လည်စင်းပေးရဲလား

Category: အက်ဆေး
Published on Monday, 27 July 2015 02:28
Written by တင်ညွန့်

http://3.bp.blogspot.com/-Teg8s0MDyjA/VHm7092YFlI/AAAAAAAAARA/gx78n5nHNq4/s1600/677970-topic-ix-4.jpg

မနေ့က မွန်မင်းဗညားပရော်အကြောင်းကို ကျွန်တော်က တစ်ဝက်ဖြတ်တင်တာ။ သူ့ Tempo က အစပိုင်းမှာ ကျသွားမှာစိုးလို့ ချန်ထားခဲ့တာပါ။ မနေ့ကဇာတ်ကြောင်းမှာ သူတရားစီရင်ပုံလောက်ပဲပြောတော့ သူ့ကို တရားစောင့်တဲ့ မင်းတစ်ပါးလို့ပြောရမှာ ခက်နေတယ်။ ဘာကြောင့်လည်းဆိုတော့ ပဒေသရာဇ်တွေက အပြောနဲ့ အလုပ်က တစ်မျိုးစီဖြစ်ချင်လည်း ဖြစ်နေတတ်တာကိုး။

ဒီမွန်းမင်းကတော့ အလွန်လေးစားစရာကောင်းတယ်။ တိုင်းပြည်မှာ အေးချမ်းနေမှန်း သိပေမယ့် အလကား မနေဘူး။ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်လည်စစ်ဆေးတယ်။ ဒီခေတ် အကြီးအကဲတွေလို ရှင်ဘုရင်တစ်ခါထွက် ကြိုရတဲ့သူတွေ၊ ယပ်တော်သွင်းရတဲ့သူတွေ မရှိဘူး။ တစ်ကိုယ်တည်း မြင်းတစ်စီးနဲ့ တိုင်းခန်းလှည့်တာ။ ဒါမှ အဖြစ်မှန်ကို သိနိုင်မှာပေါ့။ ပြည်သူကို ယုံကြည်တော့ တစ်ပါးတည်းလည်း ထွက်လာရဲတယ်။ ပြည်သူကို မယုံတဲ့သူတွေဟာ သက်တော်စောင့်တွေ၊ ဘော်ဒီဂတ်တွေ၊ အနားပြာတွေ၊ အပါးတော်မြဲတွေထားတာကလား။

ဗညားပရော်ဟာ မြင်းစီးလာရင်း ရွာတစ်ရွာရောက်တော့ လူအုပ်ကြားထဲမှာ သူ့မြင်းက လန့်ပြီးခုန်လိုက်တာ ဘေးနားက အဘိုးကြီးတစ်ယောက်ကို မြင်းနံပါးနဲ့ တိုက်မိပြီး လဲကျမလို ဖြစ်သွားတယ်။ သူက မြင်းပေါ်က ဆင်းပြီး အဘိုးကြီးကို တောင်းပန်းတယ်။ ဒါပေမဲ့ အဘိုးကြီးက ခါးမျက်သွားတာကြောင့် ဗညားပရော်ကို အတင်းဖက်ထားပြီး

"ကယ်တော်မူကြပါ .. ဒီမှာ မတရားလုပ်နေပါတယ်" လို့အော်တယ်။ မင်းကြီးကလည်း ခြုံလွှာကို ပတ်ထားတော့ ဘယ်သူမှ မမှတ်မိကြဘူး။ မင်းကြီးက မတော်တဆဖြစ်ရတာပါဆိုပြီး တောင်းပန်ပေမယ့် အဘိုးအိုက

"သင့်ကြောင့် ငါ .. ခါးမျက်သွားတယ်။ ငါတို့မင်းကြီးသည် မတရားမှုကို မကြိုက်။ သင့်ကို မင်းကြီးထံပို့မည်။ ငါနှင့် လိုက်ခဲ့ရမည်" ဆိုပြီး အတင်းဆွဲခေါ်တော့တယ်။

ဗညားပရောလည်း ရွာသားတွေနဲ့ အဘိုးကြီး ဆွဲခေါ်တဲ့အတိုင်း နန်းရင်ပြင်ကိုရောက်လာတယ်။ နန်းရင်ပြင် ရောက်တော့ အဘိုးကြီးက ခေါင်းလောင်းကိုထိုးပြီး "ကယ်တော်မူပါ အရှင်မင်းကြီး။ ဤသူသည် ငါ့အား ခါးမျက် စေရန် မြင်းနဲ့တိုက်ပါသည်။ အရေးယူပေးပါ" ဆိုပြီးအော်တယ်။

ဗညားပရော်လည်း ခြုံထည်ကိုဖွင့်လိုက်တော့ မှူးမတ်အပေါင်းနဲ့ ပြည်သူအပေါင်း အံ့အားသင့် သွားကြတယ်။ မင်းကြီးဖြစ်နေတော့ အဘိုးအိုလည်း မှင်တက်မိသွားတာပေါ့။ ဗညားပရော်က ဘာမှ မပြောဘဲ စဉ်းတီတုံးဆီကို လျှောက်သွားလိုက်ပြီး လည်ကိုစင်းပေးလိုက်တယ်။ ပြီးတော့ လူသတ်ကို "ငါ့အား ခုတ်ဖြတ်လော့" လို့ အမိန့်ပေးလိုက်တယ်။

အဲဒီအချိန်ကျမှ မှူးမတ်အပေါင်း၊ ပြည်သူအပေါင်းက ငိုကြွေးပြီး မင်းကြီးကို လည်မဖြတ်ခိုင်းဖို့တောင်းပန်ကြ တယ်။ အဘိုးအိုကလည်း ငိုပြီးတော့

"မင်းမြတ် .. သင့်ကို စကတည်းက ငါသည် မင်းပရော်မှန်းသိတယ်။ သင့်သစ္စာ ဘယ်လောက်တည်သနည်းဟု စမ်းသပ်ခြင်းဖြစ်တယ်။ ငါ့အား ခွင့်လွှတ်တော့။ သင့်လို မင်းတစ်ပါးကို ငါအဆုံးရှုံးမခံနိုင်။ အမှန်အတိုင်း ဆိုရလျှင် ခါးမနာဘဲ ခါးနာချင်ယောင်ဆောင်သော ငါ့တွင်သာအပြစ်ရှိတယ်။ ငါ့ကိုသာ စီရင်ပါတော့" လို့ ပြော လိုက်တယ်။ မင်းကျင့်တရားနဲ့ညီတဲ့မင်းဆိုတော့ ပြည်သူက သေမှာစိုးရိမ်ကြသပေါ့။

ပြည်သူတွေရဲ့ ငိုကြွေးပူဆွေးမှုကို မကြည့်စိမ့်လို့ မင်းကြီး ဗညားပရော်လည်း စဉ်းတီတုံးပေါ်ကထလိုက်ရတယ်။ တိုင်းပြည်အုပ်ချုပ်သူများ ကိုယ်ကျူးလွန်တဲ့အပြစ်အတွက် ဗညားပရော်လို ရဲရဲကြီးလည်စင်းခံရဲသလား ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက်စမ်းပါ။

၂၄.၇.၂၀၁၅

Powered by Bullraider.com