လက်ပတ်နာရီ

http://www.oldwatches.co/wp-content/uploads/2009/old-watches-patek-simple.jpg

ကျွန်တော် ရန်ကုန်ကိုရောက်လာပြီး အလုပ်လုပ်နေတော့ ဖခင်ကြီးနဲ့ ခွဲခွာခဲ့ရတယ်။ ဖခင်ကြီးကို ညီမ တစ်ယောက်က စောင့်ရှောက်ပေးတယ်။

ရန်ကုန်ဆိုတာ သိတဲ့အတိုင်းပဲ။ အများကြီး ရုန်းကန်လှုပ်ရှားပြီး ဘဝကို ရပ်တည်ရတာ။ ရန်ကုန်ရောက်ပြီး ငါးနှစ်အထိ ဘဝတွေက မတည်ငြိမ်သေးဘူး။ ဖခင်ကြီးဆီကိုလည်း တစ်လတစ်ခေါက် မနည်းပြန်နေရတယ်။

တစ်နေ့ ကိတ်မုန့်လေး ဝယ်ပြီးပြန်လာတဲ့ ကျွန်တော့်ကို အဖေက

“မုန့်တွေ မလိုပါဘူးကွာ … လူပဲ ပြန်လာပါ” တဲ့။

ကျွန်တော် နယ်ပြန်ရောက်ရင် ဖခင်ကြီးနဲ့အတူ မနက်စောစောထ၊ လမ်းလျှောက်၊ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ အဖေက ကျွန်တော်နဲ့စကားပြောချင်တာ။

အဖေက အီကြာကွေးတစ်ချောင်းကို ထက်ဝက်ပိုင်းလိုက်ပြီး ကျွန်တော့်ကို တစ်ပိုင်းပေးကာ

“စားကွ” လို့ပြောတတ်တယ်။ အဲဒီ အလေ့အထက နှစ်ပေါင်းများစွာကြာနေပြီ။

ကျွန်တော့်ကို လက်ဖက်ရည်စွဲအောင်လုပ်တာ အဖေလေ။ မနက်တိုင်း အဖေ့ကို ဈေးထဲမှာ ဆိုင်လိုက်ကူပြီး ခင်းပေးရတယ်။ ဆိုင်ခင်းပြီးရင် အဖေက ပိုက်ဆံတစ်မတ် ထုတ်ပေးတယ်။ ကျွန်တော် ဈေးထိပ်က လက်ဖက် ရည်ဆိုင် ပြေးရတယ်။ နို့ဆီခွက်တစ်ခွက်အပြည့် လက်ဖက်ရည်ပါဆယ်က ၁၅ ပြား၊ အီကြာကွေးတစ်ချောင်းက ၁၀ ပြား။ ဝယ်ပြီးပြန်လာရင် နို့ဆီခွက်ထဲက လက်ဖက်ရည်ကို နှစ်ခွက်ခွဲ၊ အီကြာကွေးကို တစ်ခြမ်းပိုင်းပြီး အဖေက “စားကွ” လို့ ပြောနေကျ။

ကျွန်တော်နောက်ဆုံးအကြိမ် နယ်ကိုပြန်ရောက်တော့ အဖေက အိပ်ရာထဲ လဲနေပြီ။ မနက်ခင်း အစောကြီး ကျွန်တော်နဲ့ လမ်းလျှောက် မလိုက်နိုင်တော့ဘူး။ စကားတွေတောင် အများကြီး မပြောနိုင်တော့ဘူး။ အသက်ကလည်း ၉၀ နီးနေပြီလေ။ အဖေက ကျွန်တော့်ကို အသံတိုးတိုးလေးနဲ့

“ဘယ်တော့ပြန်မှာလဲ” လို့ မေးလိုက်တယ်။

ကျွန်တော်က မနက်ဖြန်ပြန်မယ်လို့ ပြောလိုက်တော့ “တစ်ရက်လောက် ပိုနေပါဦးလား” တဲ့။

ကျွန်တော်က ခေါင်းညိမ့်ပြလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ထားလိုက်မိတယ်။ အဖေက

“မင်းလာရင် … ဘာမှ မဝယ်လာနဲ့ … အဖေမစားနိုင်တော့ပါဘူး။ လူပဲ မှန်မှန်ပြန်လာ။ ခုလည်း လက်ဖက်ရည်ဆိုင် သွားချင်လိုက်တာ”

ကျွန်တော် ဆိုက်ကားငှားပြီး အဖေနဲ့အတူ လက်ဖက်ရည်ဆိုင်လာခဲ့တယ်။ အဖေက လမ်းမလျှောက်နိုင် တော့ဘူး။ ဆိုင်ထဲကို ပွေ့ပြီးလာရတယ်။ ဆိုင်မှာထိုင်ပြီးတော့ လက်ဖက်ရည်မှာပြီး အီကြာကွေးတစ်ချောင်းကို တုန်တုန်ယင်ယင်နဲ့ ဆွဲဖဲ့နေတယ်။ အဖေ အားနည်းနေပြီ။ ကောင်းကောင်း မဖဲ့နိုင်တော့ဘူး။

“အဖေ … သားလုပ်ပေးမယ်”

“နေ … နေ … ငါလုပ်နေကျ”

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရတယ်။ အဖေက အီကြာကွေးကို ဖဲ့ပြီးတော့ “စားကွ” လို့ပဲ ပြောတယ်။ အဲဒါ အဖေ့ရဲ့ နောက်ဆုံး “စားကွ” ပဲ။

အိမ်ပြန်ရောက်တော့ ကျွန်တော်က အဖေကြိုက်တဲ့ ဇိနတ္ထပကာသနီစာအုပ်ကြီးကို ဖွင့်ပြီး ဖတ်ပြတယ်။ အဖေ့ရဲ့ ဖေးဗရိတ်အဖြစ်ဆုံးစာအုပ်။ အဖေက မျက်လုံးလေးမှိတ်ပြီး နားထောင်နေတယ်။

အဖေလက်ပြလိုက်တော့ ကျွန်တော် ရပ်လိုက်တယ်။ အဖေက ခေါင်းအုံးအောက်ကို လက်လေး ထိုးသွင်းပြီး ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်ထဲကို ထည့်ပေးလိုက်တယ်။

နာရီ … လက်ပတ်နာရီ … အဖေမြတ်နိုးတဲ့ လက်ပတ်နာရီ …

“အဖေ … ဒီနာရီကို … ဘယ်လို …”

အဖေကပြုံးလိုက်ပြီး

“ငါပြန်ဝယ်ထားတာပေါ့”

ကျွန်တော်မျက်ရည်ကျမိတယ်။ ဒီနာရီက အဖေ့ရဲ့ အမြတ်နိုးဆုံး လက်ပတ်နာရီ။ ရှေးကတည်းက ပတ်လာတဲ့ ရိုးလက်စ် လက်ပတ်နာရီလေး။

ကျွန်တော်ကျောင်းဆရာဖြစ်တော့ အဖေက ကျွန်တော့်ကို နာရီပေးတယ်။

“ကျောင်းဆရာဆိုတာ အချိန်တိကျရမယ်” လို့ ပြောပေးတယ်။

ကျွန်တော်က အဖေ့နာရီလေးကို အမြတ်တနိုးပတ်တယ်။ သံပတ်ပေးရတဲ့ နာရီလေး။

တစ်နေ့တော့ ကျွန်တော့်ကို ကုလားလေးတစ်ယောက်က

“အစ်ကို အဲဒီနာရီရောင်းမလား” လို့ မေးတယ်။ နာရီအဟောင်းကို လာဝယ်နေတော့ ကျွန်တော်ကလည်း စပ်စုချင်တာနဲ့

“ဘယ်လောက်ပေးမလဲ” လို့ မေးလိုက်တယ်။ သူက

“ခြောက်ထောင်” ပေးမယ်တဲ့။ ကျွန်တော်က အံ့အားသင့်သွားတယ်။

“အေး … ငါ့အဖေကို ပြန်မေးကြည့်ဦးမယ်” လို့ပြောခဲ့တယ်။

အိမ်ရောက်တော့ အဖေ့ကို ပြန်မေးကြည့်တော့

“နာရီက အပြင်ဘောင်ကို ရွှေကွပ်ထားတာအစစ်တွေကွ။ အထဲမှလည်း ကျောက်တွေပါတယ်။ အစစ်တွေလို့ ပြောတယ်။ မရောင်းပါနဲ့ကွာ။ အဲဒီနာရီက အဖေ့အမှတ်တရပါ။ ဝယ်တုန်းက ၄၀၀ ကျပ်နဲ့ ဝယ်ထားတာ။

နောက်ပိုင်း ကုလားလေးက အိမ်ကိုရောက်လာပြီး နာရီရောင်းမလား လာ လာမေးတယ်။ သူက ကျပ် တစ်သောင်းပေးမယ်လို့ ပြောလာတယ်။ ကျွန်တော်က မရောင်းပါဘူး။

ကျွန်တော် ဆရာအတတ်သင်တန်း တက်ရဖို့ အမိန့်စာရောက်လာတယ်။ မော်လမြိုင်ကို သွားတက်ရမှာ။ လက်ထဲ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ နောက်ဆုံး ကြံရမရတာနဲ့ အဖေ့နာရီကို ကျပ်တစ်သောင်းနဲ့ ကုလားလေးကို သွားရောင်းလိုက်ရတယ်။

အဖေက ကျွန်တော် သင်တန်းမသွားခင်မေးတယ်။

“မင်းနာရီ ဘာဖြစ်လို့ မပတ်တာလဲ” တဲ့။

ကျွန်တော်က သေတ္တာထဲရောက်နေလို့ဆိုပြီး လိမ်ပြောခဲ့မိတယ်။

အဖေက နောက်ပိုင်း နာရီမပတ်တာကို ဘယ်တော့မှလည်း မမေးပါဘူး။ ခုတော့ နာရီလေးကို ကျွန်တော့် လက်ထဲ ထည့်ပြီး

“မင်းရောင်းသွားတာသိတယ်။ အဖေပြန်ဝယ်ထားတာ။ ဒီနာရီလေးက မင်းအမေ အဖေ့ကို ဝယ်ပေးထားတာ။ တကယ့် အမှတ်တရပစ္စည်းတစ်ခု။ နောက် ပိုက်ဆံမရှိရင် ပြောပါ။ ဒီလို အမှတ်တရပစ္စည်းတွေကို ဘယ်တော့မှ မရောင်းနဲ့ ဟုတ်လား”

ကျွန်တော် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး ငိုနေမိတယ်။ အဖေက

“မင်းကွာ … ယောက်ျားဖြစ်ပြီးတော့” ဆိုပြီး ပြုံးကာပြောတယ်။

“အဖေ … အဲဒီနာရီကို ဘယ်လောက်နဲ့ ပြန်ဝယ်လိုက်ရသလဲ”

“နှစ်သောင်းတည်းပါကွာ”

အဲဒီညမှာပဲ ကျွန်တော့်ဖခင်ကြီးဟာ ကွယ်လွန်ခဲ့ပါတယ်။

၆.၁.၂၀၁၇

Powered by Bullraider.com