ပူဇော်ခြင်း

https://s-media-cache-ak0.pinimg.com/736x/b9/c2/07/b9c20735751d748e2c90aaa958a865c1.jpg

(၃၈) ဖြာမင်္ဂလာတရားတော်တွင် ပူဇော်ထိုက်သူကိုပူဇော်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြတ်စွာဘုရားဟောကြား တော်မူခဲ့သည်။

မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးနှင့် မိဘ၊ ဆရာသမားတို့ကို အလေးအမြတ်ထား၍ ရှိခိုးပူဇော်ကြသည်။ ထိုမျှမကသေး။ သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် မိမိတို့အပေါ် ကျေးဇူးရှိခဲ့ဖူးသော ပုဂ္ဂိုလ်များကိုလည်း ရှိခိုးကန်တော့ကြလေ့ရှိပါသည်။

ဤတွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက

(၁) အာမိသပူဇာ - ဝတ္ထုပစ္စည်းတို့ဖြင့် ပူဇော်ခြင်း

(၂) ဓမ္မပူဇာ - ကိုယ်ကျင့်သီလဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်းနှစ်မျိုးကို ဟောကြားတော်မူခဲ့ပါသည်။ မွှေးနံ့သာ ပန်းပေါင်းစုံ တို့ဖြင့် မည်မျှပင်ပူဇော်စေကာမူ ငါဘုရားကို ပူဇော်ခြင်း မမည်။ ငါဘုရား ဟောကြားတော်မူခဲ့သော တရားဓမ္မတို့ကို လက်တွေ့လိုက်နာကျင့်သုံးခြင်း သည်သာလျှင် ငါဘုရားကို ပူဇော်သည်မည်၏ဟုလည်း မိန့်ကြားတော်မူခဲ့ လေသည်။

ကျွန်မတို့ရွာမှ ဆရာကြီးတစ်ယောက်သည် အရေပြားကင်ဆာဖြစ်ပွားသည်။ ဆေးကုသမှုခံယူရန် မြို့သို့မသွားခင် တပည့်များက တတ်နိုင်သမျှ ဆေးကုသစရိတ်များဖြင့် ကန်တော့ကြသည်။ ဆရာကြီးက ''ဆရာ့ကို တကယ် ကျေးဇူးဆပ်ချင်တယ်ဆိုရင် ပညာတတ်အောင်သင်ကြပါ။ မိမိတို့တတ်မြောက် ထားသော ပညာများဖြင့် မသိနားမလည်သော တောသူတောင်သားများကို ကူညီပါ။ မဖွံ့ဖြိုးသေးတဲ့ ရပ်ရွာကို ဖွံ့ဖြိုးအောင်ကြိုးစားကြပါ။ အဲဒါက ဆရာ့ ကို ကျေးဇူးဆပ်တာပါ''ဟု ဆုံးမခဲ့ပါသည်။ ဆရာကြီးကွယ်လွန်သွားသည်မှာ ကြာပါပြီ။ ယခုအခါ ဆရာကြီးကိုကျေးဇူးဆပ်ချင်လျှင် ပစ္စည်းဝတ္ထုများဖြင့် ပူဇော်ကန်တော့၍ မရတော့ပေ။ ဆရာကြီး၏ဆန္ဒအတိုင်း ကြိုးစားခြင်းဖြင့်သာ ပူဇော်နိုင်ပေတော့မည်။

ထို့ကြောင့် ဤပူဇော်ခြင်းမျိုးသည် သက်ရှိထင်ရှားရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ပူဇော်နိုင်သော ပူဇော်ခြင်းမျိုးဖြစ်လေသည်။ ယခု ဖေဖော်ဝါရီလတွင် ပညာသင်နှစ်ကုန်ဆုံးတော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများက ဆရာဆရာမများအား ပစ္စည်းဝတ္ထုများဖြင့် ကန်တော့နေကြသည်ကို မြင်တွေ့ ရသည်မှာ အားရဝမ်းသာ မုဒိတာပွားရပါသည်။ ထိုသို့ အာမိသပူဇာသာမက ဓမ္မပူဇာနှင့်ပါ ပူဇော်ကြပါလျှင် ပို၍မင်္ဂလာရှိသောပူဇော်ကန်တော့ခြင်း ဖြစ်ပါ လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုကန်တော့ပစ္စည်းမှာ မုန့်ဖြစ်လျှင် ရက်ပိုင်း မျှသာ ခံပေလိမ့်မည်၊ အဝတ်အစားဖြစ်လျှင်လည်း မည်မျှကောင်းမွန်ပါစေ လပိုင်းမျှသာခံပေလိမ့်မည်။ ထိုဆရာ ဆရာမတို့သင်ကြားပေးသော ပညာကို ကြိုးစား၍ သင်ယူခြင်း၊ စည်းကမ်းတကျနေထိုင်ခြင်း၊ အောင်မြင်အောင် ထူးချွန်အောင်ကြိုးစားခြင်း၊ ကျောင်းပြင်ပ ရောက်လျှင်လည်း ပြည့်စုံကောင်းမွန် သောဘဝကို ရရန်ကြိုးစားခြင်း၊ ပတ်ဝန်းကျင်ကို တတ်စွမ်းသမျှကောင်းကျိုးပြု ခြင်း၊ မိမိတို့ကြောင့် ကျေးဇူးရှင်များ ကိုယ်စိတ်ဆင်းရဲခြင်းမဖြစ်ရလေအောင်၊ ပူပင်သောကမဖြစ်ရလေအောင် ကြိုးစားခြင်း စသည့် ကိုယ်ကျင့်တရားတို့က သာလျှင် ဗုဒ္ဓအလိုတော်ကျ ပူဇော်ခြင်းဖြစ်ပေလိမ့်မည်။

မိဘနှင့် အခြားသော ကျေးဇူးရှင်များကို ကျေးဇူးဆပ်ချင်လျှင်လည်း ထို့အတူပင်ဖြစ်လေသည်။ ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ကိုယ်ကျင့်တရားဖြင့်ပူဇော်ခြင်းကသာလျှင် မိမိဘဝတစ်လျှောက်လုံး ရာသက်ပန်ပူဇော်သွားနိုင်သော ပူဇော်ခြင်း၊ အမှန်အကန်ကျေးဇူးဆပ်ခြင်းပင် ဖြစ်ပေတော့သည်။

ကြေးမုံသတင်းစာ (၂၆.၂.၂၀၁၇)

Powered by Bullraider.com