ကလေးတွေကို ဘယ်လို ဆက်ဆံမလဲ

http://www.babycouture.in/blog/wp-content/uploads/2016/09/healthy-marriage.jpg

ကလေးဆိုတာ မှန်းဆရ ခက်လှပါတယ်။ ကလေးဆိုတာမျိုးက အမြဲ မထင်ရင် မထင်သလို ပေါက်ကွဲနိုင်တယ် လေ။ တစ်ခါတလေလည်း ဘာမှန်းမသိဘဲ ငြိမ်ပြီး ပြုံးရင် ပြုံးနေတတ်တာ။ ဒါကြောင့် ကလေးတွေကို ဆက်ဆံ ကိုင်တွယ်ဖို့ဆိုတာ သူတို့အကြောင်း နားလည်ထားမှဖြစ်မှာ။

(၁) သူတို့ကို ပူးပေါင်းနိုင်အောင် ကြံဆောင်ပါ

ရယ်အောင်လုပ်နိုင်ရင် သူတို့ကို ပေါင်းလို့သင်းလို့ ရသွားပြီ။ ကလေးဆိုတာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ညစ်ပတ်သွားနိုင်တာကို သတိထားပါ။ ဒါကြောင့် သူတို့ကို သန့်ရှင်းပေးဖို့ အမြဲလိုအပ်တယ်။ သူတို့ကို သန့်ရှင်းရေး လုပ်ပေးရင် ကိုယ်က ဆူစောင့်တာ မလုပ်ဖို့ အရေးကြီးတယ်။

လုပ်ပေးသင့်တာက ရေဇလုံကြီးကြီးယူလာ။ ဇလုံထဲမှာ အရုပ်လေးတွေထည့်ထား။ ရေထဲကို ဘောလုံးလေး သို့မဟုတ် အရုပ်လေးပစ်ထည့်။ ဒါဆိုရင် သူ့ကို သန့်ရှင်းရေးလုပ်ဖို့၊ ရေချိုးပေးဖို့ ပိုပြီး လွယ်နိုင်တယ်။

ကလေးတွေကို သန့်ရှင်းရေးလုပ်ပေးရတာ၊ ရေချိုးပေးရတာ ကျားမြီးပြေးဆွဲလိုက်ချင်တယ်လို့ ပြောချင်တဲ့သူ တွေ သူတို့ကို ဒီနည်းနဲ့ စမ်းသပ်ကြည့်စေချင်တယ်။

(၂) သူတို့ကို ရွေးချယ်ခွင့်ပေးပါ

ကလေးတွေက သူတို့ကို ထိန်းချုပ်လွန်းတာတွေ အမိန့်ပေးတာတွေ သိပ်မကြိုက်တတ်ပါဘူး။ သူတို့ကို ဟိုဟာ မလုပ်နဲ့ သည်ဟာ မလုပ်နဲ့လို့ တားမြစ်ရင် ချုပ်ချယ်တယ်ထင်ပြီး ပေါက်ကွဲပြတတ်တယ်။ မစားနဲ့ဆိုရင် စားမယ်၊ စားဆိုရင် မစားဘူး လုပ်ပြတတ်တာတွေဟာ ဆန့်ကျင်ဘက်သဘောတွေပေါ့။ ဒါကြောင့် သူတို့ကို တစ်ခုခု လုပ်စေချင်ရင် ရွေးချယ်ခွင့်ပေးနိုင်အောင် ကြိုးစားသင့်တယ်။

သူတို့ကို ဒါပဲစား၊ ဒါပဲလုပ်ရမယ်ဆိုတဲ့ သဘောမျိုးမသက်ရောက်အောင်လုပ်ပါ။ တစ်ခုခု ရွေးချယ်နိုင်အောင် လုပ်ပေးပါ။ ကလေးတွေများလို့ ဆုံးဖြတ်ရခက်နေရင် မေမေ့ကို ဘယ်သူကူပေးမလဲဆိုတာမျိုးနဲ့ စည်းရုံးပြီး ကိုယ်ဖြစ်ချင်တာကို လုပ်ခိုင်းနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။

(၃) ပုံသေတစ်ခုခု လုပ်ခိုင်းပါ

ကလေးတွေက လူကြီးတွေလို အချိန်နဲ့သွား၊ အချိန်နဲ့စား၊ အချိန်နဲ့ အိပ်ဆိုတာတွေကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ သူတို့မှာ ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတဲ့ အသိလေးတွေတော့ ရှိပါတယ်။ မနက်ခင်းမှာ ထမင်းစားပြီးရင် အိပ်ရတော့မယ်ဆိုတာမျိုးလောက်တော့ သူတို့ကောင်းကောင်း သိကြတယ်။ သူတို့ရဲ့ တစ်နေ့တာ အစီအစဉ်လေးတွေကို မပျက်အောင် လူကြီးတွေက ဂရုစိုက်ပေးရမယ်။

စားချိန်၊ အိပ်ချိန်တွေကို မှန်မှန်လေး လည်ပတ်နေအောင် ကြိုးစားပေးရမယ်။ နေ့ခင်း တစ်ရေးအိပ်တတ်အောင် လေ့ကျင့်ပြီးရင် သူတို့က အိပ်ရမှစိတ်ကြည်တယ်။ မအိပ်ရလို့ ဂျီကျတာကို သူတို့အစီအစဉ်ပျက်သွားတာပဲလို့ နားလည်ပေးပြီး လူကြီးကဖြည့်ဆည်းပေးရမယ်။

(၄) ဒဏ်မပေးနဲ့ ဆုပေးပါ

ကလေးတွေဟာ ချော့ရင် မြှောက်ပေးရင် အရမ်းသဘောကျတယ်။ ကလေးတစ်ယောက်ကို အမှားအလုပ်ခံပြီး အပြစ်ပေးတာ လုံးဝမတရားပါဘူး။ သူတို့ကို အမှား မလုပ်နိုင်အောင် လူကြီးက ကြိုတင်ရှောင်ရှားပေးထား နိုင်တာတွေ အများကြီးရှိပါတယ်။

ဒါကြောင့် ပြဿနာတစ်ခုခုလုပ်ပြီး အပြစ်ပေးတာထက်၊ ကောင်းတာတွေလုပ်ထားရင် ဆုပေးနိုင်အောင် ကြိုးစားတာဟာ သူတို့အတွက် စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးရာရောက်ပါတယ်။ အပြစ်ပေးတာထက် ဆုပေးပြီး ချီးကျူးတာဟာ ကလေးအတွက် အကောင်းမြင်စိတ်ထားရှိလာအောင် အကောင်းဆုံး စွမ်းဆောင် နည်းဖြစ်ပါတယ်။

ကလေးက ထမင်းစားရင်းဖိတ်တာတွေ၊ ပန်းကန်ကို ယူလာပြီး မှောက်ကျသွားတာတွေ ရိုက်ဆုံးမဖို့ မသင့်ပါဘူး။ အို ထမင်းတွေဖိတ်နေပါလား။ မေမေတို့ သန့်ရှင်းရေးလုပ်ရအောင်ဆိုပြီး သူတို့ကို ပူးပေါင်းပါဝင် လာအောင် ခေါ်ဆောင်သင့်ပါတယ်။

ကိုယ့်ကလေး အမှားလုပ်တာကို အခြားကလေးတစ်ယောက်နဲ့ ဘယ်တော့မှ နှိုင်းယှဉ်မပြပါနဲ့။ ကြည့်စမ်း ဟိုကလေးက ထမင်းမဖိတ်အောင်စားတတ်တယ်ဆိုတာမျိုးဟာ ကောင်းတဲ့ ဆုံးမနည်း မဟုတ်ပါဘူး။

(၅) ကိုယ့်စိတ်ကိုယ်ထိန်းပါ

ကလေးဆိုတာ လူကြီးတစ်ယောက်ရဲ့ ကိုယ်အား စိတ်အား ပြုစုပျိုးထောင်ပေးမှုအပေါ်မှာ အများကြီး တည်မှီ နေတတ်ပါတယ်။ ကလေးကို ရိုက်တာ၊ ဆဲတာ၊ ဆူတာတွေဟာ ကလေးကိုစိတ်ဓာတ်ရေးရာအရပါ ဖျက်ဆီး နေသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ဒေါသထွက်နေရင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ထိန်းနိုင် အောင် ကြိုးစားသင့်တယ်။ ကိုယ့်ဒေါသဟာ ကလေးတွေအပေါ်ကို ဖောက်ခွဲဖို့ မဟုတ်ပါဘူး။ စိတ်ထိန်း၊ အတည်ငြိမ်ဆုံးဖြစ်အောင် လုပ်ပြီးမှ တစ်ခုခုဆုံးဖြတ်သင့်တယ်။

ကလေးကို ရိုက်တာတွေ ဆူတာတွေ ဆဲတာတွေဆိုတာ ဒီခေတ်ရဲ့ အကောင်းဆုံးကုထုံးတစ်ခုမဟုတ်တော့ ပါဘူး။ ဒါကြောင့် ကလေးကို ဆူချင် ရိုက်ချင်တယ်ဆိုရင်တောင် စိတ်ထိန်းပြီး သူ့ကို အနားခေါ်ကာ တိုးတိုးလေး ဆုံးမနိုင်အောင် ကြိုးစားသင့်တယ်။ ရိုက်ဆုံးမတာထက် တိုးတိုးလေးဖက်ပြီး ဆုံးမတာ ပိုပြီးထိရောက်တယ်။

ငယ်တဲ့ကလေးတွေဟာ သူတို့အပြစ်တစ်ခုခု လုပ်ထားပြီးဆိုရင် သနားစရာ မျက်လုံးလေးတွေနဲ့ ကြည့်နေတတ် တယ်။ အဲဒီအချိန်မှာ လူကြီးက အော်ငေါက်လိုက်ရင် သူတို့ ငိုတော့တာပဲ။ ဒါက လူကြီးက ဆက်ရိုက် ဆက်ဆူနေရင် သူတို့စိတ်ကို ပြုပြင်လို့ရတော့မှာ မဟုတ်ဘူး။

(Ref: How to Handle Small Kids, Wiki)

Powered by Bullraider.com