ကျည်ဆန်တွေကြားက ဥယျာဉ်မှူး (သို့မဟုတ်) ငြိမ်းချမ်းရေးခေါင်းလောင်းထိုး သူ ဦးအောင်ဇင်ထွန်း

https://s-media-cache-ak0.pinimg.com/originals/96/76/7a/96767aab90dc0947313f1cc73d522338.jpg

မြေဖြူတစ်ချောင်းလိုပဲ
သူ့ဘ၀က ဖြူစင်လို့
ကျောက်သင်ပုန်းတစ်ချပ်လိုပဲ
သူ့အနေအထိုင်က ရိုးရှင်းတယ်
ကျောင်းဆရာဘ၀ဆိုတာက
ကျောက်သင်ပုန်းပေါ်
မြေဖြူတောင့်လို ရေးခြစ်ရင်း
တတိတိနဲ့
ပွန်းရိပါးလျသွားရတာမျိုးပါ

ဒါပေမဲ့
အနာဂတ်လှလှကို ပုံဖော်ရေးခြစ်ပေးရတာမို့
နေပျော်ပါရဲ့
အဲ့သလို
ကျောက်သင်ပုန်းပေါ်
မြေဖြူတစ်တောင့်ချင်းတေ့ပြီး
အနာဂတ်ကိုရေးခြစ်တဲ့ကျောင်းဆရာ
ဒီကျောင်းဆရာတစ်ယောက်အပေါ်
ကျည်ဆန်တောင့်က နားထင်တေ့ပြီး
ရက်စက်မှုကို ရေးခြစ်သွားရက်တယ်
လှပတဲ့တိုင်းပြည်တစ်ခုကိုပုံဖော်ဖို့
တပည့်တွေရဲ့ ဦးခေါင်းထဲ
အသိပညာတွေ ညင်ညင်သာသာပစ်သွင်းတတ်တဲ့
ကျောင်းဆရာ

ဒီလိုကျောင်းဆရာလေးရဲ့ ဦးခေါင်းထဲကိုမှ
အမုန်းတရားကို ပစ်ထည့်သွားရက်တယ်
ရိုးသားတဲ့ ကျောက်သင်ပုန်းတစ်ချပ်ပေါ်
ကျူးကျော်ထိပါးစိုက်ဝင်လာတဲ့
ကျည်ဆန်တစ်တောင့်ရဲ့ ရန်လိုမှုက
ဒီတိုင်းပြည်အတွက်
ယမ်းလိုအဆိပ်သင့်စေရဲ့
ဒီကျည်ဆန်က
တရားမျှတမှုနဲ့ အမှန်တရားကိုတော့
မထွင်းဖောက်နိုင်ခဲ့ပါဘူး

နူးညံ့တဲ့အဖြူထည် မြေဖြူတစ်တောင့်ကို
ရိုင်းစိုင်းတဲ့ ကျည်ဆန်တစ်တောင့်က
အနိုင်ယူဖို့ ဘယ်တော့မှမကြိုးစားလေနဲ့
မြေဖြူပေနေတဲ့လက်နဲ့
သွေးစွန်းနေတဲ့လက်
ကြာပွတ်ကိုင်တဲ့လက်နဲ့
ပန်းစိုက်တဲ့လက်
သေနတ်မောင်းခလုတ်ဆွဲတဲ့လက်နဲ့
တယောထိုးတဲ့လက်
ပါးကွက်သားလူရမ်းကားရဲ့လက်နဲ့
ဥယျာဉ်ပျိုးသူရဲ့လက်
မှန်ကန်မျှတတဲ့လက်က မြေဖြူကိုင်ထားပြီး
ရန်လိုသွေးဆာတဲ့လက်က လေးမြားကိုကိုင်လို့

ဘယ်သူ့လက်ထဲမှာ
ကလေးတွေကို ထားရစ်ခဲ့ချင်ပါသလဲ၊ ?

တကယ်ဆို
သံချပ်ကာတင့်ကားတွေ ထက်
လမ်းကြိတ်စက်တွေ ပိုလိုအပ်နေတဲ့အကြောင်း
တုတ်၊ ဓား၊ လက်နက်တွေကို
တူ၊ တံစဉ်၊ ပေါက်ပြားတွေနဲ့
အစားထိုးချိန်တန်နေတဲ့အကြောင်း

ခု ဒီကျောင်းဆရာက
ခေါင်းလောင်း ထိုးပြလိုက်လေရဲ့
လူသတ်ဝါဒနဲ့
မနက်ဖြန်တိုင်းကို
လှပအောင်ထုဆစ်နိုင်တာ ရှိခဲ့ဖူးပါသလားကွယ်
ရွှံ့စေးကို လောက်စာလုံးလုပ်ပြီး
လေးခွကိုင်ရမ်းကားတာတွေ အဆုံးသတ်လို့
ရွှံ့စေးကို " ချိုးငှက်ရုပ်" လုပ်ပြီး
ကျွန်တော်တို့အားလုံး

ပြိုင်တူ "တကူကူး" မှုတ်ကြမယ်
"တကူကူး . . .ကူ
တကူကူး . . .ကူ " ။ ။

(ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မတရားဖမ်းဆီးခေါ်ဆောင်ကာ အသတ်ခံခဲ့ရသော အလယ်တန်းပြဆရာ ဦးအောင်ဇင်ထွန်းသို့)

(ဇန်န၀ါရီ ၂၃ ရက် - ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ)

Powered by Bullraider.com