ဒေသနှင့်ကိုက်ညီပြီး ကုန်ကျစရိတ်နည်းပါးစွာ ပြုလုပ်ထားသည့် မူလတန်းကျောင်းကစားကွင်း

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လက်သစ်ကျေးရွာရှိ အမှတ်(၇) အခြေခံ ပညာ မူလတန်းကျောင်း၌ ဆိုင်ကယ်နှင့် ကားတာယာ အဟောင်းများကို အသုံးပြု ကာ KG ကစားကွင်းတစ်ခုကို ဖန်တီးထားသည်ကို တွေ့ရသည်။ ဆေးရောင်စုံဖြင့် အလှဆင်ထားသည့် အဆိုပါ ကစားကွင်းကို ပြုလုပ်ရာတွင် အင်တာနက်လူမှုကွန်ရက် မှ တွေ့ရသည့်ပုံကို နမူနာယူကာ ဒေသနှင့်ကိုက်ညီအောင် ဆောင်ရွက်ထားခြင်းဖြစ် ကြောင်း သိရသည်။

တန်ဖိုးအားဖြင့် ကုန်ကျစရိတ်နည်းပါးသော်လည်း ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို များစွာ အထောက်အကူပြုသည့်အတွက် ကလေးကစားကွင်းကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကပြောပြသည်။

ဆိုင်ကယ်တာယာများကို ကြိုးများဖြင့် ချိတ်ဆက်ချည်နှောင်ထားပြီး အမြင့် ရောက်အောင် ခိုတက်နိုင်ရန် တွဲခိုစင်တစ်ခုအဖြစ် စီစဉ်ပြုလုပ်ထားပြီး ကားတာယာ များကိုမူ လိုဏ်ခေါင်းတစ်ခုသဖွယ် ဖန်တီး၍ ကျောင်းသား ကျောင်းသူများ ပျော်ရွှင် စွာ ဝင်ထွက်ကစားနိုင်ရန် စီစဉ်ထားသည်။ ထို့အပြင် ကစားကွင်းထဲတွင် သစ်တုံးများ ကို ဆေးရောင်စုံဖြင့်ခြယ်မှုန်း၍ အနိမ့်မှအမြင့်သို့ တက်ရောက်ကစားနိုင်ရန်အတွက် လည်း ပြုလုပ်ပေးထားသည်။

“ဒီကစားကွင်းလေးထဲမှာ ကစားခဲ့သလို အမြင့်ကို တွဲခိုတက်ရတာဆိုတော့ ကလေးတွေကြီးလာရင် အမြင့်ကို မကြောက်တော့ဘူး၊ ပြီးတော့ ဆိုင်ကယ်တာယာ တွေနဲ့ လုပ်ထားတဲ့ တွဲတက်ရတဲ့စင်က လှုပ်အောင် လုပ်ထားတယ်။ ကလေးတွေကို လှုပ်လှုပ်ရှားရှားလေးနဲ့ ရသတစ်မျိုး ခံစားရအောင် လုပ်ပေးထားတာပါ၊ နောက်ပြီး ကလေးတွေက ကစားနည်းကိုပဲ မဟုတ်ဘဲနဲ့ အခက်အခဲလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကျော်လွှားချင်တဲ့ စိတ်ဓာတ်လေးတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး တော့ သစ်တုံးတွေကို လှေခါးထစ်တွေလို အနိမ့်မှ တဖြည်ဖြည်း အမြင့်အထိ လုပ်ဖြစ်ခဲ့တာပါ” ဟု ဆရာမကြီးက ဆက်လက်ပြောပြသည်။

အဆိုပါ ကစားကွင်းလေးကို ကျောင်းအုပ်ဆရာမကြီးက ဦးစီး၍ ကျောင်းအကျိုး တော်ဆောင်ကော်မတီနှင့်အတူ ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရောင်စုံသုတ်ထားတဲ့ဆေးဖိုး လေးသောင်းကျော်နဲ့ ကြိုးဖိုးတစ်သောင်းကျော် ကုန်ကျပါတယ်။ အောက်ခြေမှာလည်း ကလေးတွေ အ္တရာယ် ကင်းအောင် သဲတွေ ထူထူခင်းရပါတယ်။ ကုန်ကျငွေ နှစ်သိန်းကျော်လောက် ကုန်ကျ ပါတယ်” ဟု ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ဆိုသည်။

ကစားကွင်းတွင် လက်ရှိအချိန်၌ KG ကလေးငယ်များသာမက ဒုတိယတန်း ကလေးငယ်များအထိ ဆော့ကစားခွင့်ပေးထားပြီး ကစားနေစဉ်အတွင်း ကလေးများ အန္တရာယ် ကင်းစေရန် အနီးအနားတွင် ကြီးကြပ်ဆရာမတစ်ဦး ကိုလည်း အမြဲထား ရှိကာ စောင့်ကြည့်စေကြောင်း၊ အဆိုပါ ကလေးကစားကွင်းတွင် လျှောစင်တစ်ခုကို ထပ်မံပြုလုပ်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ သူငယ်တန်း (KG) သင်ကြားမှုတွင် စာသင်ခြင်းဦးစားပေး သည့်အစား ကလေးငယ်များ ကျောင်းနေ ပျော်၍ ပတ်ဝန်းကျင်လေ့လာလိုစိတ် ရှိစေရန်၊ အများနှင့် လိုက်လျောညီထွေနေ တတ်စေရန်တို့ကို ပုံစံပြောင်းလဲကာ သင်ကြားပေးလျက်ရှိပြီး သင်ကြားမှုပုံစံသစ် အတွက် နိုင်ငံတော်မှ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသလို စာသင်ကျောင်းများ အနေဖြင့်လည်း ကလေးငယ်များအတွက် ကုန်ကျစရိတ် သက်သာသော ကစားကွင်း မျိုးကို မိမိတို့ကျောင်းအစီအစဉ်မျိုးဖြင့် ပြုလုပ်ပေးခြင်းဖြင်ု့G ပညာရေးပုံစံသစ်ကို ပို၍ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ကြေးမုံသတင်းစာ (၂၀.၇.၂၀၁၆)

Powered by Bullraider.com