အရောင်ဆိုးခံရသော မြန်မာ့စိတ်ရင်းများ

http://www.theyoungmommylife.com/wp-content/uploads/2014/06/car-road.png

ဆွဲခြင်းခပ်အိုအိုကိုဆွဲထားသည့် အဘွားအိုတစ်ဦးကလက်ပြ၍ တားသောအခါ ကျွန်တော်မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်ပေးလိုက်သည်။ အဘွားအိုက သာဓုသုံး ကြိမ်ခေါ်၍ ဆုတွေတစ်သီကြီးခြွေတော့သည်။ နောက်ထပ်ခုနစ်မိုင်မျှဝေးသော မြို့လေးသို့ သွားမည့်အကြောင်းလည်း ပြောပြသဖြင့် အဘွားအို၏ဆွဲခြင်းကို ကျွန်တော့်ရှေ့တွင်ယူ ချထားလိုက်သည်။ အဘွားအိုကိုနောက်တွင် ထိုင်စေပြီးဆိုင်ကယ်ကို ခပ်ဖြည်းဖြည်းသာ မောင်းနှင်ခဲ့သည်။

အဘွား၏အသက်မှာ (၇ဝ)ကျော်ပြီဖြစ်ကြောင်း သူ့ပြောစကားအရ သိလိုက်ရသည်။ မြို့နှင့်ကိုးမိုင်မျှဝေးသော လမ်းဘေးကျူးကျော် အိမ်ကလေးတွင် မြေးသုံးဦးနှင့်နေထိုင်သည်။ သားနှင့်ချွေးမတို့မှာ မြို့လေးထဲတွင် ကွမ်းယာဆိုင်တစ်ဖက်နှင့် ကျပန်းအလုပ်လုပ် ကိုင်နေကြ၍အဘွားဆီပုံမှန်မလာဖြစ်ကြ။အဘွားခမျာ ဝက်နှစ်ကောင်မြေးသုံးယောက် ကိုထိန်းကျောင်းပြုစုရင်း ကျူးကျော်အိမ်ရာ လေးတွင် နေနေရာမှ ရိက္ခာပြတ်လပ်၍ သားနှင့်ချွေးမထံ ရိက္ခာသွားယူခြင်းဖြစ်သည်။သူ့တဲအိမ်ဘေးတွင် ဆိုင်ကယ်များ၊ကားများ တဝီဝီဖြတ်သန်းသွားကြသော်လည်း အဘွား ကတားသောအခါ တစ်စီးမျှရပ်မပေးကြ။ တစ်ဦးတည်းမောင်းလာသောဆိုင်ကယ်များစွာကပင် ရပ်မပေးသည့်အခါ မျှော်လင့်ချက်မဲ့ စွာဖြင့် နှစ်မိုင်ခန့်ပင်လမ်းလျှောက်လာခဲ့ရသည်ဟု သိလိုက်ရသည်။ အဘွားက''ငါ့သား ရယ်...မင်းဆိုင်ကယ်ကိုတားသာတားရတာ ရပ်ပေးမယ်လို့ မမျှော်လင့်ရဲပါဘူး...တို့ မြန်မာတွေလည်း ကူညီရိုင်းပင်းတတ်တဲ့ မြန်မာစိတ်ပျောက်နေပါပြီကွယ်''ဟု ခပ် ညည်းညည်းပြောလိုက်ပါသေးသည်။ အဘွား ကို မြို့လေးထဲရှိ သူ့သားထံသို့အရောက် လိုက်ပို့ပေးခဲ့သည်။ သူ့သားနှင့်ချွေးမဖြစ်သူ တို့သည် ကွမ်းဆိုင်ကလေးဖွင့်၍ ထိုဆိုင်အနီး တွင်ပင် ဖြစ်သလိုနေထိုင်ကြဟန်တူသည်။အဘွားနှင့်သားဖြစ်သူတို့က ကျွန်တော့်ကို ကျေးဇူးတင်စကားများ ထပ်ဆိုကြပါသေးသည်။

မြို့ထဲလက်ဖက်ရည်ဆိုင်တစ်ခုကိုထိုင်လိုက်သောအခါ ဆရာမင်းလူ၏အောင်ဘာ လေဝတ္ထုကိုပြန်လည်ရိုက်ကူးထားသောဇာတ် ကားတစ်ကားပြနေ၏။ အောင်ဘာလေဇာတ် ကောင်နေရာတွင် သရုပ်ဆောင်ထားသူမှာ ရုပ်ရှင်မင်းသားနေတိုးဖြစ်၏။အောင်ဘာလေ ဇာတ်ကောင်သည် လူတစ်ဖက်သားအပေါ်တွင် အလွန်ကူညီတတ်သော ဇာတ်ကောင်ဖြစ်၏။သူ၏ကူညီမှုများသည် သူ့အပေါ်ပြန်လည် ထိခိုက်သည်များလည်းရှိ၏။ကျွန်တော်ကြည့် လိုက်မိသောအခန်းသည် နွေဦးဇာတ်ကောင် အဖြစ်သရုပ်ဆောင်ထားသည့် သက်မွန်မြင့်တို့အိမ်မှမီးခံသေတ္တာအခိုးခံရသော အခန်းဖြစ်၏။ မီးခံသေတ္တာခိုးယူသူများသည် မီးခံ သေတ္တာပြင်သည့်ကုမ္ပဏီဝန်ထမ်းများအဖြစ်ဟန်ဆောင်ရုပ်ဖျက်၍ မီးခံသေတ္တာကြီးကို ဝိုင်းမလာကြသည်။ မနိုင်မနင်းမလာသည်ကို မြင်သောအခါ အောင်ဘာလေဇာတ်ကောင်သရုပ်ဆောင်နေတိုးက ဝိုင်းကူမ၍ကားပေါ် တင်ပေးလိုက်သည်။ အောင်ဘာလေကိုမှတ် မိနေသည့် မျက်မြင်သက်သေ၏ ထွက်ဆိုချက် အရ ရဲစခန်းတွင် အချုပ်ကျရင်းဖြေရှင်းရပေ တော့သည်။

ထိုစဉ်အဘွားပြောလိုက်သည့်''တို့မြန်မာ တွေလည်း ကူညီရိုင်းပင်းတတ်တဲ့ မြန်မာစိတ် ပျောက်နေပါပြီကွယ်''ဟူသော စကားလေးကို ကျွန်တော်ပြန်လည်ကြားယောင်မိလာသည်။မြန်မာတို့၏ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်း တတ်သောစိတ်ထားမှာ ကမ္ဘာကပင်အသိ အမှတ်ပြုရလောက်ပါပေသည်။ ဖက်ဆစ်ဂျပန် တို့ မြန်မာ့မြေတွင် ဝင်ရောက်ကျူးကျော်၍ မြန်မာတိုင်းရင်းသားတို့ကို နှိပ်စက်ကလူပြုခဲ့ ကြသဖြင့် မြန်မာတို့၏စိတ်တွင်နာကျင်ဖွယ်ရာများ ပြည့်နှက်ခဲ့ရပေသည်။ သို့သော်ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့ကိုစစ်ရှုံး၍ မြန်မာ့မြေမှ ခွေးပြေးဝက်ပြေးပြေးရသော ဂျပန်စစ်သားများကိုမူ တတ်စွမ်းသမျှကူညီစောင့်ရှောက် ပေးခဲ့ကြဖူးပေသည်။ ထိုအကြောင်းအရာများကို ဂျပန်နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားအဖြစ်ပင် ရိုက်ကူးခဲ့ဖူးသည်။

မြန်မာတို့သည်ကူညီရိုင်းပင်းစိတ်ရှိသူ များဖြစ်ကြောင်း အနယ်နယ်အရပ်ရပ်တွင် ပေါ်ပေါက်နေသည့် လူမှုကူညီရေးအသင်း အဖွဲ့များကလည်း သက်သေခံလျက်ရှိသည်။သို့သော် ထိုကူညီရိုင်းပင်းတတ်သောစိတ်ဓာတ် များကိုအရောင်ဆိုးမည့် လူပုဂ္ဂိုလ်များက လည်းရှိနေကြသဖြင့် ကြောက်ရွံ့သွားကြခြင်း သာဖြစ်သည်။ ဆိုင်ကယ်ကိစ္စတစ်ခုတည်းကိုကွက်၍စဉ်းစားကြည့်မိ၏။ တချို့လူပုဂ္ဂိုလ် များသည်ဆိုင်ကယ်ကြုံတား၍စီးသည်။လိုက် ပါစီးနင်းရင်းမတော်တဆပြုတ်ကျချင်ယောင် ဆောင်ကြသည်။ ပြီးလျှင်ငွေလျော်တောင်းသည်။ ထိုအကြောင်းအရာများသည် အနယ်နယ်အရပ်ရပ်တွင် မကြာခဏတွေ့ကြုံနေကြ ရသည်။တစ်ဆင့်စကားတစ်ဆင့်နားဖြင့်သော် လည်းကောင်း၊ လူမှုကွန်ရက်မှလည်းကောင်း အမြဲလိုလိုကြားသိနေရသည့် နောက်တွင် ကိုယ်နှင့်မသိသော သူစိမ်းလူပုဂ္ဂိုလ်အား မည်သူမျှမတင်လိုတော့။ ထို့ကြောင့်ရိုးသား သောခရီးကြုံတို့အတွက်မူ များစွာနစ်နာရတော့သည်။

ကိုယ်နှင့်ရင်းနှီးသည့်လူပုဂ္ဂိုလ်များကို ခရီးကြုံတင်ရန် ဝန်မလေးတတ်ကြသော်လည်း ကိုယ်နှင့်မသိသော လူပုဂ္ဂိုလ်များကိုမူ မည်သူ မျှမတင်လိုတော့။ ယနေ့ကြုံတွေ့ရသော အကြောင်းအရာသည် ဆိုင်ကယ်ကိစ္စတစ်ခု တည်းသာဖြစ်သည်။ အခြားသောမြန်မာ့စိတ် ရင်းများသည်လည်း အရောင်ဆိုးခံရသည်မှာ မနည်းလှပေ။ မြန်မာ့စိတ်ရင်းအမှန်သည် ကူညီစောင့်ရှောက်လိုသော စိတ်ရင်းအမှန်ဖြစ်သည်။ သို့သော်မရိုးသားသူတို့၏ အရောင် ဆိုးခြင်းကိုခံလိုက်ရသောအခါတွင်မူ အနည်းငယ်တော့အရောင်ပြောင်းလဲသွားတတ်ပါတော့၏။

ကြေးမုံသတင်းစာ (၅.၃.၂၀၁၇)

Powered by Bullraider.com