နောက်ဆုံးမေးခွန်း

http://theranger.org/wp-content/uploads/2017/02/janitor_5554_tb_na_02012017-copy.jpg

ကောလိပ် ပထမနှစ် နောက်ဆုံးစာမေးပွဲဖြေဆိုရမည့်နေ့ဖြစ်သည်။ ပါမောက္ခကြီးက ကျောင်းသား ကျောင်းသူ များကို မေးခွန်းစာရွက်များ လိုက်ဝေသည်။

“မေးခွန်းတွေက လွယ်ပါတယ်ကွာ။ မင်းတို့ ချက်ချင်း ဖြေဆိုနိုင်မှာ ကျိန်းသေပါတယ်”

ကျောင်းသားများအတွက် မေးခွန်း ၅၀ ပေးထားသည်။ ကွက်လပ်ကလေးတွေ ဖြည့်သွားရုံသာဖြစ်သည်။ သို့သော် ကျောင်းသားအားလုံး နောက်ဆုံး နံပါတ် ၅၀ အရောက်တွင် ခေါင်းကုတ်ကုန်ကြသည်။

ကျောင်းသားများထဲတွင် အလွန်တော်သည့် ကျောင်းသားတစ်ဦးက ပါမောက္ခကြီးကို မတ်တပ်ရပ်ပြီး မေးလိုက်သည်။

“ဆရာကြီး ခင်ဗျား နောက်ဆုံး မေးခွန်းက တကယ်ဖြေမှ ဖြစ်မှာလား”

“မေးခွန်းအားလုံး ဖြေဆိုပါလို့ ပါတယ်လေ”

“အဲဒီမေးခွန်း နည်းနည်းများ လွဲနေသလားလို့ပါ”

“ဘာမေးထားလို့လဲ ဖတ်ပြစမ်းပါဦး”

“ဤအခန်းထဲသို့ နေ့စဉ် သန့်ရှင်းရေးလာလုပ်နေသည့် အမျိုးသမီးကြီး၏အမည် လို့မေးထားပါတယ်”

“အေးလေ ဖြေလိုက်ကြပေါ့”

“မဖြေနိုင်ရင် အမှတ်မရဘူးပေါ့”

“မပေးဘူး”

ကျောင်းသား ကျောင်းသားအားလုံး မေးခွန်း ၄၉ ခုကို ကောင်းစွာဖြေနိုင်ကြသည်။ သို့သော် နောက်ဆုံး မေးခွန်းက သူတို့အတွက် ပြဿနာဖြစ်နေသည်။ သူတို့အားလုံး ကျောင်းခန်းထဲကို နေ့စဉ်လာပြီး သန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီးကြီးကို မြင်ဖူးကြသည်။ သို့သော် မည်သူမှ သူ့နာမည်ကို မသိကြပေ။

အချိန်ပြည့်သွားပြီဖြစ်သောကြောင့် အဖြေစာရွက်များကို ကျောင်းသားများက လာအပ်ကြသည်။ နောက်ဆုံးမှ ပါမောက္ခကြီးက

“နောက်ဆုံး မေးခွန်းနံပါတ် ၅၀ ဖြေနိုင်ကြရဲ့လား”

“မဖြေနိုင်ဘူး ဆရာကြီး”

“အေးကွ မင်းတို့ဘဝမှာ လူပေါင်းများစွာနဲ့ ရင်ဆိုင်တွေ့ကြုံရလိမ့်မယ်။ တွေ့သမျှလူတွေအားလုံးဟာ သူ့နေရာ နဲ့သူ၊ သူ့ကဏ္ဍနဲ့သူ အရေးပါကြတဲ့ သူတွေချည်းပဲကွ။ သန့်ရှင်းရေးကနေ ပါမောက္ခချုပ်အထိ ကိုယ့်အလုပ် ကိုယ်လုပ်မှ ဟောဒီ လောကကြီးတစ်ခုလုံး လည်ပတ်ရှင်သန်နေလို့ရတယ်။ ဆရာတွေက ကျောင်းကိုမလာ၊ တပည့်တွေကလည်း ကျောင်းမတက်၊ သန့်ရှင်းရေးက ပုံမှန်မလုပ်၊ ပါမောက္ခချုပ်ကအစ ကျောင်းလစ်နေရင် ကွက်လပ်တွေဖြစ်သွားတော့မှာပေါ့”

ပါမောက္ခကြီးက နားလိုက်ပြီးဆက်ပြောသည်။

“လူတိုင်းကို လေးစားစွာ ဆက်ဆံရမယ်။ အဆင့်အတန်းမရွေး၊ ရာထူးမရွေး၊ နေရာမရွေး သူ့အလုပ်သူလုပ် နေတာ သူတို့ကို မေ့ထားလို့မရဘူး။ ခုပဲကြည့်လေ မင်းတို့မထင်မှတ်လို့ မေ့လိုက်တဲ့အချက်က မင်းတို့ကို အငိုက်မိသွားစေတော့တာပဲ။ လောကမှာ အားလုံးသိထားသင့်တာတွေချည်းပဲမှတ်ထားကြတပည့်တို့”

“မေးခွန်းလေး တစ်ခု၊ အမှတ်လေး တစ်မှတ်ဟာ မင်းတို့ဘဝတွေမှာ အရေးအကြီးဆုံးဖြစ်လာမယ့် တစ်ချိန်ချိန် ဖြစ်ကောင်းဖြစ်လာမှာပါ”

Powered by Bullraider.com