မည်သို့ပင်ဆိုစေကာမူ အလုပ်လုပ်ကြပါ

http://az616578.vo.msecnd.net/files/2016/03/06/635928875179945789-181943001_615%20women%20men%20work%20shutterstock%20nmedia%20.jpg

ရွာလိုက်တဲ့မိုးက အဆက်မပြတ်။ ဒီတစ်ခါရွာတာက လေမပါ။ မိုးရေသီးသန့်ဖြစ်တော့ ရေစီးရေလာ မကောင်းတဲ့ ရပ်ကွက်အတွင်း ရေတွေလျှံကုန်ပြီ။ နဂိုက အထပ်နိမ့်ဆောက်ထားသောအိမ်များ ပစ္စည်းများ ရေလွတ်ရာ သယ်နေကြသလို ကျွန်တော့်ဆိုင်လေးလည်း အနည်းငယ်မြင့်အောင် ဆောက်ထားပေမယ့် ရေက ကြမ်းပြင်နဲ့ထိလုနီးပါး ဖြစ်နေပြီ။ ဆိုင်ရှေ့မှာလည်း ရေတွေ အိုင်နေပြီ။ ဈေးဝယ် ဝင်ထွက်ရတာ အဆင်မပြေတော့။

ဒါကြောင့် မိုးရွာထဲ ဆိုင်မှာ ဇိမ်နဲ့မနေနိုင်တော့ ဘူး။ ခေါင်းလေးဆောင်းပြီး ဆိုင်ရှေ့ လူဝင်လူထွက် ကောင်းအောင်လုပ်ရတော့တယ်။ မိုးရွာထဲ အုတ်နီခဲတွေ ထုခင်းရတယ်။ ကိုယ်တိုင်မလုပ်လို့ကလည်း မရပြန်ဘူး။ ကိုယ်မလုပ်ရင် ညီလေးတွေက လုပ်ရတာစိတ်ပါမှာ မဟုတ်ဘူးလေ။ အကြီးအကဲဆိုတာ တချို့အရာတွေမှာ ခိုင်းနေရုံနဲ့မပြီးသေးဘူး။ ကိုယ်တိုင်လည်း တက်တက်ကြွကြွလုပ်မှ ငယ်သားတွေက ကိုယ့်နောက်က အလုပ်ကိုလေးလေးစားစား လုပ်ကြမှာလေ။ ဒါကြောင့် ဖုန်းပြင်ဖုန်းရောင်းတဲ့ လက်ကလေးတွေ မိုးရွာထဲမှာ ခဲကျောက်တွေ ထုစီရင်း သိကြားမင်း ဦးမာဃလုပ်နေရတယ်။

ဒီမြင်ကွင်းကို ဆိုင်ကိုလာနေကျ ရင်းနှီးတဲ့ ဈေးဝယ် တွေကမြင်တော့ ဘောစိကိုယ်တိုင်ချနေတာလား။ တော်ကြာ နောက်လူကောင်းစားနေဦးမယ်လို့ စကြတယ်။ သူတို့ ပြောတဲ့ နောက်လူဆိုတာ လူပျိုကြီးဖြစ်တဲ့ ကျွန်တော့်အတွက် ဘယ်သူလဲဆိုတာကိုမသိပေမယ့် စဉ်းစားစရာ လေးတွေ ဖြစ်ခဲ့တယ်။ အဲလိုပြောကြတဲ့ သူတွေအကြောင်း ကြည့်လိုက်တော့ အလုပ်ကို လက်ကြောတင်းအောင် လုပ်ကြသူတွေ မဟုတ်ကြဘူး။ မိုးရွာရင်လည်း နားကြသလို နေပူရင်လည်း အလုပ်မလုပ်ကြဘူး။ တကယ်တော့ အလုပ်ဆိုတာ အမြဲလုပ်နေရမှာပါ။

မိုးရွာနေပူရှောင်နေရမှာ မဟုတ်ပါဘူး။ နေတွေ မိုးတွေက သူတို့အလုပ်သူတို့လုပ်သလို ကိုယ်ကလည်း ကိုယ့်အလုပ်ကို လုပ်နေရမှာပါပဲ။ ဒီနေရာမှာ လူပျင်းတွေရဲ့ ဆင်ခြေတွေကို သတိရမိပါတယ်။ လူပျင်းတွေက စောလွန်းရင်လည်း စောတယ်။ မိုးချုပ်ရင်လည်း မိုးချုပ်ပြီ ဆိုပြီး လုပ်ရမယ့်အလုပ်တွေကို နေ့ရွှေ့ညရွှေ့လုပ်နေလို့ ခဏသာရလာတဲ့ လူ့ဘဝလေးမှာ ဘာမှ ဖြစ်ဖြစ်မြောက် မြောက်မလုပ်ဖြစ်ကြပဲ အောင်မြင်တဲ့ဘဝ မပိုင်ဆိုင်နိုင် ကြတော့ပါဘူး။

အလုပ်လုပ်တာနဲ့ပတ်သက်ပြီး ဆရာတော်တွေ ဆုံးမကြတဲ့စကားလေးကို ပြန်ပြောပြချင်ပါတယ်။ လောကီအလုပ်ကိုလုပ်ရင် ဘယ်တော့မှမသေသူလို့ စိတ်ထဲတွေးပြီး လုပ်ရမယ်တဲ့။ မဟုတ်ရင် လူဆိုတာ သေမျိုး စေ့တွေပဲ။ လူ့ဘဝက တိုတိုလေးရယ်။ အချိန်တန်ရင် သေမှာပဲ။ သင့်သလောက် စီးပွားရေးလေးရှိရင် တော်ပါပြီဆိုပြီး နှလုံးသွင်းတွေးမိတတ်တယ်။ လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ရဲ့အရည်အချင်းအကုန်မထုတ်ဘဲ ရသမျှလေးနဲ့ မရောင့်ရဲသင့်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သစ္စာမရှိတာပါ။ လုပ်ရမယ့်အလုပ်လည်း ဖြစ်တယ်။ လုပ်ရင် ဖြစ်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့အစွမ်းအစ အကုန်စိုက်ထုတ်ပြီး လုပ်သင့်ပါတယ်။ အပျင်းစိတ်ကိုအခြေခံပြီး ရောင့်ရဲခြင်းကို ခေါင်းစဉ်တပ်ပြီး အစွမ်းအစ အကုန်မထုတ်ဘဲ မလုပ်သင့်ပါ။

ကျွန်တော်ဆိုအလုပ်တွေ မျိုးစုံလုပ်တာတွေ့တော့ ရပ်ကွက်ထဲလူအချို့က ''မင်းကွာ ပူရမယ့်သူရှိတာလည်း မဟုတ်ဘဲနဲ့။ အလုပ်တွေ အဲဒီလောက်လုပ်မနေပါနဲ့။ လူဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ သေရတတ်တယ်''လို့ ပြောကြတယ်။ ပြောတဲ့သူတွေ ကို ကြည့်လိုက်တော့ အလုပ်ကို လက်ကြောတင်းအောင် မလုပ်သူများ ဖြစ်နေတယ်။ ဒါကြောင့် ကျုပ်လည်း စိတ် ပေါက်ပေါက်နဲ့ ခင်ဗျားလောင်းမလား။ ကျုပ်မသေသေးဘူး။ ခင်ဗျားပြောသလို လက်တစ်ခါကွေးရုံတင်မဟုတ် ဘူး။ အခါတစ်ရာကွေးဆန့် လုပ်ပြမယ်။ လောင်းမလားလို့ အရွဲ့တိုက်ပြောလိုက်တယ်။ ကျွန်တော်က ဗုဒ္ဓဘာသာ ဝင်ပါ။ အချိန်တန်ရင် ပျက်စီးတတ်တဲ့သဘောရှိတဲ့ သေခြင်းတရားကို လက်ခံပါတယ်။ အခုလိုပြောလိုက်တာလည်း တမင်အမြင်ကတ်လို့ပြောလိုက်တာပါ။ အလုပ်ကျ လက်ကြောတင်းအောင်မလုပ်ချင်ဘဲ တဆိတ်ရှိ သေခြင်း တရားပဲလွှဲချနေလို့ စိတ်ချဉ်ပေါက်လို့ ပြောလိုက်မိတာပါ။

ဒါကြောင့် အလုပ်လုပ်တဲ့အခါ ဘယ်တော့မှမသေ သူလိုစဉ်းစားပြီး စီးပွားရှာရမယ်လို့ အဆိုရှိခဲ့တာ ဖြစ်ပါလိမ့်မယ်။

လူ့ဘဝဆိုတာ တိုတိုလေးပါ။ ကျွန်တော်အပါအဝင် အားလုံးဟာ တစ်နေ့မှာ သေဆုံးကြရမှာပါပဲ။ ဒါပေမယ့် မသေခင်မှာ လုပ်သင့်လုပ်ထိုက်တာလေးတွေတော့ လုပ်ကြ ရမှာပါပဲ။ နောက်ဘဝအတွက် တရားဘာဝနာအလုပ် တွေကိုလည်း လုပ်ရမှာဖြစ်သလို ငယ်စဉ်ကတည်းက ကိုယ့်အပေါ်ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘတွေရဲ့ ကျေးဇူးတွေကိုလည်း ဆပ်ကြရပါမယ်။ မိဘတွေဆိုတာ သူတို့အရွယ်ရှိစဉ်တုန်းက ကိုယ့်အပေါ် အကောင်းမွန်ဆုံး ကျွေးမွေးစောင့်ရှောက်ခဲ့ပြီးပြီ။ ခုချိန်သူတို့ အိုမင်းလာတဲ့ အခါ အေးအေးချမ်းချမ်း တရားဘဝနာအလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ ကိုယ့်ဘက်က တစ်ဖန်စောင့်ရှောက်ရပါမယ်။

သူတို့လှူဒါန်းလိုတာ လှူဒါန်းနိုင်အောင် ငွေကြေးများ တစ်ဖန်ပြန်ပြီး ပေးရပါမယ်။ ဒီလိုပေးနိုင်ဖို့ ကိုယ့်ဘက်က အဆင်ပြေတဲ့ ငွေကြေးရှာထားမှ ဖြစ်မှာပါ။ မိဘတွေရဲ့ ကြွေးဟောင်းကို ကျေပွန်စွာဆပ်ရင်း ကိုယ့်သားသမီးတွေ ရဲ့ ပညာရေး၊ ကျန်းမာရေးတွေ အဆင်ပြေပြေထားနိုင်အောင် ကြွေးသစ်လည်း အခက်အခဲမရှိချနိုင်မှာပါ။

ကျွန်တော်ဆို အလုပ်မလုပ်ခင်အချိန်က အစ်မက မွေးတဲ့ တူမလေးနဲ့ ရှောပင်းမောတွေ အတူသွားတဲ့အခါ သူက ကလေးသဘာဝ လိုချင်တာရှိတာပူဆာရင် ကိုယ့် မှာရှိတဲ့ ငွေကြေးနဲ့ မလုံလောက်တဲ့အခါ ပြောမပြတတ် အောင် စိတ်ဆင်းရဲရပါတယ်။ ဒါဟာ ကျွန်တော့်မှာ ပိုက်ဆံ မရှိလို့သာ စိတ်ဆင်းရဲရတာပါ။ ကိုယ်မွေးထားတဲ့ သားသမီး မဟုတ်ဘဲနဲ့တောင် ဒီလောက်စိတ်ဆင်းရဲနေရတာ။ ကိုယ့်သားသမီးဆို စိတ်ဆင်းရဲမှုပိုမှာပဲဆိုတဲ့အသိ အလုပ်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုဖြစ်လာစေခဲ့တယ်။

ဒီနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ခံစားနေရတဲ့သူတွေအတွက် လိုအပ်တဲ့အရာတွေ ထောက်ပံ့နိုင်ဖို့ ကိုယ့်မှာ ငွေကြေးရှိမှအဆင်ပြေမှာ။ ဒါကြောင့် အလုပ်တွေ အများကြီးလုပ်တာ၊ သေရင်ကိုယ့်နောက်ပါတာ မဟုတ်ဘူးဆိုတာ ရလာတဲ့ငွေကြေးတွေ ကို မှန်ကန်စွာမသုံးတတ်သူတွေအနေနဲ့ဆိုရင် မှန်ပါ လိမ့်မယ်။ သေခြင်းကိုခေါင်းစဉ်တပ်ပြီး အပျင်းထူနေသူ တွေအတွက်ဆိုရင် မှန်နေပါလိမ့်မယ်။

ဒါကြောင့် အလုပ်လုပ်ကြပါ။ ကိုယ့်မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေ အကုန်ထွက်တဲ့အထိ အလုပ်လုပ်ကြပါ။ အလုပ်လုပ်ခြင်းကြောင့် စိတ်လေခြင်းကင်းဝေးရုံ မက အောင်မြင်မှုအသီးအပွင့်များကိုခံစားပြီး လောကကို အကောင်းမွန်ဆုံး အကျိုးပြုနိုင်သူများ ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အလုပ်လုပ်ကြပါ။

ကြေးမုံသတင်းစာ (၂၉.၁.၂၀၁၇)

Powered by Bullraider.com