ကော်ဖီပုံပြင်

http://i.dailymail.co.uk/i/pix/2016/04/14/00/30B2F6ED00000578-0-image-a-1_1460589121801.jpg

လုပ်ငန်းများတွင် အောင်မြင်နေကြသော လုပ်ငန်းရှင်ကြီးများသည် ကျောင်းသားဟောင်းများတွေ့ဆုံပွဲတွင် ပြန်လည် ဆုံတွေ့ကြသည်။ ထိုပွဲကို သူတို့အား စာသင်ခဲ့သည့် အငြိမ်းစားပါမောက္ခကြီးလည်း လာတက်သည်။ သူတို့အားလုံး စကားပြောရင်း လုပ်ငန်းများတွင် စိတ်ဖိစီးကြရသည့် အကြောင်းများကို ရောက်သွားသည်။

ထိုစဉ် ပါမောက္ခကြီးသည် ကော်ဖီခရားကြီးတစ်လုံးနှင့် ကော်ဖီခွက် ပုံစံအမျိုးမျိုးကို ယူလာပြီး စားပွဲပေါ်တင် လိုက်သည်။ ကော်ဖီခွက်များမှာ အမျိုးမျိုးဖြစ်သည်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်များဖြစ်သည်။ ခွက်များမှာ အချို့သည် တန်ဖိုးကြီးသည့် ခွက်များဖြစ်ပြီး၊ အချို့မှာ ဈေးပေါပေါဖြစ်ကာ အချို့မှာ အလွန်လှပ သည့် ခွက်များဖြစ်သည်။

ပါမောက္ခကြီးက ကော်ဖီသောက်ကြရန်ပြောသဖြင့် အားလုံး ကော်ဖီခွက်တွေကို ထယူပြီး ခရားကြီးထဲမှ ကော်ဖီများကို ငှဲ့သောက်ကြသည်။ သူတို့အားလုံး ကော်ဖီခွက်ကိုယ်စီနှင့် ဖြစ်နေချိန်တွင် ပါမောက္ခကြီးက

“မင်းတို့ သတိထားမိကြသလား။ မင်းတို့အားလုံး ကောက်ကိုင်ထားကြတဲ့ ခွက်တွေဟာ တန်ဖိုးကြီးပြီး လှတဲ့ခွက်တွေပဲ။ စားပွဲပေါ်မှာ ကျန်ခဲ့တာက ဈေးပေါပေါနဲ့ မလှမပခွက်တွေ။ အဲဒါ မင်းတို့ရဲ့ စိတ်ဖိစီးမှုတွေကို ပြနေတာပဲ”

ကျောင်းသားဟောင်းများ အားလုံးက သူတို့ခွက်တွေကို ငုံ့ကြည့်နေကြသည်။ ပါမောက္ခကြီးကဆက်ပြီး

“တန်ဖိုးကြီးတဲ့ ခွက်တွေနဲ့ ထည့်သောက်လိုက်လို့ ကော်ဖီက ပိုကောင်းသွားသလား။ မင်းတို့သောက်ချင်တာက ကော်ဖီ။ ခွက်မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့အားလုံးကို ငါကြည့်နေတာ ခွက်ကောင်းကောင်းနဲ့ တန်ဖိုးကြီးတာ မရမှာ စိုးရိမ်လို့ ပူပန်ပြီး ခွက်ကောင်းကောင်းနဲ့ လှလှတွေကို လုကြတယ်။ တစ်ယောက်ခွက်ကို တစ်ယောက် မျက်စောင်းထိုးကြတယ်”

ကျောင်းသားဟောင်းများသည် မျက်နှာလေးများ အောက်ငုံ့ကာ ဆရာကြီးပြောသည်ကို နားထောင်နေကြသည်။

“မင်းတို့ စဉ်းစားကြည့်လိုက်စမ်း။ ဘဝဆိုတာ ကော်ဖီပဲ။ အလုပ်တွေ၊ ငွေတွေ၊ ရာထူးတွေဆိုတာ ခွက်တွေလို့။ တကယ်တော့ ငွေတွေ၊ ဂုဏ်တွေ၊ ရာထူးတွေထဲကို ဘဝဆိုတာထည့်လိုက်လို့ ပိုမကောင်းလာပါဘူး။ မင်းတို့ တန်ဖိုးထားနေတဲ့ ရာထူးတွေ၊ ငွေတွေ၊ ဂုဏ်တွေကြောင့်လည်း မင်းတို့ဘဝကြီးက ပြောင်းလဲမသွားပါဘူး”

လောကတွင် ကော်ဖီခွက်ကိုသာမြင်ပြီး ကော်ဖီကို မည်သူကတိုက်သည်ဆိုခြင်းကို ချီးကျူးရန် မေ့နေတတ် သည်။ ထို့အတူပင် ခွက်ကလေးကလှလိုက်တာဟုသာ ပြောချင်ပြီး ကော်ဖီလေးက ကောင်းလိုက်တာဟု ပြောရန် မေ့နေသူတွေလည်း များစွာရှိနိုင်ပါသည်။ အပေါ်ယံကြောင့် စိတ်ဖိစီးနေကြရခြင်းမှာ မထူးဆန်းဟု ဆိုရမည်။

(The Coffee Story)

Powered by Bullraider.com