ကျွန်တော် နဲ့ မီယာ

http://static.wixstatic.com/media/799462_ca6efa56382e453f94dc931520b47ccb~mv2.jpg_256

မီယာဆိုတာက အချစ်လို့ အဓိပ္ပာယ်ရပါတယ်။ အီတာလျံ စကားဖြစ်တယ်။ ကျွန်တော့်သမီး ငယ်ငယ်ကတည်းက အိမ်မွေး တိရ္ဆာန်မွေးဖို့ အမြဲပူဆာတယ်။ နိုင်ငံခြားမှာနေတော့ အိမ်မွေး တိရ္ဆာန်မွေးဖို့ မလွယ်တာမို့ မြန်မာပြည်ပြန်ရင် မွေးရမယ်လို့ သူ့ကို ဖျောင်းဖျခဲ့တယ်။ လွန်ခဲ့တဲ့ ၁ဝနှစ် ၂ဝဝ၇ခုနှစ် ကျွန်တော် ကုလသမဂ္ဂက အငြိမ်းစားယူပြီး မိသားစုနဲ့ ရန်ကုန်ကို ပြန်လာခဲ့ ကြတယ်။ ရောက်ပြီး မကြာမီပဲ ရွှေဝါရောင် တော်လှန်ရေးနဲ့ ကြုံရတယ်။ သမီးကို ပေးထားတဲ့ကတိအတိုင်း သူမွေးချင်လှ တဲ့ခွေးကလေးကို နာနတ်တောလမ်းမှာရှိတဲ့ ပလူတို အိမ်မွေး တိရ္ဆာန်ဆိုင်မှာဝယ်ဖို့ မိသားစု သွားခဲ့ကြတယ်။ ပလူတိုမှာ ခွေးတွေ၊ ကြောင်တွေ မျိုးစုံ။ ဆိုင်ကို ရောက်ရောက် ချင်း အဖြူရောင်ခွေးကလေးကို မြင်လိုက်ရတယ်။ မြင်မြင်ချင်း ချစ်ခဲ့တာ။ မျက်လုံးတွေက အကြီးကြီး၊ အမျိုးက တရုတ် နန်းတွင်းမှာ မွေးတဲ့ ပီကင်းနိ(စ်) အမျိုး။ ဆိုင်ရှင်က ရောင်းဖို့ မရည်ရွယ်ပေမယ့် ကျွန်တော်တို့မိသားစု အထူးသဖြင့် သမီး လိုချင်မှန်းသိလို့ ဝယ်ခွင့်ပေးလိုက်တာ။ ဆိုင်ရှင်မိသားစုက ခွေးမလေးကို ''ဝိုင်းချစ်''ဆိုတဲ့ နာမည်ပေးထားတယ်။ သမီး ကတော့ အီတာလျံ စကားတတ်တာမို့ ချက်ချင်းပဲ ''မီယာ'' ဆိုတဲ့ နာမည်ကို ပေးခဲ့တာ။ ကျွန်တော့်မိသားစုက တိရ္ဆာန်တွေကို သိပ်ချစ်တတ်တယ်။ အဖေလုပ်သူ တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ချောက်မြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း(၁ဝ) ကို ပြောင်းတဲ့အခါ ရန်ကုန်ကတစ်ဆင့် ဧရာဝတီသင်္ဘောကြီးနဲ့ မိသားစုတွေ သွားခဲ့ကြတယ်။

သင်္ဘောခရီးမှာ ကျွန်တော်တို့ မောင်နှမ ခုနစ်ယောက်။ ဖေဖေမွေးထားတဲ့ အယ်ဇေးရှင်း ခွေးကြီး ခုနစ်ကောင်။ လူတွေ က တပ်ရင်းမှူးကြီး ကလေးခုနစ်ယောက်၊ ခွေးခုနစ်ကောင်နဲ့ ဆိုပြီး မှတ်ချက်ပေးခဲ့ကြတယ်။ ဖခင်ရဲ့ ဝါသနာကို ကျွန်တော့် ညီက ဆက်ခံခဲ့တယ်။ သူ့အိမ်မှာ တစ်ချိန်က ခွေးအကောင် ၂ဝ ကျော်။ ကြောင်တွေကလည်း အများကြီး။ မျောက်တစ် ကောင်လည်း ပါတယ်။ ငှက်တွေလည်းရှိတယ်။ တိရ္ဆာန်ရုံ သေးသေးတစ်ခု။ သမီးက သူ့ရဲ့ ဦးလေးအိမ်သွားရင် တိရ္ဆာန် တွေနဲ့ သိပ်ပျော်တာ။ ကျွန်တော့်ဇနီးက တိရ္ဆာန်ကို မချစ်ရှာ ဘူး။ သူ့ မိဘအိမ်မှာ ခွေးကြီးတွေရှိပေမယ့် လက်ပွန်းတတီး မနေခဲ့ဘူး။ သမီးကိုချစ်တော့ မီယာကိုလည်း သူက ချစ်ရှာ တယ်။

မီယာဟာ ခွေးဖြစ်ပေမယ့် လူလိုပဲ နားလည်တယ်။ လိမ္မာ တယ်။ စိတ်ကောက်တတ်တယ်။ မနာလိုဖြစ်တတ်တယ်။ သမီး လုပ်တဲ့သူကို သူရဲ့ ပြိုင်ဘက်လိုသဘောထားပြီး သူ့ကိုပိုဂရုစိုက် မှ ကြိုက်တယ်။ ဒါကြောင့်လည်း သမီးက အမြဲတမ်း မီယာကို စတယ်။ စကားမပြောတတ်တာက လွဲလို့ အားလုံးကိုသိသလိုပဲ။ မီယာရောက်လာတော့ မိသားစုပိုပြီး ပြည့်စုံသလိုပဲ။ သူနဲ့ ပတ်သက်ပြီး ဝေယျာဝစ္စက မသေးလှဘူး။ တိရ္ဆာန်ဆရာဝန်နဲ့ မိတ်ဆွေဖြစ်တဲ့ အထိ။ အိမ်မှာ ကူညီပေးတဲ့ ကလေးမက မီယာကို သိပ်ဂရုစိုက်တယ်။ အထူးသဖြင့် မီယာအကြီးအကျယ် နေမကောင်းဖြစ်တဲ့အချိန်မှာ ညအိပ်စောင့်ပြီး ကျန်းမာလာတဲ့ အထိ စောင့်ရှောက်ခဲ့တာ။ မီယာကျွန်တော်တို့ အိမ်ရောက် တုန်းက သမီးက ၁ဝ နှစ်ကျော်ပဲရှိသေးတာ။ သမီးက ကျွန်တော် တို့ကိုအမြဲပြောတယ်။ ခွေးအသက်ကိုခုနစ်နဲ့မြှောက်ရင် လူ့အသက်နဲ့ အတူတူပဲလို့ ပြောတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က သမီး ပညာသင်ဖို့ နိုင်ငံခြားသွားခဲ့တယ်။ သမီးဟာ သူ့မီယာကို သတိရနေသလို မီယာကလည်း သမီးကို တမ်းတနေတာ မြင်ရတယ်။ သမီးချစ်တတ်မှန်းသိလို့ သူ့ဦးလေးက မွေးနေ့လက်ဆောင်အဖြစ် ခွေးမလေး တစ်ကောင်ကို လက်ဆောင်ပေးခဲ့တယ်။ သမီးက မီယာနဲ့ အဖော်ရအောင် ''မာယာ''လို့ နာမည်ပေး ပြန်တယ်။ ဒါကြောင့် ခွေးမချစ်တတ်တဲ့ ကျွန်တော့်ရဲ့ ဇနီးဟာ ခွေးနှစ်ကောင်ကို ပြုစုခဲ့ရတယ်။ မီယာနဲ့ မာယာဟာ တစ်ကောင်ကအဖြူ၊ တစ်ကောင်က အညိုရောင်၊ မီယာက အမွေးရှည်တယ်။ ရေချိုးပေးပြီးတဲ့အခါ သူ့ရဲ့အမွေးရှည်နဲ့ သိပ်လှတာ။ သူလှတဲ့အကြောင်းကိုလည်း လူသိအောင် ပြတတ်တယ်။ ကျွန်တော့်မိသားစုအခန်းထဲ တီဗွီရှေ့ထိုင်ပြီး အလုပ်လုပ်နေရင်း မီယာကနံဘေးမှာ ထိုင်ကာ အဖော် လုပ်တယ်။ ကျွန်တော်အခုလိုဆောင်းပါးတွေရေးရင်း သူ့ရဲ့ ဝမ်းဗိုက်ကို ပွတ်ပေးရင် သိပ်သဘောကျတာ။

ကျွန်တော်တို့ မိသားစုနဲ့ရင်းနှီးတဲ့ဆွေမျိုးတွေ၊ သူငယ်ချင်း တွေဟာ မီယာကို သိကြတယ်။ မီယာကို ချစ်ကြတယ်။ ဧည့်သည်တွေ သူ့အပေါ်အာရုံစိုက်အောင် နေတတ်၊ ထိုင်တတ် လှုပ်ရှားတတ်တယ်။ အထူးခြားဆုံးကတော့ သူ့ရဲ့မျက်လုံးတွေ ဖြစ်တယ်။ မျက်လုံးအိမ်ကြီးသလို ပြူးထွက်နေတာ။ သူ့ရဲ့ အလေးချိန်တက်လာရင် အစားကိုလျှော့စားတယ်။ ကျွေးသမျှ မစားတော့ဘဲ လျှော့စားတာ။ ညဘက်ဆို ကျွန်တော်တို့ နှစ်ယောက်ရဲ့ အိပ်ခန်းမှာပဲ သူ့ကိုသိပ်တယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က မီယာဟာ မာယာနဲ့ ဆော့ရင်း မာယာရဲ့ လက်သည်းဒဏ်ကြောင့် မျက်လုံးမှာဒဏ်ရာ ရခဲ့တယ်။ တစ်ဖက်မှာလည်း သူ့ရဲ့မျက်စိမှာ တိမ်စွဲလာတယ်။ တိမ်ခွဲဖို့ ကျွန်တော့်ဇနီးရဲ့ငယ်သူငယ်ချင်း မျက်စိအထူးကု ဆရာဝန်နဲ့ မီယာကို စောင့်ရှောက်ပေးတဲ့ ဆရာဝန်နဲ့ ဇနီးက ဆေးခန်းသွားပြီး ပြသတိုင်ပင်ခဲ့တယ်။ တိမ်ကိုခွဲလို့မရဘူးဆို တာ သိမှလက်လျှော့ခဲ့ရတယ်။ အသက်ရလာလို့ ထင်ပါရဲ့ သူ့ရဲ့မျက်စိတွေ မှုန်ခဲ့တယ်။ မျက်စိမှုန်ရုံမက၊ သူ့ရဲ့နားကလည်း အားနည်းလာခဲ့တယ်။ ဇရာရဲ့ဒဏ်ကို ခံရတာ။ အခုဆို မျက်စိ မမြင်၊ နားမကြားပေမယ့် အားလုံးကိုသိတယ်။

နားလည်တယ်။ တစ်နေ့က မီယာရုတ်တရက်အသက်ရှူကြပ်ပြီး ခြေလက် မသယ်နိုင်ဘဲ ဖြစ်ခဲ့တယ်။ ဖြစ်ဖြစ်ချင်း အိမ်က ကလေးမက ကျွန်တော်တို့အိပ်တဲ့ အခန်းကို ခေါ်လာခဲ့တယ်။ သူ့ကို ပွေ့ချီ လိုက်တဲ့အခါ အခြေအနေ မကောင်းတော့မှန်း သိတယ်။ ကျွန်တော့်လက်ထဲမှာပဲ မီယာအသက်ထွက်ခဲ့တာ။ ဇနီးလုပ်သူ က မကြည့်ရက်လို့ အနားမလာဘဲ ဆရာဝန်ဆီ လှမ်းဆက် တယ်။ သေမှန်းသိပေမယ့် စိတ်ကျေနပ်အောင် ဆေးခန်းသွား ခဲ့တယ်။ အချိန်ကလည်း ည ၁ဝ နာရီ ကျော်နေပြီ။ ဆရာဝန် ခဗျာလည်း ကျွန်တော်တို့ ဂရုစိုက်မှန်းသိလို့ စမ်းသပ်ပေးရှာ တယ်။ အသက်ကြီးလို့ ဖြစ်တာပါလို့လည်း ဖြေသိမ့်တယ်။ မီယာကို ဆေးခန်းကပြန်ခေါ်လာပြီး ခြံထဲမှာပဲမြှုပ်ခဲ့တယ်။ မီယာအခုလို ဖြစ်တာကို ကျွန်တော့်ဇနီးက ယူကျုံးမရဖြစ်ရ တယ်။ အစက တိရ္ဆာန်ကိုမချစ်တတ်တဲ့သူဟာ မီယာကြောင့် စိတ်တွေပြောင်းခဲ့တယ်။ မီယာကို သိပ်ဂရုစိုက်ပြီး သမီးလေး တစ်ယောက်လို စောင့်ရှောက်ခဲ့တယ်။ မီယာအခုလို သေသွား ခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုရေး ကွန်ရက်ကတစ်ဆင့် ဖြန့်ဝေ ခဲ့တယ်။ သူ့ရဲ့ ခံစားချက်တွေကိုဖတ်ရတဲ့သူတွေက ကိုယ်ချင်းစာ ကြပြီး ဖြေသိမ့်စကားတွေနဲ့ အားပေးခဲ့ကြတယ်။ ခံစားချက် တွေတူတဲ့သူတွေ အများကြီးရှိတာကို သိခဲ့ရတယ်။

မီယာဖြစ်တဲ့ အကြောင်းကို အဝေးရောက်နေတဲ့သမီးကို မပြောသေးဘူး။ သူသိရင် ဘယ်လောက်ခံစားရမလဲဆိုတာ စဉ်းစားပြီး စိုးရိမ်နေမိတာပဲ။ မကြာမီ သူဘွဲ့ရတော့မယ်။ ဘွဲ့ရပြီး မြန်မာပြည် ပြန်ရောက်မှ ပြောဖို့စဉ်းစားထားတာ။ ကျွန်တော့်အနေနဲ့ ဆုံးရှုံးမှုကြောင့် ကိုယ်ကိုယ်တိုင်ခံစားရသလို ဇနီးအတွက် သမီးအတွက်၊ စဉ်းစားပြီး သုံးဆခံစားရတာ။ ဇနီးအတွက်ကတော့ ပထမဆုံးအတွေ့အကြုံ အတော်လေး ခံရတယ်။ ကျွန်တော့်အနေနဲ့ အရင်တုန်းက မကြာခဏ အိမ်မှာ မွေးထားတဲ့ ခွေးတွေဆုံးလို့ စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် မီယာကြောင့် ခံစားရတဲ့အဖြစ်နဲ့ နှိုင်းယှဉ်လို့မရဘူး။ ကိုယ်ကြေကွဲနေတာကိုလည်း ဇနီးသိမှာ စိုးရိမ်နေမိတာ။ သူမသိအောင် မျိုသိပ်ထားတယ်။ ရုတ်တရက်စဉ်းစားလိုက် ရင် အိမ်မွေးတိရ္ဆာန်ခွေးတစ်ကောင်အတွက် ဒီလောက်ဖြစ်ရ သလားလို့ ဝေဖန်ကြမှာပဲ။ အပြစ်တင်ကြမှာပဲ။ ရှုတ်ချကြမှာ သေချာပါတယ်။ ဒါပေမယ့် သံယောဇဉ် ဆိုတာက အခက်သား။ လူမှ၊ တိရ္ဆာန်မှ မဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာ ငယ်ငယ် ကတည်းက ကြီးပြင်းလာတာမို့ သံယောဇဉ်ဖြစ်မိတာ။ မီယာဟာ ကျွန်တော်တို့ ဘဝရဲ့အရေးပါလှတဲ့ တစ်ထောင့် တစ်နေရာက ပါဝင်ခဲ့တာ။ မြန်မာပြည် ပြန်ရောက်တဲ့အချိန် ကစပြီး ကျွန်တော်ရဲ့ဘဝဟာ ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲလာခဲ့ပြီး ဖြတ်သန်းလာခဲ့တာ။

အခုလို ဖြတ်သန်းခဲ့တဲ့အချိန်မှာ မီယာဟာ အဖော်ကောင်းဖြစ်ခဲ့တယ်။ သံယောဇဉ်မီးဟာ ကြီးမားလှတယ်။ ဘဝတစ်လျှောက်လုံးမှာ ကြုံကြ၊ ဆုံကြ၊ ကွဲကွာခဲ့ရ၊ လမ်းခွဲခဲ့ရ၊ ဒါတွေဟာ ဓမ္မတာပါပဲ ကြံ့ကြံ့ခံနိုင်အောင် ဆင်ခြင်ဖို့လိုတာသိပေမယ့် ခံစားရတာတော့အမှန်ပါပဲ။ ကျွန်တော့်ရဲ့စိတ်ဟာ ပျော့ညံ့လွန်းတယ်လို့ သုံးသပ်မိတယ်။ ကျွန်တော်ဟာ စဉ်းစားတွေးခေါ်မှုကို အမြဲပြုစုတယ်။ အားထုတ်တယ်။ ဒါပေမယ့် ဦးနှောက်ကပြောတာ တစ်မျိုး၊ နှလုံးသားက ပြောတာတစ်မျိုး။ ဦးနှောက်နဲ့ စဉ်းစားရင် အဖြေကတစ်မျိုး ဖြစ်ပေမယ့် အရာရာမှာ အကြောင်းအကျိုး ပြည့်ဝအောင် မစဉ်းစားနိုင်ဘဲ ခံစားမှုက အရှေ့ကို ရောက် လာတာဖြစ်တယ်။ ကျွန်တော်တို့ မိသားစုရဲ့ခံစားချက်ကို အိမ် မွေးတိရ္ဆာန်မွေးဖူးသူတွေ ကိုယ်ချင်းစာနိုင်လိမ့်မယ်လို့ ထင်ပါ တယ်။ မသိသူတွေကတော့ အလုပ်ရှုပ်လိုက်တာ၊ အပိုအလုပ် တွေ၊ သက်သက်ကိုယ့်ဒုက္ခကိုယ်ရှာကြတယ်လို့ ပြောကြမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကိုနားလည်နိုင်တဲ့ သူတွေအများကြီး ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အိမ်မွေးတိရ္ဆာန်တွေဟာ ရယူခြင်းမရှိဘဲ အစဉ်ပေးဆပ်တဲ့ မေတ္တာကိုပြတတ်ကြတယ်။ စောင့်ရှောက်တဲ့သူ စိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်တယ်။ သူတို့ဟာ အဖော်ကောင်းတွေ ဖြစ်တယ်။ အထီးကျန်မှုကို သူတို့ကြောင့် ဖြေဖျောက်နိုင်စွမ်းရှိတယ်။ မီယာဆုံးပြီး တစ်နေ့ က အိမ်ကို ကျွန်တော့်ရဲ့ညီမနဲ့ ညီရဲ့ဇနီးရောက်လာကြတယ်။ ကားပေါ်ကဆင်းပြီး နောက်ခန်းဖွင့်လိုက်တော့ ခွေးကလေး နှစ်ကောင် လှောင်အိမ်ထဲမှာ။ ကျွန်တော့်ညီက ကျွန်တော်တို့ နှစ်ယောက် စိတ်သက်သာရာရအောင် မွေးဖို့လက်ဆောင် လာပေးတာ။ နှစ်ကောင်စလုံးက ချစ်စရာ။ တစ်ကောင်ရဲ့ မျက်လုံးက ဗိုလ်မလေးတစ်ယောက်လို ပြာနေတာ။ ဒါပေမယ့် ကျွန်တော်နဲ့ဇနီးက ငြင်းလိုက်တယ်။ သူတို့ရဲ့စေတနာ၊ သူတို့ရဲ့ မေတ္တာကို နားလည်ပေမယ့် အခုလို ချက်ချင်းလက်ငင်းမီယာ ကိုအစားထိုးဖို့ သတ္တိတွေ မရှိသေးဘူး။ အိမ်ကကလေးမတွေက မယူဖို့ ငြင်းကြတယ်။ သူတို့ခမျာ အခုထိ ငိုနေရတုန်း။ အမှန် တော့ သူတို့က အသေးစိတ်စောင့်ရှောက်ရတာမို့ ပိုပြီးခံစား ကြရတယ်။ ငိုလိုက်ကြတာ။ ကျွန်တော့်ညီက သူ့ရဲ့ခံစားချက်နဲ့ ယှဉ်ပြီး အခုလိုလုပ်တာကိုသဘောပေါက်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ့သားငယ်နဲ့ ချွေးမက အင်္ဂလိပ်ခွေးဘီလူး တစ်ကောင် ထိုင်းကဝယ်ပြီး မွေးတာ။ နာမည်က တုတ်တုတ်တဲ့ ချစ်စရာလေး၊ ကျွန်တော်တို့သွားတိုင်း ပွတ်သီးပွတ်သပ်နေတတ် တယ်။ သမီးကသိပ်သဘောကျတာ။ မျက်နှာပေါက်က ရုပ်ဆိုး ပေမယ့် ချစ်စရာ။ တုတ်တုတ်အကောင်းပကတိကနေ လျှာ တွေမည်းပြီး ရုတ်တရက် သေရှာတယ်။ သခင်နှစ်ယောက်က ခွေးဆုံးလို့ စားမဝင်အိပ်မပျော်ဖြစ်ခဲ့ရပြီး ချက်ချင်း ထိုင်းနိုင်ငံ က ခွေးဘီလူးနှစ်ကောင် ထပ်ဝယ်လိုက်တယ်။

ကျွန်တော်တို့နှစ်ယောက်ကတော့ အစားမထိုးချင်တော့ ဘူး။ ဆုံးရှုံးမှုဒဏ်က အတော်ကြီးမားတာမို့ အချိန်ကိုပဲ အားကိုးရတော့မှာ။ အရာရာကို အချိန်က ကုစားတယ်ဆိုတာ နားလည်ပါတယ်။ ဆုံးရှုံးမှုတစ်ရပ်နဲ့ ရင်ဆိုင်တဲ့အခါ တစ်ဦးနဲ့ တစ်ဦး ခံယူမှု တုံ့ပြန်မှုမတူညီကြဘူး။ မိမိရဲ့ ခံစားချက်တွေကို ဖွင့်ဟနိုင်တဲ့သူတွေရှိသလို တချို့ကတော့ မျိုသိပ်ထားတတ်ကြ တယ်။ ချုံးပွဲချငိုကြသလို တချို့ကတော့ မျက်ရည်မကျဘဲ ငိုတတ်ကြတယ်။ ဘယ်လိုပဲတုံ့ပြန်တုံ့ပြန် တူညီတာကတော့ ခံစားမှုဖြစ်တယ်။ ခံစားမှုကို ကြောက်ရွံ့စိုးရိမ်ရင် အစကတည်း က သံယောဇဉ်မထားဖို့ မမွေးဖို့ပြောကြမှာ။ ဒါပေမယ့် ခံစား ရမှာကြောက်လို့ သံယောဇဉ်မရှိရင် သံယောဇဉ်ထားခဲ့လို့ ရလာတယ်။ စိတ်ချမ်းသာမှုကို ကြုံရမှာမဟုတ်ဘူး။ ဒါကြောင့် လည်း မီယာအပေါ် သံယောဇဉ်ကြီးခဲ့တာကို နောင်တမရဘူး။ သံယောဇဉ်ထားခဲ့တာမို့ ရလာခဲ့တဲ့ ကြည်နူးမှုကိုပဲ အမှတ်ရမှာ ဖြစ်တယ်။

လူ့လောကကြီးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ မျိုးစုံ ကြုံတွေ့နေရတယ်။ အခုလို တွေ့ကြုံကြတဲ့အခါ မေတ္တာတရား ကို ရှေ့တန်းတင်ပြီး ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ အမုန်းတရား မပွားအောင် ဆင်ခြင်ကြဖို့ လိုတယ်။ တစ်ဦးနဲ့တစ်ဦးမုန်းအောင်၊ နာကြည်းအောင် ပြောရတာ လွယ်တယ်။ ချစ်ဖို့၊ မေတ္တာထားဖို့၊ သည်းခံဖို့၊ နားလည်ဖို့ ပြောရတာခက်တယ်။ သိပ်လက်မခံ ချင်ကြဘူး။ မေတ္တာအခြေခံတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ဖော် ထုတ်ဖို့ လိုအပ်တယ်။ မေတ္တာမျှတဲ့ နေရာမှာလည်း သတ္တဝါ အားလုံးမျှနိုင်ဖို့ အရေးကြီးလှတယ်။

ဒီဆောင်းပါးကိုရေးရင်း မီယာကို သိပ်သတိရနေမိတယ်။ ကိုယ့်အနားမှာ အမြဲရှိနေတာကို အမှတ်ရနေမိတယ်။ အခု မီယာမရှိတော့ပေမယ့် ကျွန်တော်တို့ဘဝမှာ မီယာအမြဲ ရှိနေ မှာ ဖြစ်တယ်။ အမှန်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ချစ် ကြသူတွေ ဖြစ်ကြတယ်။ တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်။ ကိုယ့်အတွက်သာ ကြည့်တတ်ကြတယ်။ အိမ်မွေးတိရ္ဆာန်တွေ ကတော့ အခုလို မဟုတ်ဘဲ နှောင်ကြိုးမဲ့ သခင်တွေအပေါ် သစ္စာရှိတယ်။ ပေးဆပ်တယ်။ ရယူချင်းထက် ပေးဆပ်နိုင်တယ်။ မီယာရဲ့ ကျေးဇူးကို အမှတ်ရနေမိတယ်။

မြန်မာ့အလင်းသတင်းစာ (၃.၄.၂၀၁၇)

Powered by Bullraider.com