မှန်

http://data.whicdn.com/images/228686806/large.gif

တစ်နေ့တွင် အာဏာရှင်ကြီးတစ်ယောက်သည် ဘုန်းကြီးကျောင်းကိုရောက်လာသည်။ ဆရာတော်က တရား အားထုတ်နေသည်။ ဆရာတော်ကြီးသည် စစ်သားတွေ ကျောင်းဝင်းထဲဝင်သည်ကိုမကြိုက်၊ စစ်ဝတ်စုံနှင့် ကျောင်းဝင်းထဲလာသည်ကို မကြိုက်သောကြောင့် အာဏာရှင်ကြီးသည် ကျောင်းဝင်းထဲကို အရပ်ဝတ်ဖြင့် တစ်ဦးတည်း ဝင်လာခဲ့ခြင်းဖြစ်သည်။

ဆရာတော် တရားထိုင်ပြီးချိန်တွင် အာဏာရှင်ကြီးက ကျောင်းပေါ်တက်လာပြီး ဆရာတော်ကို ဖူးတွေ့ခွင့် တောင်းသည်။ ဆရာတော်က ခွင့်ပြုသဖြင့် သူက အခန်းထဲဝင်လာပြီး ဦးချသည်။

“ဒကာကြီး လိုရင်းပဲပြောပါ”

“တပည့်တော် စိတ်တွေရှုပ်ထွေးလွန်းလို့ အရှင်ဘုရားကို ဝင်ဖူးတာပါဘုရား”

“ဒကာ … ဒါစိတ်ရောဂါကုဆေးရုံမဟုတ်ပါ”

“ခွင့်လွှတ်တော်မူပါဘုရား”

ဆရာတော်က အာဏာရှင်ကြီးကို ပြတင်းပေါက်အား လက်ညှိုးထိုးပြလိုက်ပြီး

“ဒကာကြီး … အခန်းအပြင်ဘက်ကို မြင်ရရဲ့လား”

အာဏာရှင်ကြီးက ပိတ်ထားသော ပြတင်းပေါက် မှန်တံခါးကတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်သည်။

“မြင်ရပါတယ်ဘုရား”

“မှန်တံခါးတွေက ဖြတ်ပြီးတော့ ဘာတွေမြင်သလဲ”

“လူတွေ သွားလာ လှုပ်ရှားနေကြပါတယ်ဘုရား”

“ဒကာကြီး ဘုန်းကြီးနဲ့ လိုက်ခဲ့”

ဆရာတော်က အာဏာရှင်ကြီးကို မှန်ကြီးတစ်ချပ်ရှေ့ခေါ်သွားသည်။

“ဒကာကြီး ကြည့်လိုက်ဦး”

အာဏာရှင်ကြီးက မှန်ထဲကို ကြည့်လိုက်သည်။

“ဘာတွေ့သလဲ”

“တပည့်တော်ကိုပဲ ပြန်တွေ့ပါတယ်ဘုရား”

“ခုနကကြည့်တဲ့ မှန်နဲ့၊ ယခုတကာကြီးကြည့်နေတဲ့ မှန်က အတူတူပဲ တည်ဆောက်ထားရတာ။ မှန်ချင်း အတူတူ ပြတင်းပေါက်မှန်က အပြင်ကို လှမ်းမြင်ရပြီး၊ ကြည့်မှန်က ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မြင်နေရတာ ဘာကြောင့်လို့ ထင်သလဲ ဒကာကြီး”

“ပြဒါးသုတ်ထားလို့ပါဘုရား”

“ဟုတ်တယ် … ဒကာကြီး အားလုံးကို ထိုးဖောက်မြင်ချင်ရင် ပြဒါးသုတ်မထားနဲ့။ ပြဒါးသုတ်ထားလိုက်တော့ ငါမှ ငါဆိုတာပဲ မြင်ရလိမ့်မယ်။ ပြတင်းတံခါးလို အားလုံးကို ထိုးဖောက်မြင်ချင်ရင် ပကတိအတိုင်း ကြည့်နိုင် အောင်ကြိုးစား။ ပကတိအတိုင်းကြည့်တတ်ရင် အားလုံးဟာ ကြည်လင်ပြီးတော့ ချစ်စရာကောင်းတဲ့ အသွင် အတိုင်းမြင်ရတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်မနေနဲ့ဒကာ”

“မှန်လှပါဘုရား … တန်ဖိုးရှိလှပါတယ်”

“အေး … ပြန်တော့။ ငါ့မှာ ကိစ္စတွေရှိသေးတယ်”

(ခင်မင်ရသော မိတ်ဆွေတစ်ဦး၏ ပြန်လည်ပြောပြချက်တစ်ခုကို အခြေခံပြီး ပြန်ရေးပါသည်)

၁၁.၁.၂၀၁၇

Powered by Bullraider.com