တိုက်ကြည့်မှ တူသလိုလို

Image may contain: 1 person, closeup

တစ်နေ့သော နွေနေ့လယ်ခင်းအချိန်တွင် ပူအိုက်လွန်း၍ ပန်ကာလေ၊ အဲကိုလာလေလည်း မခံချင်သဖြင့် အိမ်ရှေ့အပင်အောက် ကွပ်ပျစ်လေး၌ ထွက်ထိုင်လိုက်သည်။ ထိုစဉ် အပူဒဏ်ကိုအန်တုနေသည့် အဘွားအို တစ်ယောက် တောင်းနှစ်ခုကို အထမ်းဖြင့်ထမ်းကာ သကာ ရည်၊ ဇီးယို၊ ထန်းလျက်များရမည်ဟု တစာစာအော်သံ သဲ့သဲ့ကြား၍ လှမ်းကြည့်လိုက်မိသည်။ သြော် အမေသာ ဆိုလျှင်ဟု တွေးမိခိုက် စိတ်ထဲထိရှသွားသည်။ နောက် ထပ် စိတ်မကောင်းစရာထပ်မြင်ရပြန်၏။ အဘွားအိုကို ခွေးများ ဝိုင်းဟောင်နေသည်။ ခြောက်လှန့်သော်လည်း အနည်းငယ်ရှိန်းရုံမျှသာ။ အဟောင်ကမရပ်ပါ။ ကိုယ် တိုင်ပင် ထ၍ ခွေးများနှင့် အဘွားအိုအနီးသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ ထို့နောက် ခွေးများကို မောင်း ထုတ်လိုက်သည်။ အဘွားအိုသည် ဆုများကို တသီ တတန်းပေး၍ ခရီးဆက်သွားရှာ၏။ ကရုဏာသက်စိတ်ဖြင့် ထန်းလျက်အနည်းငယ် ဝယ်ထားလိုက်သည်။ မိမိ မြင်ကွင်းထဲမှ အဘွားအိုပျောက်သွားသော်လည်း အတွေးတစ်ခုကို ဆက်တွေးနေမိသည်။

ထိုခွေးများသည် အဝတ်အစား ကောင်းမကောင်း၊ ရုပ်ရည်လှ မလှ ခွဲခြားနိုင်လို့ ဟောင်နေသလား။ သို့တည်း မဟုတ် အင်အားကြီး မကြီး ရိပ်စားမိ၍ တောင်းထဲက ထန်းလျက်နံ့ကိုရသဖြင့် အနိုင်ကျင့်ဗိုလ်ကျလိုခြင်းလား။ထိုစဉ် အတွေးထဲ၌ နောက်ထပ်အတွေးတစ်ခုပေါ်လာသည်။ လူတွေ။ ဟုတ်သည် လူတွေ။ အသက်ကြီးသူကို ကြီးမှန်းမသိ။ ဘယ်အရှိန်တက်၍ ရိုင်းစိုင်းနေကြပါလိမ့်။အသက်ကြီးသူတွေကို တောင်းစားခိုင်းသူကခိုင်း။ အာဏာ ပါဝါပြသူတွေက ပြနေကြသည့်ခေတ်။ ဘယ်လိုအတွေး ဘယ်လိုစိတ်ထားမျိုးဖြင့် လုပ်ရက်ပါလိမ့် စဉ်းစားမရဖြစ်ခဲ့ ရသည်။ ဒီနေ့ ခွေးများ၏လုပ်ရပ်ကိုမြင်ပြီး တိုက်ကြည့်တော့မှ တူသလိုလိုရှိလှသည်။

အိမ်ရှေ့ခုံတန်းအောက်မှာထိုင်လျက် လေနုအေး၏ အရသာကို အတွေးဖြင့်တို့မြည်းနေမိသည်။ ထိုအခိုက် မောင်မင်းကြီးသားတို့၏ စူးစူးဝါးဝါးဟောင်သံကြား၍ လှည့်ကြည့်မိသည်။ ပလတ်စတစ်ကောက်သည့် ကလေး အုပ်စုကို ဟောင်နေခြင်းဖြစ်သည်။ ကလေးများ၏ မျက်နှာတွင် ကြောက်လန့်မှုရှိသော်လည်း ခဲကိုင်သူကိုင်၊ တုတ်ကိုင် သူကိုင်ဖြင့် ခွေးများကို ပါးစပ်ကခြောက်ကာ အပြေးတစ်ပိုင်း လှမ်းနေကြသည်။ ထိုစဉ် အိမ်ထဲမှ ခွေးလှန့်သံ ကြားရသည်။ အိမ်ရှင်၏ အိပ်ချင်မူးတူးအသံကိုဖြင့် နားထောင်ကြသည်။ မာန်ဖီရုံသာ ဖီနေကြ၏။ မိမိရှေ့မှ ဖြတ်သွားသော ကလေးများကိုကြည့်ရင်း စိတ်မကောင်း ဖြစ်ရသည်။ ကျောင်းနေအရွယ်လေးတွေ မိသားစုဝမ်းရေး ကူညီဖြေရှင်းပေးနေရသည်။ တချို့မိဘများသည် မတတ်သာ၍ ခိုင်းနေကြရပေမယ့် စိတ်ထဲ၌ မချည့်တင်ကဲ ခံစားကြရသည်။ တချို့ကမူ ခပ်ပေါ့ပေါ့နေတတ်သည်။ သား သမီးမဆိုနှင့် မိမိဘဝကိုပင် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား နေထိုင်တတ်ကြသည်။ ကလေးတွေကို ကျောင်းထားပေးနိုင်လျှင် ကောင်းမည်။ မိဘများ ကြည်ဖြူမှ စာလာသင်ခွင့်ရမည်ဆိုလျှင်လည်း ထိုကလေး၏ လုပ်ခဝင်ငွေကိုပေး၍ စာသင်ခိုင်းမည်။ အတွေးအဆုံး တွင် မိမိအိမ်ကိုလှည့်ကြည့်လျက် ပြုံးမိသွားသည်။ စိတ်ကူးနှယ် အတော်ကြီးပါလား။ လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့စကား မှန်လှ၏။ သို့သော် မိမိစိတ်ကူးမျိုး ပရဟိတ လုပ်သူများ တွေးမိပါစေ၊ ချမ်းသာသူများ တွေးမိပါစေ ဟု ဆုတောင်းလိုက်မိသည်။

ထိုမှတစ်ဖန် ခွေးများဆီသို့ အတွေးရောက်သွား သည်။ ကလေးတွေကိုကြည့်၍ အထုပ်အပိုးများကြောင့် မျက်စိရှုပ်နေသလား။ စုတ်ပြတ်နေ၍ သူခိုးထင်နေသလား။ အိမ်ရှင်ချစ်အောင် ဖားနေသလား။ အတွေးပေါင်းစုံဖြင့် အဖြေရှာနေမိသည်။ ၎င်းတို့၏အပြုအမူများကို ကြည့်၍ ဝေဖန်တွေးတောနေမိသည်။ အတွေးတို့ကို ထပ်မံနယ်ချဲ့ လိုက်သည်။ ခွေးများအကြောင်းတော့မဟုတ်ပါ။ လူသား တို့၏ လုပ်ရပ်များကိုတွေးမိပြန်သည်။ တချို့လူများသည် ကလေးများအပေါ်တွင်သာမက လူကြီးအချင်းချင်းပင် အပေါ်ယံပြင်ဆင်ခြယ်သမှုများကိုကြည့်ပြီး ပြောင်းလဲ ဆက်ဆံတတ်သည်။ အလှူတစ်ခုဆိုပါစို့ ဖိတ်ထားသည့် ဧည့်ပရိသတ်ထဲတွင်ပါဝင်တာခြင်းအတူတူ အဝတ် အစားတန်ဖိုးနှင့် ရွှေငွေအဆောင်အယောင်၊ လုပ်ငန်း ပိုင်ဆိုင်မှုများကိုကြည့်၍ ဧည့်ဝတ်ပျူငှာပြုတတ်ကြသည်။မျက်နှာပြောင်တိုက်တတ်သည့် ထိုသို့သောလူပုဂ္ဂိုလ်မျိုး ကိုဖြင့် အလှူပွဲတွင်သာမက နေရာအတော်များများ တွေ့ ခဲ့ဖူးသည်။ သြော် ဘယ်လိုစိတ်ဓာတ်မျိုးတွေပါလိမ့်။ ကြုံကြိုက်တိုင်း စိတ်ပျက်ရသည်။ ထိုဖြစ်စဉ်ကိုကြည့်ပြီး ထပ်တိုက်ကြည့်မိပြန်တော့လည်း တူသလိုလိုပါပဲလားဟု သုံးသပ်မိပြန်သည်။

လူနဲ့ခွေးအကြောင်း တစ်လှည့်စီတွေးနေမိသည်။ မိမိ ကိုယ်ကို အထင်ကြီးပြီး ဟောင်သောခွေး၊ သခင်ချစ်အောင် ကပ်ပါးရပ်ပါး ဟောင်သောခွေး၊ သခင်အားကိုးနှင့် ဟောင်သောခွေးကို ခွဲခြားမြင်မိသလို၊ မိမိကိုယ်ကို အဟုတ်မှတ်၍ အာဏာသုံးပြီး မိုက်ရိုင်းသူ၊ ငွေတံတားခင်းပြီး မိုက်ရိုင်းသူ၊ ငွေလိုချင်၍မိုက်ရဲသူများနှင့် အလုပ်ရှင် အပေါ်၊ အထက်လူကြီးအပေါ်၊ ချမ်းသာသူများအပေါ်၊ ရာထူးအာဏာရှိသူများအပေါ် ကပ်ဖားရပ်ဖားလိုလို အားကိုးသလိုလိုဖြင့် အငှားလူမိုက်လုပ်နေသူများကိုလည်း မြင်ယောင်လာသည်။ ရောင်းစားခံရသည့်ကလေးများ၊ အိမ်ဖော်လုပ်နေသည့်ကလေးများ၊ စားပွဲထိုးလုပ်နေသည့် ကလေးများ၊ ကလီစာယူပြီး အသတ်ခံခဲ့ရသည့် ကလေး များ၊ အရွယ်မရောက်ခင် မုဒိမ်းကျင့်ခံရသည့်ကလေးများ၊ တောင်းရမ်းနေရသည့်ကလေးများ၊ တောင်းရမ်းနေရ သည့် အဘိုးအဘွားများ၊ စွန့်ပစ်ခံရသည့် အဘိုးအဘွားများ၊ တောင်းရမ်းဖို့ခိုင်းစားခံရသည့် အဘိုးအဘွားများ များပေါင်းများစွာမြင်ယောင်လာသည်။ ထိုသို့ မြင်ယောင် လာခိုက် ထိုအဖြစ်ဆိုးမျိုးဖြင့် မကြုံဆုံကြပါစေနှင့် ကြုံဆုံခဲ့လျှင် ကြုံဆုံနေလျှင်လည်း ကူညီမည့်သူ၊ မှန်ကန် သော ဆုံးဖြတ်ဖြေရှင်းသူများဖြင့်သာ ဆုံကြပါစေဟု ဆုတောင်းမေတ္တာပို့သနေမိသည်။ ဆုတောင်းမေတ္တာ ပို့သပြီးနောက် ခွေးများကိုတစ်ချက်လှမ်းကြည့်ရင်း ''တိုက်ကြည့်တော့လည်း တူသလိုလိုပါပဲလားကွာ''ဟု နှုတ်မှရွတ်လိုက်မိသည်။

လှိုင်းလေပြေဦး

M.sc (Math,)

ကြေးမုံသတင်းစာ (၈.၁.၂၀၁၇)

Powered by Bullraider.com