မကျေနပ်ဘူး

https://image.freepik.com/free-photo/young-couple-smiling-together_1098-2017.jpg

ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်ဇာတ်လမ်းပါ။ ချစ်တိုင်းညားသွားခဲ့ကြသူတွေပေါ့။ သူတို့ မင်္ဂလာ အခမ်းအနား ဘုရားကျောင်းမှာ ကျင်းပတယ်။ အဖြူရောင်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ သူတို့ မင်္ဂလာပွဲကို သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေက ကောင်းချီးပေးကြတယ်။

“ဒီလင် ဒီမယား အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ” လို့ ဘုန်းတော်ကြီးကလည်း ဆုတောင်းပေး လိုက်တယ်။ တကယ့်ကို ပျော်စရာကောင်းတဲ့ လက်ထပ်ပွဲလေး။

တစ်လလောက်ကြာတော့ ကောင်မလေးက ကောင်လေးကိုပြောတယ်

“အချစ်ရေ … ဒီနေ့ပဲ မဂ္ဂဇင်းတစ်စောင်မှာ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ အိမ်ထောင်ရေးမှာ ပိုပြီးတော့ ခိုင်မြဲချင်ရင် တစ်ယောက်အပေါ် တစ်ယောက် မကျေနပ်တာတွေကို စာနဲ့ရေးပြီး ဖတ်ပြနိုင်ရမယ်တဲ့။ ကျွန်မ အပေါ်မှာ မောင် မကျေနပ်တာတွေများ ရှိနေသလား။ ချရေးပြပါလား”

“မရှိပါဘူးကွာ”

“မယုံဘူး။ လိမ်နေတာ။ ဒီနေ့တစ်နေ့လုံး မောင့်ကို စကားမပြောဘူး။ ကျွန်မ မကျေနပ်တာတွေကို ချရေးထား မယ်။ မောင်မကျေနပ်တာတွေလည်း ချရေးပြ။ မနက်ဖြန်ကျမှ ပြန်ဆုံမယ်”

ကောင်မလေးက တံခါးကိုပိတ်ပြီး နေလိုက်တယ်။ သူတို့ ဇနီးမောင်နှံ တစ်လအတွင်း ပထမဆုံး ခွဲဖူးခြင်းပဲ။

နောက်တစ်နေ့ မနက်စောစောမှာ ကောင်မလေးက အခန်းထဲက ထွက်လာတယ်။ ကောင်လေးက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတယ်။

ကောင်မလေးက စားပွဲမှာ ထိုင်လိုက်ပြီးတော့

“မောင် … ပြီးပြီလား … ဘယ်မှာလဲ … မကျေနပ်တာတွေ”

ကောင်လေးက စားပွဲမှာ ဝင်ထိုင်လိုက်ပြီး သူ့ရှေ့မှာ စာရွက်ခေါက်လေးတစ်ခေါက် ချပြလိုက်တယ်။ ကောင်မလေးကလည်း သူ့ရှေ့မှာ စာရွက်တွေ ချလိုက်တယ်။ စာရွက် သုံးရွက်တောင်ရှိတယ်။

“သုံးရွက်တောင်လား”

“ဟုတ်တယ် … သုံးရွက်တောင်”

“ဘယ်သူအရင်ဖတ်မလဲ”

“ကျွန်မ အရင်ဖတ်မယ်”

ကောင်လေးက နားထောင်လိုက်တယ်။ ကောင်မလေးက ပထမတစ်ရွက်က အသံကျယ်ကျယ်နဲ့ စဖတ်တယ်။ ဒုတိယအရွက်အကူးမှာ ကောင်လေးက မျက်ရည်တွေကျလာတယ်။

“မောင် ဘာဖြစ်လို့ ငိုနေတာလဲ”

“မင်း … မောင့်အပေါ်မှာ မကျေနပ်ချက်တွေ များလိုက်တာနော် … ဆက်ဖတ်ပါ”

ကောင်မလေးက ဆက်ဖတ်တယ်။ နောက်ဆုံးစာရွက်ကို ဖတ်ပြီးတော့

“ကဲ … ဘယ်မှာလဲ … မောင် မကျေနပ်တာတွေ ဖတ်ပြ”

ကောင်လေးက စာရွက်ခေါက်လေးကို ကောင်မလေးဆီ ထိုးပေးလိုက်တယ်။

“မင်းပဲ ဖတ်ကြည့်ပါတော့ကွာ”

ကောင်မလေးက စာရွက်ခေါက်လေးကိုဖွင့်လိုက်တယ်။ စာရွက်ပေါ်မှာ တစ်ကြောင်းပဲရေးထားတယ်။

“ကျွန်တော်၏ ချစ်ဇနီးတွင် အပြစ်ဟူ၍ ယနေ့အထိ တစ်ခုမျှ ရှာမရ။ အပြစ်ကင်းစင်သော ဇနီးလေးသို့ အချစ်များစွာဖြင့် … မောင်”

(My Perfect Wife)

၁၀.၁.၂၀၁၇

Powered by Bullraider.com