ကျွန်တော်ကြွက်ထိုးလိုက်ခဲ့တဲ့ည

http://i.dailymail.co.uk/i/pix/2013/09/03/article-2409714-1B98D841000005DC-999_634x419.jpg

ကျွန်တော့်ကို ဆရာလေးက “ကြွက်ထိုးလိုက်မလား” ဆိုတော့ ဝမ်းသာသွားတယ်။ ဆရာလေးဆိုတာက ကိုခင်မောင်မြင့်။ ကမ်းမြင့်ရွာက ကျောင်းဆရာဟောင်း။ ကျွန်တော် တာဝန်ကျတဲ့ရွာနဲ့ ကမ်းမြင့်နဲ့က ဟို ဘက်ကမ်း၊ သည်ဘက်ကမ်း။

ကိုခင်မောင်မြင့်က ၇ တန်းနဲ့ ကျောင်းဆရာဖြစ်ခဲ့တာ။ နောက်ပိုင်း အရက်က လူကိုနိုင်၊ ရွာသူနဲ့ အိမ်ထောင်ကျ၊ ကျောင်းဆရာအလုပ်ကထွက်ပြီး ဆင်းရဲစွာဖြစ်သလိုနေထိုင် လုပ်ကိုင်စားသောက်နေတာ။ သူက ကြွက်ထိုး နာမည်ကြီးတယ်။ ဒါကြောင့် အတွေ့အကြုံလိုချင်တဲ့ ကျွန်တော့်အတွက် တစ်ညမှာ သူနဲ့ လိုက်ခဲ့ရတယ်။

သူက ကျွန်တော့်ကို လက်နှိပ်မီးတစ်လက်နဲ့ တစ်ကိုက်လောက်အရှည်ရှိတဲ့ ဝါးရင်းတုတ် တစ်ချောင်းပေးတယ်။ သူကတော့ ပလိုင်းလေးတစ်လုံး လွယ်လိုက်ပြီး လက်က ဝါးရင်းတုတ်တစ်ချောင်းကိုင်ထားတယ်။ ဆောင်းည ဆိုတော့ ချမ်းသဗျ။ သူက ပုဆိုးလေးခြုံပြီး ကုတ်ကုတ်နဲ့ ရှေ့ကသွားတယ်။ လမ်းလျှောက်မြန်တဲ့ သူ့ နောက်ကို မနည်းလိုက်ရတယ်။ ရွာနဲ့ဝေးဝေး လယ်ကွင်းတွေထဲရောက်တော့ သူက လက်ပြပြီး ရပ်ခိုင်းလိုက်တယ်။ လကနည်းနည်းသာနေတော့ ဝန်းကျင်ကို ကောင်းကောင်းမြင်နေရတယ်။ ရိုးပြတ်တွေက ခြေထောက်တွေကို ရှထားလို့ စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ်။

သူက ပလိုင်းထဲကနေ မှန်စက္ကူပြားလေးတွေကို မွှမွှလေးညှပ်ထားပြီး တုတ်ချောင်းတစ်ချောင်းမှာ စုချည်ထားတဲ့ အတံလေးတစ်ခုကို ထုတ်လိုက်တယ်။ ပြီးတော့ “ကျောင်းဆရာ..အသင့်နော်၊ ကြွက်လာလို့ကတော့ လက်ထဲက တုတ်နဲ့ အသေရိုက်ပေတော့။ နိုင်အောင်ရိုက်နော်” လို့လည်း ပြောလိုက်သေးတယ်။

သူက မှန်စက္ကူပြားတုတ်ကို လေထဲထောင်ပြီး တဖျပ်ဖျပ်မြည်အောင် ခတ်လိုက်တယ်။ လေထဲမှာ တရှပ်ရှပ်နဲ့ အသံတွေထွက်လာတယ်။ သူက တိုးတိုးလေး “အဲဒါ ပုစဉ်းတောင်ပံခတ်နေသလို အသံထွက်အောင်လုပ်တာ” လို့ ပြောပြီး “သတိနော် လာနေကြပြီ” လို့ပြောလိုက်တယ်။

ရိုးပြတ်တွေထဲကနေ တဝုန်းဝုန်းတိုးပြီး ထွက်လာတဲ့ အသံတွေ အတိုင်းသားကြားနေရတယ်။ ရင်ထိတ်စရာ ကောင်းတယ်။ မကြာပါဘူးဗျာ မြေကြွက်ကြီးတွေ ခြေထောက်ကို ဝင်တိုးတာ။ ဆရာလေးက တုတ်ကို ခတ်လိုက်၊ ကြွက်ကြီးတွေကို ရိုက်လိုက် အလုပ်များနေတယ်။ ကျွန်တော်ကတော့ ခြေထောက်ကို ကြွက်ကြီး တွေဝင်တိုးတာကို ဆွေ့ဆွေ့ခုန်ရှောင်နေရလို့ ဘယ်မှာ ရိုက်နိုင်မှာလဲ။ ကြွက်တစ်ကောင်က ကြောင်လောက် ဖြစ်နေတာ မရိုက်ရဲဘူး။ ကိုယ့်ခြေထောက်ကိုက်လိုက်ရင်ဆိုပြီး ကန်သင်းရိုးဘက်က ပြေးထွက်ခဲ့ရတယ်။

“ကျောင်းဆရာ ..လာတော့” လို့ပြောမှာ ဆရာလေးအနားကို သွားပြီး လက်နှိပ်မီးနဲ့ထိုးလိုက်တော့ စပါးတွေ၊ မြေပဲတွေစားပြီး ဝဖီးနေတဲ့ ကြွက် ၁၀ ကောင်လောက် အတုံးအရုံးသေနေတာတွေ့လိုက်ရတယ်။ ဆရာလေးက “ကျောင်းဆရာ တယ်သတ္တိကြောင်တာကိုး” လို့ပြောလိုက်သေးတယ်။ သူပြောတာ မှန်တာပဲ။ တကယ်တန်း ကြွက်တစ်ကောင်ကို ရိုက်ဆိုတော့ မရိုက်ရဲတော့ဘူး။ သူတို့က ကြွက်ထိုးလို့ပြောတာ။ အမှန်တော့ ကြွက်ရိုက်လို့ပြောရမှာ။

အပြန် လယ်တဲတစ်တဲမှာဝင်ပြီး ကြွက်တွေကို ကင်တယ်။ ကြွက်ကင်တယ်ဆိုတာ အကောင်လိုက် မီးမြိုက်ပြီး အမွေးတွေ ခြစ်ချ။ ရင်ခွဲ ကလီစာထုတ်ပြီး၊ သွပ်ပြားပေါ် ကားယားတင်၊ အောက်က မီးထပ်မြိုက်တာ။ ကြွက် ကင်နဲ့ လယ်တဲက အရက်ကို သူတို့ လူငါးယောက်အုပ်စု အားရပါးရ စားနေကြတယ်။ မီးတောက် အရက်ကလည်း ငါးယောက်ကို ခြောက်လုံးလောက်ကုန်တယ်။ ကျွန်တော်ကတော့ အရက်လည်းမသောက်၊ ကြွက်ကြီးတွေ ကြည့်ပြီးတော့လည်း မစားရဲ၊ ကောက်ရိုးပုံထဲ တစ်ကိုယ်လုံးသွင်းပြီး အိပ်ခဲ့ရတဲ့ည ခုထိ မေ့မရသေးဘူး။

၁.၈.၂၀၁၅

Powered by Bullraider.com