ကျွန်တော်ကခဲ့ရတဲ့ဇာတ်

http://www.telenor.com.mm/images/what-is-sustainability.jpg

ကျောင်းဆရာဘ၀တုန်းက ကျွန်တော် အင်္ဂလိပ်စာသင်တယ်။ နည်းမျိုးစုံကျင့်သုံးပြီး ကလေးတွေကို ပျော်လည်း ပျော်ရမယ်၊ တတ်လည်း တတ်ရမယ်ဆိုတဲ့ စေတနာနဲ့သင်နေပေမယ့် တောကလေးတွေဆိုတဲ့ နည်းနည်း ဒုန်းဝေးတယ်။ အရင်ဆရာ့ ဆရာကြီးတွေက အဘိဓာန်စာအုပ်ကြီးတွေထဲကအတိုင်း ဘွတ်ခ တို့ ပင်စယ်တို့ ဖလားဝါးတို့ဆိုပြီး သင်သွားတဲ့ အသံထွက်တွေကို ဖျောက်နိုင်အောင်ကြိုးစားပေမယ့်လည်း အခက်အခဲလေး တွေတော့ ရှိတာပေါ့။

ကျွန်တော်က တက္ကသိုလ်တက်ကတည်းက Phonetics ကို စိတ်ဝင်စားတာကြောင့် ဆရာ့ဆီမှာ ကျကျနနသင် လာတယ်။ အဘိဓာန်ကိုလည်း အင်္ဂလိပ်အဘိဓာန်ထဲက Phonetics ကိုပဲယူတယ်။ ကလေးတွေကို တတ်နိုင် သလောက် အတိကျဆုံး သင်လိုက်ပေမယ့် ကိုယ့်အတန်းကလွတ်ပြီး အခြားအတန်းရောက်ရင် အသံထွက်တွေ ပြန်ပြောင်းတာကို ခံရပြန်တယ်။

ကျွန်တော် အင်္ဂလိပ်စာသင်တန်းတက်တော့ အင်္ဂလိပ်သီချင်းတွေနဲ့အတူ သီချင်းတိတ်ခွေပါရခဲ့တယ်။ သင်တန်းမှာတုန်းက ဆရာမတွေက သီချင်းတွေနဲ့ စာသင်ရတာကို ပုံစံပြတာ အရမ်းသဘော ကျသွားတယ်။ သင်တန်းဆင်းပြီး တောပြန်ရောက်တော့ ကလေးတွေကို အင်္ဂလိပ်သီချင်းလေးတွေ သင်ပေးချင်တယ်။ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့ကောင်ကလည်း မူလတန်းတစ်နှစ်သင်တန်းမှာ ဂီတကို ကမ္ဘာမကြေဆိုပြီးမှ အောင်ခဲ့ရတာ ဆိုတော့ ပြဿနာတက်နေတယ်။ ကလေးတွေကိုလည်း သီချင်းသင်ပေးချင်တယ်။ ဘယ်လိုသင်ပေးရမှန်းမသိ ဖြစ်နေရာက နောက်ဆုံး ကိုယ်တိုင်ပဲ အရဲစွန့်သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ကျောင်းပိတ်ရက် တစ်နေ့မှာ ကျွန်တော်ရွာစွန်က သင်္ချိုင်းကို တစ်ယောက်တည်းလာပြီး အင်္ဂလိပ်သီချင်းတွေကို စာအုပ်နဲ့ ကျင့်ရတယ်။ ရွာထဲမှာ အော်ဆိုရမှာကို ရှက်လည်းရှက်၊ ရွာထဲက လူတွေနဲ့ ဆရာတွေ လှောင်မှာကို စိုးရိမ်တဲ့အတွက်ပါ။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မှ အတန်းထဲမှာ အင်္ဂလိပ်သီချင်း သင်ပေးဖို့ လုပ်ရတော့တာ ပေါ့။

တောကစာသင်ခန်းတွေဆိုတာကလည်း ထရံတစ်ချပ်ပဲခြားတာဆိုတော့ ရှက်စိတ်ကို မနည်းတောင့်ခံပြီး မျက်နှာပူပူနဲ့ ကလေးတွေကို “ဆရာဒီနေ့ မင်းတို့ကို အင်္ဂလိပ်သီချင်းသင်ပေးမယ်” လို့ပြောလိုက်တော့ ကလေးတွေက “ဟေး” ဆိုပြီး ပျော်သွားကြသလို၊ အခြားအခန်းတွေက တိတ်သွားတယ်။ သေချာပြီ တစ်ခြား အခန်းတွေကလည်း အာရုံစိုက်နေပြီဆိုတာ။

ကျောင်းဆရာဆိုတာ တပည့်တွေနဲ့ ပတ်သက်ရင် မိဘနဲ့ သားသမီးတွေလိုပဲ။ ကိုယ့်မိဘတွေက ကိုယ့်သားသမီး တွေအတွက်ဆိုရင် မရှက်မကြောက် လုပ်ရဲသလို အားတင်းပြီး ချောင်းဟန့်ကာ သီချင်းတစ်ပုဒ်ကို လေ့ကျင့် ထားတဲ့အတိုင်း ဆိုပြလိုက်တယ်။

ကလေးတွေက ပုံဆိုးပန်းဆိုးဆရာကြီး၊ တစ်သက်လုံး မရယ်မပြုံးနေတဲ့ ဆရာကြီး၊ အသံကျယ်ကျယ်နဲ့ ကြောက် စရာကောင်းတဲ့ ဆရာကြီးလို့ ထင်ထားရာကနေ သီချင်းဆိုပြလိုက်တော့ ပါးစပ်ကလေးတွေ အဟောင်းသား ဖြစ်သွားတယ်။ ကျွန်တော့် ကွဲအက်အက်အသံက ကောင်းသလား၊ မကောင်းသလားတော့ မသိဘူး၊ လတ်တလော တစ်ကျောင်းလုံး တိတ်သွားတာတော့ အမှန်ပဲ။

ဘာပြောပြော အောင်မြင်ခဲ့တယ်ဗျာ။ ကလေးတွေ ရွာထဲမှာ အင်္ဂလိပ်သီချင်းလေးတွေ ဆိုနေသံတွေ ကြားရ တယ်။ လမ်းလျှောက်လည်းဆို၊ စပါးထောင်းရင်းလည်းဆို၊ ကလေးချော့ရင်လည်းဆိုကြတယ်။ မိဘတွေက လည်း သူတို့ ကလေးတွေ အင်္ဂလိပ်သီချင်းလေးတွေဆိုနေကြတယ်ဆိုတာ ဘယ်လောက် ပီတီဖြစ်နေလိုက် မလဲ ကိုယ်ချင်းစာကြည့်စေချင်တယ်။

တကယ်ဆိုရင် ကျွန်တော်တို့ ကျောင်းဆရာတွေဆိုတာ ဇာတ်သမားတွေလိုပဲ။ ကျတဲ့ဇာတ်ရုပ်ကို မရှက် မကြောက် သရုပ်ဆောင်ပြနိုင်မှ ပီပြင်တယ်။ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားသရုပ်ဆောင်ပြီး အတန်းရှေ့မှာ ကပြနေပေမယ့် အကဲဖြတ်တဲ့အဖွဲ့မရှိဘူး။ အကယ်ဒမီမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့် ဇာတ်ကို ကိုယ်နိုင်အောင်ကတဲ့နေရာမှာတော့ အလွန်တော်သူတွေဖြစ်တယ်ဆိုတာ သေချာတယ်။

၂၄.၇.၂၀၁၅

Powered by Bullraider.com