အချစ်

http://thelibertarianrepublic.com/wp-content/uploads/2013/09/sad-bride.jpg

သူလက်ထပ်တော့မည်ဆိုပါလား

ဟန်ဆောင်ထားသော်လည်း ရင်ထဲတွင် တလှပ်လှပ်နှင့် တုန်လှုပ်နေမိသည်။ ဝမ်းနည်းခြင်းလား စိတ်ဆင်းရဲ ခြင်းလား ခွဲခြားမသိနိုင်။ သူမှိုင်နေသည်

ကောင်မလေးတစ်ယောက် မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး နာရီပေါင်းများစွာ မလှုပ်မရှားထိုင်နေသည်။

“ကလင် … ကလင် … ကလင်”

ခေါင်းလောင်းသံကြားလိုက်သဖြင့် တံခါးသွားဖွင့်ပေးလိုက်သည်။ စာပို့သမားက စာတစ်စောင်ပေးသည်။ ဖွင့်ကြည့်လိုက်ရာ ဖိတ်စာတစ်စောင်ဖြစ်နေသည်။ မင်္ဂလာဆောင်ဖိတ်စာ။ သူတကယ်ပဲ မင်္ဂလာဆောင် တော့မည်။ ဟန်မဆောင်နိုင်တော့ဘဲ ကောင်မလေးက ငိုချလိုက်တော့သည်။

“ဘာဖြစ်ဖြစ် … သူကတောင် ဖိတ်သေးတာ … သူ့မင်္ဂလာဆောင်ကို ရောက်အောင်သွားမယ်”

လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖြစ်သည်။ ကောင်လေးက သူ့ရှေ့တွင် ဒူးထောက်ပြီး

“လက်ထပ်ပါရစေတော့ကွာ” ဟု ပြောခဲ့ဖူးသည်။

ကောင်မလေးက အံ့အားသင့်ပုံမပြ။ သူ့ကို လက်မထပ်နိုင် ကြောင်း ခေါင်းလေးခါပြပြီး လှည့်ထွက်မည်အပြုတွင် ကောင်လေးက ပုခုံးကို ဆွဲလှည့်ပြီး

“ပြောစမ်းပါ … ပြောစမ်းပါ … ဘာကြောင့်လဲ … ဘာကြောင့် ငြင်းရတာလဲ”

သူပြောနိုင်စွမ်းမရှိ ပြေးထွက်ခဲ့သည်။

ကောင်မလေးက ဆရာဝန်ပြောသံကို ပြန်ကြားနေမိသည်။

“မင်းစိတ်တင်းထားနော် … နောက်နေရ တစ်နှစ်ပဲ … မင်းရောဂါ အခြေအနေက တစ်နှစ်ပဲ”

သူက ကောင်လေးကို မခံစားစေချင်။ ထို့ကြောင့် လက်ထပ်ရန် ခွင့်ပန်ခြင်းကို ငြင်းခဲ့သည်။ သို့သော် သူ လက်ထပ်ပွဲကို သွားတက်မည်။

ဘုရားကျောင်းအဝကို ဝင်လိုက်ကတည်းက ရင်းနှီးနေသည့် ပုံရိပ်တွေကို မြင်ရသည်။ အဝင်ဝ အသည်းပုံ ထဲတွင် သူတို့နှစ်ယောက်ပုံကို တွေ့လိုက်ရသည်။ ဒီစိတ်ကူးကို သူကောင်လေးအား ပြောပြဖူးသည်။

သတို့သားနှင့် သတို့သမီး ဝတ်ဆင်ထားသည့် အဝါရောင်တွေကလည်း

“တို့လက်ထပ်ရင် အဝါရောင်တွေ ဆင်တူဝတ်ကြမယ်” ဟုပြောခဲ့ဖူးသည့်အတိုင်းဖြစ်နေသည်။

သူတို့အားလုံး ပြင်ဆင်ထားပုံ၊ ပန်းတွေ ဆင်ထားပုံ၊ အခမ်းအနားသည် တစ်ချိန်က သူစိတ်ကူးယဉ်သည့် အတိုင်းဖြစ်နေသည်။

သတို့သားနှင့် သတို့သမီး သူ့ရှေ့ကို ရောက်လာကြသည်။

“မင်္ဂလာပါ”

သတို့သမီးကို သူငေးကြည့်နေမိသည်။ သူနှင့် ညီအစ်မလား ပြောရလောက်အောင် ရုပ်ချင်း ဆင်နေသည်။

သူ နောက်ပြန်လှည့်ပြီး ပြေးထွက်အလာတွင် သူ့နောက်ကို သတို့သားကောင်လေးက ပြေးလိုက်လာသည်။

“မင်းသိလား … သိလား … အားလုံးဟာ မင်းစိတ်ကူးတွေ … အားလုံးဟာ မင်း ဖြစ်ချင်ခဲ့တာတွေ … အားလုံးဟာ မင်းလိုလား တောင့်တခဲ့တာတွေ … နောက်ဆုံး မင်းနဲ့ တူတာကိုတောင် ရှာခဲ့တာ … ဒါတွေ အကုန်လုံး ဘာဖြစ်လို့လဲ သိလား”

ကောင်လေးက လှည့်ထွက်မည်အပြုတွင် ကောင်မလေးက ပြောလိုက်သည်။

“သိတာပေါ့ … သိပ်သိတာပေါ့”

ကောင်မလေး လဲကျသွားသည်။

(Love)

၂၂.၄.၂၀၁၇

Powered by Bullraider.com