဲလိုက် အသံတူထပ်တာမျိုးပေါ့။ အဲဒီလို အသံတူတွေတွဲပြီး ထပ်ထားတော့ နားဝင်ချိုတာပေါ့ကွယ်။ ဆရာကြီးဦးဖိုးစိန်ပြထားတဲ့ သာဓ ကတစ်ခုဖတ်ပြမယ်။ ‘ချုန်းဂိုက်ချုန်းဂိုက်၊ ဘုန်းမကိုဋ်ဟု၊ သုံးတိုက်သျှောင်ဆင့်၊ အခေင်တင့်၍၊ နောင် ပွင့်စာဟိတ်၊ သမ္ဘာညိတ်လျက်’ တဲ့”

“အသံတူတွေ အများကြီးပဲနော် ဦးလေး”

“ဟုတ်တယ်။ ‘ချုန်းဂိုက်ရယ်၊ ဘုန်းမကိုဋ်ရယ်၊ သုံးတိုက်ရယ် နဘေထပ်ထားတယ်။ ပြီးတော့ သျှောင် ဆင့်ရယ်၊ အခေါင်တင့်ရယ်၊ နောင်ပွင့်ရယ်လည်း နဘေထပ်ထားတယ်။ စာဟိတ်နဲ့သမ္ဘာညိတ်လည်း အဲဒီလိုပဲလေ”

“ဟုတ်ကဲ့ပါ”

“အလင်္ကာကျမ်းမှာ အသံအတုအရှည်စသည်ဖြင့် အသံအနေအထားတူအောင်ဖွဲ့ရင် ပဒါသတ္တိမဓုရ တာဂုဏ် မြောက်တယ်လို့ဆိုတယ်။ မြန်မာကဗျာတွေမှာ ကာရန်ညီအောင်ဖွဲ့တာမို့ ကာရန်ဆိုတဲ့ သရ သံချင်း အမြဲတမ်းတူနေတာ မဟုတ်လား။ ဒီတော့ကာရန်ညီတဲ့အဖွဲ့တိုင်း ပဒါသတ္တိမဓုရတာဂုဏ် မြောက်တာပေါ့ကွယ်။ ဆရာကြီး ဦးဖိုးစိန်ပြောသလို နဘေထပ်အဖွဲ့တွေပါရင်တော့ ပိုပြီးအသံချိုတာမို့ အထူးပြောစရာမလိုတော့ဘူးပေါ့။ နဘေထပ်ဂုဏ်မြောက်တဲ့အဖွဲ့လို့ သိနိုင်တာပေါ့”

“ခုန ဦးလေးပြောတာ အက္ခရာထပ်ဂုဏ်လည်း ရှိတယ်ဆို”

“ဟုတ်တယ်လေ။ အက္ခရာတူတွေထပ်ရေးတာလည်း မဓုရတာဂုဏ်ပါပဲ။ အလင်္ကာကျမ်းမှာတော့ အနုပ္ပာသ မဓုရတာဂုဏ်လို့ခေါ်တယ်။ မင်းပြောတဲ့ ‘သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း’ ဆိုတာမျိုး ‘သည်’ တွေ ထပ်ထပ်ဖွဲ့တာမျိုးပေါ့။ ရွှင်ရွှင်ပျပျ၊ တကသီသီ၊ ချီချီကျူးကျူး၊ ထူးထူးဆန်း ဆန်း၊ ရွှန်းရွှန်းဖြိုးဖြိုး’ ဆိုတာမျိုး အက္ခရာတူနှစ်လုံးစီ ထပ်ထားတာမျိုးက နမူနာတစ်ခုပေါ့ကွယ်။ အက္ခရာတူတွေ နီးနီးကပ်ကပ်ဖွဲ့ထားရင် အက္ခရာထပ်ဂုဏ်ပဲပေါ့”

“ဟုတ်ကဲ့ပါ”

“ပြောပါဦးမယ်။ ခုပြောတဲ့ နဘေထပ်ဂုဏ်တို့ အက္ခရာထပ်ဂုဏ်တို့က အလွယ်တကူ မြင်နိုင်တဲ့အဖွဲ့ တွေမဟုတ်လား။ အသံအနေအထားတူတယ်ဆိုတာက ရုတ်တရက်မမြင်သာဘူးကွဲ့။ တော်တော်သိမ် မွေ့တယ်။ ဆိုပါစို့။ က၊ ခ၊ ဂ၊ ဃ၊ င ဆိုတဲ့ အက္ခရာငါးလုံးဟာ လည်ချောင်းထဲကချည်း အသံထွက်တာ မို့ အသံထွက်နေတဲ့နေရာချင်းတူတယ်။ ဗျည်း ၃၃ လုံးမှာ ငါးလုံးစီစုထားတဲ့ ရှေ့ ၂၅ လုံးကို ‘ဝဂ်’ လို့ ခေါ်တယ်။ အဲဒီလို ဝဂ်တူတဲ့ အက္ခရာတွေဟာ အသံထွက်တဲ့နေရာချင်း နီးနီးကပ်ကပ်ဖွဲ့ရင်လည်း မဓု ရတာဂုဏ်မြောက်တာပဲလေ။ ပဒါသတ္တိမဓုရတာဂုဏ်ပေါ့”

“ဟုတ်ကဲ့၊ ဘယ်လိုကဗျာမျိုးလဲလို့ ရှင်းပြပါဦးလေး”

“တို့ ရထားတဲ့ကဗျာကလေးတစ်ပုဒ်ရှိတယ်လေ။ ‘ချိုနှစ်ကောင်’ က စတာ။ မင်းရတယ်မဟုတ်လား။ ဆိုပြစမ်းပါ”

“ချိုးနှစ်ကောင်၊ ထနောင်းပင် ညီနောင်က၊ လွမ်းအောင်ကူချွဲ၊

ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊ ဖိုးတောင်သူတဲ”

“အဲဒီကဗျာကလေးကို ဆိုရတာ နားဝင်မချိုဘူးလားကွယ်”

“ချိုပါတယ် ဦးလေး”

“ကဲ . . သေသေချာချာကြည့်စမ်း။ အဲဒီကဗျာကလေးမှာ ဌာန်တူအက္ခရာတွေ နီးနီးကပ်ကပ်ဖွဲ့ထား တာတွေ့မယ်။ ကဲ . . မင်းကိုမေးမယ်။ က၊ ခ၊ ဂ၊ ဃ၊ င ဆိုတဲ့ ကဝဂ်အက္ခရာတွေထဲက ဘာတွေတွေ့ သလဲကွာ”

“ဟုတ်ကဲ့။ ‘ချိုး’ ‘ကောင်’ ‘က’ ‘ကူ’ ‘ချွဲ’ ဆိုတဲ့ အသံတွေပါ ဦးလေး”

“ဟုတ်ပြီ။ တ၊ ထ၊ ဒ၊ ဓ၊ န ဆိုတဲ့ တဝဂ်ထဲကရောကွယ်”

“ဟုတ်ကဲ့။ ‘ထ’ ‘နောင်း’ ‘နောင်’ ‘ပြီးတော့’ နေ၊ ထူ၊ တယ်၊ တောင် ‘တဲ့’ ဆိုတဲ့အသံတွေပါဦးလေး”

“အင်း၊ ချိုးနှစ်ကောင်ထဲက ‘နှစ်’ လည်း ပါတာပေါ့။ ကဲ . . . နောက်ရော ဘယ်ဝဂ်ထဲကပါသေးသလဲ။

“အင်း . . . ဟာ၊ ကျွန်တော်တွေ့ပြီ ပ၊ ဖ၊ ဗ၊ ဘ၊ မ ဆိုတဲ့ ပဝဂ်ထဲကလည်း ပါတယ်ဦးလေး”

“ဘာတွေပါလိမ့်”

“ပင်၊ ပန်း၊ ဖြူ၊ ပင်၊ မြက်၊ ဖိုး၊ ဆိုတဲ့အသံတွေပါဦးလေး”

“ကဲ . . . ဒီတော့ ဒီကဗျာလေးမှာ ပါတဲ့အသံတွေကိုကြည့်ရင် က-ဝဂ်ရယ်၊ တ-ဝဂ်ရယ်၊ ပ-ဝဂ်ရယ် အဲဒီအစုသုံးစုက အသံတွေနီးနီးကပ်ကပ်ဖွဲ့ထားတယ်ဆိုတာ တွေ့တယ်မဟုတ်လား။ အဲဒီမှာ မပြော ဘဲကျန်တဲ့အသံဆိုရင် ‘ညီ’ ရယ်၊ ‘လွမ်း’ ရယ်၊ ‘ဇာ’ ရယ်၊ ‘လှ’ ရယ်၊ ‘သူ’ ရယ်ပဲ ကျန်တယ်မဟုတ် လား။ မင်းရှုပ်သွားမှာစိုးလို့ တစ်ခါတည်းထည့်မပြောတာ။ အဲဒီအထဲက ဇ နဲ့ ည ကလည်း စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုတဲ့ စဝဂ်ထဲက ဌာန်တူအသံတွေပဲ။ ‘လ’ နဲ့ ‘သ’ ကလည်း တ၊ ထ၊ ဒ၊ ဓ၊ န နဲ့ ဌာန်တူတယ်လို့ ဆိုတထားတယ်။ ဒီတော့ဌာန်တူအသံတွေ အပြန်အလှန် ဖွဲ့ယှက်နေတဲ့အတွက် ဒီကဗျာလေးဟာ အင်မတန်အသံချိုတာပေါ့ကွယ်။ ဌာန်တူတွေက နဘေထပ်တို့ အက္ခရာထပ်တို့လို အလွယ်တကူ မမြင် သာဘူးလေ။ ခုလိုစနစ်တကျ ခွဲခြမ်းစိတ်ဖြာကြည့်မှ မြင်သာတာကိုး”

“ဟုတ်ကဲ့ပါ”

“ဒီနေရာမှာ ဦးလေးတစ်ခုပြောချင်တယ်။ တချို့က အဲဒီလိုခွဲခြမ်းစိတ်ဖြာကြည့်တဲ့ လေ့လာပုံမျိုးကို အပြစ်ဆိုချင်တတ်ကြတယ်။ အသေးစိတ်ခွဲကြည့်ရင် စာရဲ့အလှပျက်တယ်ဘာတယ်ပေါ့။ သူတို့ပေးတျဲ့ ဥပမာတစ်ခုရှိတယ်။ အင်မတန်လှပတဲ့ မိန်းကလေးတစ်ယောက်ကို ၃၂ ကောဋ္ဌာသခွဲကြည့်ရင် မျက် လုံးတခြား၊ ပါးစပ်တခြား၊ ခြေတခြား၊ လက်တခြား၊ သွေးရဲရဲ သံရဲရဲ ဖြစ်သွားမှာပေါ့လို့ ပြောတတ်ကြ တယ်”

“အိုး . . . အဲဒီလိုပြောသလား ဦးလေး”

“ဟုတ်တယ်။ ခွဲခြမ်းစိတ်ဖြာကြည့်တာကို မကြိုက်တဲ့သူတွေက ပြောကြတာပါ။ ကဲ . . . မင်းစဉ်းစား ကြည့်လေ။ အဲဒီ ‘ချိုးနှစ်ကောင်’ ကဗျာလေးဟာ ဘာကြောင့် အသံချိုသာရတာလဲဆိုတာ အဲဒီလိုအ သေးစိတ်ခွဲမကြည့်ဘဲ ဘယ်မြင်နိုင်ပါ့မလဲ။ ခွဲကြည့်လို့သာ ဌာန်တူ၊ ဝဂ်တူတွေ၊ နီးနီးကပ်ကပ်ဖွဲ့တာကို မြင်နိုင်တာပေါ့။ ပြီးတော့ ခွဲကြည့်ရုံကြည့်ပြီး ခေါင်းတခြား၊ ကိုယ်တခြားထားခဲ့တာမှ မဟုတ်တာ။ အဲဒီ အသံတွေ အပြန်အလှန်ပေါင်းစပ်ဖွဲ့ယှက်နေတာကို ပြန်ပြီးဆက်စပ်ကြည့်ရတာလေ”

“ဟုတ်ကဲ့ပါ”

“ပညာရပ်သဘောနဲ့ပြောရရင် ခွဲခြမ်းစိတ်ဖြာမှု (analysis) ရော၊ ဆက်စပ်ပေါင်းစည်းမှု (synthesis) ရောပါတယ်ကွဲ့”

“ဟုတ်ကဲ့ပါ။ မှတ်သားထားပါ့မယ် ဦးလေး”

“ဦးလေးထင်တယ်။ အဲဒီလို ခွဲခြမ်းစိတ်ဖြာမကြည့်ဘဲနဲ့တော့ အဲဒီကဗျာရဲ့ ဂုဏ်ကို ထိုးထွင်းမြင်နိုင်မှာ မဟုတ်ဘူး။ အပေါ်ယံရှပ်ကြည့်ပြီး သိပ်ကောင်းတာပဲလို့ ဖြီးတဲ့ဖြန်းတဲ့အဆင့်ပဲရှိမှာပဲ။ ကဗျာရဲ့ အလှ ကိုမြင်မှာ မဟုတ်ဘူးလေ။ ဥပမာပေးရရင် ဒူးရင်းသီးကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး စားမှအရသာ ပေါ်မှာ လေ။ မခွဲဘဲစားရင်တော့ ဆူးတွေပဲစားမိမှာပေါ့ကွာ”

“ဟာ . . . ဟုတ်တယ်နော် ဦးလေး”

“ဒါက ကြုံလို့ပြောတာပါ။ အဲဒီ မဓုရတာဂုဏ်ကို သာဓကပြရင် ကဗျာတွေထဲကပဲ ပြတာများတယ်။ တကယ်တော့ အရေးကောင်းတဲ့စကားပြေတွေမှာလည်း အဲဒီဂုဏ်ရှိတာပါပဲကွယ်”

“ဟုတ်ကဲ့ပါ”

“ပုဂံခေတ်က ကျစွာမင်းရဲ့ မိထွေးတော်ရေးထိုးတဲ့ ကျောက်စာမှာ မင်းကြီးက သူ့မိထွေးတော်ကို ချီးမြှင့်တဲ့စည်းစိမ်တွေ ခံစားရပုံကို ရေးထားတဲ့ ဝါကျကလေး သုံးခုပါတယ်ကွဲ့”

“ပြောပြပါ ဦးလေး”

“ ‘အိမ်လည်းပါနေ၏။ ကျွန်လည်းငါစေ၏။ လယ်လည်းပါစေ၏’ တဲ့”

“ရေးပုံ လှတယ်နော်”

“ပုံစံတူဝါကျသုံးခုထပ်ပြီး စကားလုံးတွေပါထပ်ထားတာ ဘယ်လောက်အသံချိုသလဲ။ ဒါလည်းမဓုရ တာဂုဏ်မြောက်တာပေါ့ကွာ”

“ဟုတ်ကဲ့ပါ”

“ကဲ . . . ဒီဘက်ခေတ်မှာ ဆရာဇော်ဂျီက ‘ပုဂံမြို့ဟောင်းနှင့် ကျွန်တော်’ ဆိုပြီး ပုဂံအကြောင်းရေးရာ မှာ ‘ကြည်ညိုစရာကိုဖူး၍ ကြည်နူးရာကိုတွေးရသည်မှာ ဖူး၍တွေး၍ပင်ကုန်နိုင်ပါတော့မည်လားဟု ထင်မိပါသည်’ လို့ ရေးထားတာကိုကြည့်ရင် ‘ကြည်ညို’ ‘ကြည်နူး’ ‘ဖူး’ ‘တွေး’ ဆိုတဲ့ စကားတွေထပ် ထားတာ ဘယ်လောက်နားဝင်ချိုပြီး ပြေပြစ်တယ်ဆိုတာ တွေ့မှာပါ။ မဓုရတာဂုဏ်မြောက်တဲ့အဖွဲ့ ကောင်းပေါ့ကွယ်။ ကဲ . . . နားကြဦးစို့”

မြန်မာ့အလင်းသတင်းစာ

ဖေဖော်ဝါရီလ (၁၄) ရက်၊ ၂၀၁၆ ခုနှစ်

Powered by Bullraider.com