သားဖေဖေ

https://s-media-cache-ak0.pinimg.com/736x/57/03/6d/57036de821e2c57ec7cb09263620292f.jpg

အသက် ၁၀ နှစ်အရွယ် သားငယ်၏ အခန်းထဲသို့ ဖခင်ဖြစ်သူဝင်လာသည်။ သားကို နှုတ်ဆက် အနမ်းလေး ပေးရန် ဖြစ်သည်။ သူက အမြဲ အလုပ်နောက်ကျတတ်သောကြောင့် ပြန်လာတိုင်း သားက အိပ်ပျော်နေ တတ်သည်။

သားအခန်းထဲအရောက်တွင် သူ့သားငယ်လေးသည် အိပ်မက်ဆိုးများမက်ပြီး ယောင်အော်နေသည်။ သူက သားကို နှိုးလိုက်ပြီး

“သား … သား … ဘာဖြစ်လို့လဲသားလေး”

“ဖေဖေ … ဖေဖေ … အန်တီသေသွားတယ်လို့ သားအိပ်မက်တွေ မက်နေလို့”

“သားရယ် သားအန်တီ နေကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး”

နောက်တစ်နေ့ နံနက်စောစောတွင် သူ၏ခယ်မ၊ သားငယ်၏ ချစ်လှစွာသော အဒေါ်ဖြစ်သူသည် ရုတ်တရက် ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရလိုက်သည်။

မကြာမီ ဖခင်သည် အလုပ်ကအပြန်နောက်ကျသောကြောင့် သားငယ်အခန်းထဲဝင်ပြီး နှုတ်ဆက်အနမ်း ပေးပြန်သည်။ သားငယ်က ဝူးဝူးဝါးဝါးထအော်သည်။

“သားရေ … သား … ဘာဖြစ်လို့လဲကွာ … ဖေဖေလေ … ဖေဖေပါကွ”

“ဖေဖေလား … သားအိပ်မက်တွေ မက်နေတယ်ဖေဖေ အိပ်မက်ထဲမှာ ဘိုးဘိုးသေသွားလို့တဲ့” ဟုပြောကာ ငိုလေသည်။

“သားကလည်း ဘိုးဘိုးက အကောင်းကြီးပါ။ အပြင်မှာ စာဖတ်နေတယ်”

နောက်တစ်နေ့ နေ့လယ်ခင်းလောက်တွင် ဘိုးဘိုးသည် တစ်ရေးအိပ်နေရာက ပြန်မနိုးတော့ပေ။ မနိုးသော အိပ်စက်ခြင်းဖြင့် အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။

တစ်ပတ်ခန့်အကြာတွင် ဖခင်ဖြစ်သူသည် နောက်ကျမှ ပြန်လာသဖြင့် သားကို ဝင်ပြီး မွှေးမွှေးပေးပြန်သည်။ သားငယ်က ယောင်ပြီးအော်ကာ ငိုပြန်သည်။

“သားရေ … သတိထားလေ … ဖေဖေပါကွ။ ဘာဖြစ်လို့လဲသား”

“ဖေဖေ … ဖေဖေရယ် … ဖေဖေသေသွားပြီလို့ သားအိပ်မက်ဆိုးတွေ မက်နေလို့”

“သားရယ် ဖေဖေ တစ်ယောက်လုံး ဒီမှာလေ”

သားငယ်ကို မနည်းပြန်ချော့ပြီး သိပ်လိုက်ရသည်။ သို့သော် ထိုနေ့ည တစ်ညလုံး သူအိပ်မပျော်။ သားငယ်၏ အိပ်မက်ဆိုးများ အားလုံးသည် နောက်တစ်နေ့တွင် မှန်နေတတ်သည်။

သူသည် ရုံးကိုလည်း မသွားရဲ။ ကားတိုက်ပြီး သေနိုင်သည်။ ထို့ကြောင့် ဖုန်းဖြင့် ခွင့်လှမ်းယူလိုက်သည်။ အိမ်ထဲတွင် ငုတ်တုတ်ထိုင်နေသည်။ မသွားရဲ မလာရဲ။ အပြင်ပင် မထွက်ရဲလောက်အောင် ဖြစ်နေသည်။

“ဒီနေ့တစ်နေ့တည်းပါ။ တစ်နေ့လောက် သည်းခံပြီး အိမ်ထဲမှာ နေလိုက်ရင် အဖြစ်ဆိုးက လွတ်မြောက် သွားလိမ့်မယ်ထင်တယ်” ဟုတစ်ယောက်တည်း ထိုင်ပြောနေမိသည်။

ထိုစဉ် တံခါးဖွင့်သံကြားလိုက်ရသဖြင့် သူလန့်သွားသည်။ သူ၏ ဇနီးဖြစ်သူ ဝင်လာခြင်းဖြစ်သည်။

“မောင် … ရုံးမသွားဘူးလား”

“အေး … ငါဒီနေ့ နေမကောင်းလို့”

“မောင် သတင်းကြားပြီးပြီလား”

“ဘာလဲကွ”

“မောင့်အချစ်ဆုံး သူငယ်ချင်းလေ စောစောလေးကပဲ ဆုံးသွားပြီ။ စိတ်မကောင်းလိုက်တာ မောင်ရယ်။ ခုပဲ ဖုန်းရတယ်။ မနေ့ကပဲ အိမ်လာသွားသေးတယ်။ မောင်နဲ့ မတွေ့လိုက်ဘူး။ ဝမ်းနည်းလိုက်တာမောင်ရယ်”

ဘာလိုလိုနှင့် မိုးကြီးချုပ်သွားသည်။ ဘာပြောပြော သူယခုအထိ အသက်ရှင်နေသေးသည်။ သူက ဝမ်းသာ အားရဖြင့် ကျောင်းကပြန်လာသောသားကို ပွေ့ဖက်ပြီး နှုတ်ဆက်လိုက်သည်။

“သားရေ … သားအိပ်မက်ဆိုးတွေ မမှန်တော့ဘူးကွ” ဟုပြောလိုက်သည်။

(My Daddy)

၂.၂.၂၀၁၇

Powered by Bullraider.com