ကလေးတွေ အမေပျောက်စဉ်က

၁၉၃၉ ခုနှစ်က ပိုလန်ပြည်ကို
နာဇီဖက်ဆစ်တပ်တွေ ကျူးကျော်တော့
တပြည်လုံးပဲ သွေးချောင်းစီးကာ စစ်ဖြစ်ခဲ့တယ်
မြို့တွေ ရွာတွေ အများကြီးပဲ
တစပြင်အတိ ဖြစ်ခဲ့တယ်။

မောင်ပျောက်တဲ့ ညီမသည်တွေ
စစ်ဒဏ်ကြောင့် မုဆိုးမ ဖြစ်ရရှာတဲ့ ဇနီးသည်တွေ
လောင်မီးတွေ အနှံ့ကျပြီး အကွဲကွဲ အပြားပြားနဲ့
ကလေးတွေ အမေနဲ့ကွဲပြီး ကစဥ့်ကရဲ ဖြစ်ခဲ့ပါတယ်။

ပိုလန်သတင်းတွေ မှောင်ကျသွားခဲ့တယ်
ပေးစာတွေလည်း မရ၊ သတင်းစာတွေလည်း ဖတ်ခွင့် မကြုံတော့ဘူး
သို့ပေမဲ့
ဥရောပ အရှေ့ဖျား နိုင်ငံတခုက လူတွေဟာ
ပိုလန်ပြည်နဲ့ ပတ်သက်တဲ့ မကြုံဘူးတဲ့
ဖြစ်ရပ်ဆန်း တခုအကြောင်း
သတင်းစကားတခု ကြားကြရတယ်။

နှင်းသည်းထန်တဲ့ ဆောင်းလယ်မှာပဲ
ပိုလန်ပြည် အရှေ့ပိုင်းက မြို့လေးတမြို့မှာ
ကြုံခဲ့ရပုံလေးလေ
ကလေးတွေ အမေပျောက်တော့ ကလေးချင်းစုကာ
အမေ သို့မဟုတ် ခိုကိုးရာ လိုက်လို့ ရှာကြပါတယ်။

တာလမ်းမကြီးတွေ တလျှောက်မှာ
ငတ်ပြတ်နေတဲ့ ကလေးတွေဟာ အစုအဝေးနဲ့
ခိုကိုးရာ ရှာတယ်
အိမ်ပျက်တွေနား ရောက်တော့
အိမ်ထဲက ကလေးတချို့ထွက်လာပြီး
အဲဒီ အစုအဝေးထဲကို လိုက်လာ
ဖေဖေ မေမေတို့ကို ရှာဖို့ လိုက်ခဲ့တယ်။
လူသတ်ကွင်းဖြစ်တဲ့ မြို့ပျက်နဲ့တော့ ဝေးချင်ကြပါတယ်တဲ့
ညဆို တစ္ဆေတွေကလည်း ချောက်ပါဘိသနဲ့
ဒီကနေ ထွက်သွားပြီး
စိတ်အေးချမ်းသာရာ ရမယ့်
တိုင်းပြည်သစ်တခုတော့ တွေ့ကောင်းပါရဲ့ ထင်မိတယ်။

ကလေးတယောက်က ခေါင်းဆောင်ပါတယ်
ခေါင်းဆောင်နောက်ကို ကလေးတွေ လိုက်ကြမယ်
ခက်တယ် ... အဲဒီခေါင်းဆောင်ကလည်း လမ်းမသိဘူး
ဦးနှောက် သိပ်ရှုပ်တာပဲ။
ဆယ်နှစ် သမီးလေး တယောက်ဟာ
လေးနှစ်သားအရွယ် မောင်ငယ်ကလေးကို ပွေ့ချီလိုက်ပါလာတယ်
သူ့မောင်လေးကို သူ့သားလေးလို
ဂရုတစိုက် မွေးကျွေးခွင့် ရချင်ရှာမှာပဲ။

ဟောဟိုမှာ ... ကတ္တီပါ အင်္ကျီနဲ့ ကလေးလေး တယောက်
ကတ္တီပါကော်လာမှာလဲ နှင်းစက်လေးတွေ
စွတ်စွတ်စိုလို့ပဲ
ခြေမွေးမီးမလောင် အကျသားနေခဲ့ ထိုင်ခဲ့ရတဲ့ ဒီကလေး ခမျာလဲ
တခြားကလေးတွေလို ဒုက္ခရောက်နေတာပါပဲ။

စစ်တိုက်တမ်း ကစားလေ့ရှိတဲ့ ညီအကို နှစ်ဦးဟာ
စားစရာတွေ့မလားလို့ လယ်တဲတခုကို
ချဉ်းကပ် ဖေါက်ထွင်းတယ်
တဲထဲမှာ ဘာစားစရာမှ မတွေ့တော့
သူရဲကောင်းလေး နှစ်ဦးဟာ
တဲကနေ ပြန်ဆုတ်ခွာလာရပါတယ်။

ပိန်ချုံးပြီး စိတ်ညစ် ချောင်ကပ်နေတဲ့
ဟို ကလေးလေးက ငြိမ်လှချည့်လား
သူက အရင်တုန်းက
နာဇီအဖွဲ့ထဲ ၀င်ခဲ့ဖူးတယ်လေ
ဒီလိုဝင်မိခဲ့တာကိုပဲ
သူ့ကိုယ်သူ အကြိမ်ကြိမ် ဆဲရေးပြစ်တင်နေမိတယ်။

ဂီတသမားလေး တယောက်လည်း ပါတယ်
ဂိုဒေါင်ပျက်ကြီးတခုထဲက ဘင်ကလေး တလုံး ကောက်ရထားတယ်
ဒါပေမဲ့
ရန်သူစစ်တပ်တွေ ကြားမှာစိုးလို့
ဘင်ကလေးကို တီးချင်ရက်နဲ့ မတီးရဲရှာပါဘူး။

ခွေးတကောင်လည်းပါသေး
သတ်ပြီး ဟင်းချက်စားဖို့ ခေါ်လာတာလေ
လက်တွေ့တော့ ခွေးကို မသတ်ရက်ဘူး ... သနားတယ်
ခွေးကလည်း တန်းလန်းတန်းလန်းနဲ့ လိုက်လာတာပဲ။

စာပြတမ်း သိပ်ကစားချင်တဲ့
ကလေးတယောက်လည်း ပါတယ်
ကကြီး ခကွေး သင်ပေးမယ်တဲ့
တင့်ကားပျက်ကြီးတခုရဲ့ နံရံမှာ
စာလုံးပေါင်းတွေ ရေးကာ စာသင်ပေးပါတယ်။

ရေတံခွန်ကြီးတခုရဲ့ ဘေးကိုရောက်တော့
ရေသံ ဆူညံတာကို အကာအကွယ်ယူကာ
အပျော်တမ်း ပြဇာတ်လေး ကပြီး
ဘင်သမားလေးက ဘင်တီးတယ်
ဘယ်သူမှ ဒီကအသံတွေကို မကြားနိုင်တော့ဘူးလေ။

ဆယ့်နှစ်နှစ် သမီးလေး တယောက်နဲ့
ဆယ့်ငါးနှစ်သားလေး တယောက်
ရီးစားဖြစ်သွားကြသေးတယ်
လယ်တဲပျက်ကလေး ဘေးမှာ
နှစ်ယောက်သား ထိုင်ကာ
ကောင်လေးကို ကောင်မလေးက ခေါင်းဖီးပေးတယ်။

စစ်ပြေးခရီးစဉ်ရဲ့ ထန်ပြင်းတဲ့ အတိဒုက္ခတွေကြားမှာ
အချစ်စိတ်ကို ဘယ်လိုရှင်သန်အောင် လုပ်နိုင်ကြမှာလဲ
နှင်းတွေ သိပ်သိပ်သည်းသည်း ထူထူထပ်ထပ်ကျနေရင်
ပဲကလေးတွေ အညှောင့် မပေါက်နိုင်ဘူးလေ။

တနေရာမှာ တခြားနေရာက ကလေးတစုနဲ့ တွေ့တယ်
တဖွဲ့နဲ့ တဖွဲ့ စကားများ ရန်ဖြစ် ရိုက်နှက်ကြတယ်
အဓိပ္ပါယ်မဲ့စွာ ရန်ဖြစ်နေမှန်း စဉ်းစားမိကြတော့
ဆက်ပြီး ရန်မဖြစ်ကြတော့ဘူး။

လမ်းဗိုလ်တယောက်ရဲ့ အိမ်ကို ဗဟိုပြုပြီး
တဦးနဲ့ တဦး ရိုက်နှက်
တဖွဲ့နဲ့ တဖွဲ့ ရန်ပြုနေကြတုန်းမှာ
အဖွဲ့တဖွဲ့ဟာ ပါလာတဲ့ စားစရာတွေ ကုန်သွားတယ်
သိပ်ကို စိတ်ဒုက္ခရောက်တာပဲ၊ ခက်တယ်။

တခြားအဖွဲ့က ဒီသတင်းကိုကြားတယ်
ငတ်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ တွေးတယ်
ရန်သူ ကလေးတွေဆီကို
အားလူးအိတ် တအိတ် ပို့ပေးတယ်
စားစရာမရှိဘဲ စစ်တိုက်လို့ မဖြစ်ပါဘူး။

အငြင်းအခုံဖြစ်ပြီး ဆူညံသွားသေးတယ်
ရန်ဖြစ်တဲ့ ကလေးနှစ်ယောက်ဟာ
ဒေါသမီး ဟုန်းဟုန်းတောက်နေကြတယ်
ကလေးတယောက်က ၀င်ပြီးဖြန်ဖြေဖို့ ကြိုးစားပါသေးတယ်
ဖြန်ဖြေသူကို ၀ိုင်းဆဲလိုက်တာနဲ့
တရားသူကြီးလဲ ခွေသွားတာပဲ။

တယေက်နဲ့တယောက် အကူအညီပေးကြတာလဲ ရှိပါတယ်
ကူညီတယ်ဆိုတာ တကွက်မှ အပြစ်တင်စရာ မရှိပါဘူးတဲ့
အိမ်စေမလေး တဦးဟာ ချာတိတ်လေး တယောက်ကို ရေချိုးပေးခြင်းဖြင့်
အကူအညီဆိုတာ အကျိုးပြုလုပ်ငန်း ဖြစ်ကြောင်း လက်တွေ့ပြတယ်။

ဒါပေမဲ့ အဲဒီ အိမ်စေမလေးဟာ သူများကို ကူညီဖို့
တနေ့ နှစ်နာရီပဲ အချိန်ရရှာပါတယ်
သူ့သခင်မလေးအတွက်
အ၀တ်လျှော်ပေးရသေးတာမို့
တာဝန်ကိုလည်း အပျက်မခံဝံ့ရှာဘူးလေ။
ကတ္တီပါအင်္ကျီနဲ့ သဌေးသားကလေး
လမ်းမှာ သေသွားတယ်
ဂျာမန်ကလေး နှစ်ယောက်က
သူ့အလောင်းကို သယ်ပေးပြီး မသာချကြရတယ်၊
အလောင်းကို တနေရာမှာပဲ မြေမြုပ်ခဲ့ရပါတယ်။
ရေဖြန်းခရစ်ယာန်ရော ရေနှစ်ခရစ်ယာန်ရော
နာဇီအဖွဲ့ဝင်ဟောင်းတွေရော ကျင်းနားမှာ ရှိကြတယ်၊
မြေမြှုပ်ပြီးတဲ့အခါ ဆိုရှယ်လစ်ဝါဒ စိတ်ဝင်စားတဲ့ ကလေးတယောက်က
ခု မသေဘဲ ကျန်သူတွေရဲ့
နောင်တခေတ် အလားအလာကို တရားဟောတယ်။

ဆိုရှယ်လစ်လူ့ဘောင်အတွက်
မျှော်လင့်ယုံကြည်ကြပါတယ်
လောလောဆယ်တော့ ထမင်းမရှိ ဟင်းမရှိ၊
စားစရာ ရှိရက်နဲ့ ခေါ်မကျွေးရင်တော့
ခိုးစားကြရမှာပဲ
ထမင်းမကျွေးလို့
ရှိတဲ့ဆီက ခိုးတာ တရားတယ်။
ဆင်းရဲလို့ မကျွေးမမွေးနိုင်တဲ့လူကိုတော့
ခေါ်မကျွေးနိုင်ရင်လဲ အပြစ်မတင်ပါဘူး
ကျွေးချင် မွေးချင် ဒါနပြုချင်ပေမယ့်
ကျီထဲမှာ စပါးမရှိရင် ဘယ်သူ ထမင်းခေါ်ကျွေးနိုင်မှာလဲ။
လူနှစ်ယောက် သုံးယောက်လောက်တော့
ကျွေးမွေးပြုစုနိုင်ပါတယ်
လူသိပ်များရင် မတတ်နိုင်ဘူးလေ
အိမ်တံခါး ပိတ်လိုက်ရတာပဲ။

လယ်တဲပျက်တခုကို ရောက်တော့
စပါးအိတ် တအိတ် တွေ့ပါတယ်
ဆန်ဖွပ်မယ် ထမင်းချက်မယ်
ဆယ့်နှစ်နှစ်အရွယ် ကောင်မလေးတယောက်
ကြိုးစားရှာပါတယ်။

ထောင်းလိုက် ထုလိုက်
ထင်းတွေ ရှာကာ အသင့်ချထားလိုက်ကြသေး
ဆန်ကမကောင်းဘူး၊ ကြေနေတယ်
ဆန်မှ မဖွပ်တတ်ဘဲကိုး။

တောင်ဘက်အရပ်ဒေသဆီ သွားကြမယ်တဲ့
တောင်ဘက်ဆိုတာ
မွန်းတည့်ချိန်မှာ နေမင်းကြီးက
ခေါင်းပေါ်မှာ တည့်တည့်ကြီးထွန်းလင်းတဲ့ ဒေသတဲ့လေ။

တနေ့ ထင်းရှူးတောတခုထဲ ရောက်တော့
ဒဏ်ရာနဲ့ လဲနေတဲ့ စစ်သားတယောက်ကို တွေ့တယ်
ဒီလူ နေကောင်းအောင် ခုနှစ်ရက်လောက် ပြုစုကုသကြတယ်
ဒီလူကြီးကတော့ ဒို့ကို လမ်းပြနိုင်မှာပဲလို့ ထင်ပြီး
ပျော်လည်း ပျော်ကြတယ်။
`ဘစ်ဂိုရေး´လို့ ခေါ်တဲ့ မြို့ကိုရောက်အောင် သွားကြလို့ ... ပဲ
စစ်သားကြီးက ပြောနိုင်ရှာတော့တယ်
အဖျားက လွန်နေပြီမို့
ရှစ်ရက်မြောက်နေ့မှာ သေတော့တယ်
ကလေးတွေဟာ စစ်သားအလောင်းကို မြေမြုပ်ပေးခဲ့ကြတယ်။

နှင်းတောထဲမှာ မြုပ်နေတဲ့ ဘစ်ဂိုရေးဆီ ညွှန်ပြတဲ့
လမ်းပြ ဆိုင်းဘုတ်တခုကို ကလေးတွေ တွေ့ကြတယ်
ဆိုင်းဘုတ်ဟာ နေရာမှန်မှာ မရှိတော့ဘဲ
လမ်းလွှဲပြဖို့ ရွှေ့ထားတာကို
ကလေးတွေ မသိကြပါဘူး။

စစ်ကာလ စစ်ရေးစစ်ရာမို့
ရီစရာ ပြောင်တာမဟုတ်ဘူး
တမင်လမ်းလွှဲဖို့ ဆိုင်းဘုတ်ရွှေ့ကာ
လမ်းမှားဆီ ပြထားတာ ဖြစ်တယ်
ကလေးတွေဟာ
သူတို့ လိုက်ရှာလို့ တွေ့နိုင်မှာမဟုတ်တော့တဲ့
ဘစ်ဂိုရေး မြို့ကို
လိုက်ရှာဖို့ ခရီးဆက်ကြတယ်။

ကလေးခေါင်းဆောင်နားမှာ
အားလုံးစုပြီး ခဏ ရပ်လိုက်တယ်
နှင်းဝေနေတဲ့ ကောင်းကင်ပြင်ကို စိုက်ကြည့်ကြတယ်
`ဟောဟိုမှာ ....
ဘစ်ဂိုရေးမြို့ ရှိလိမ့်မယ်´
ခေါင်းဆောင်က စိတ်မှန်းနဲ့ လက်ညှိုးထိုးပြနေတယ်။

ခရီးဆက်တော့ ညမှာ မီးရောင်တစုကို တွေ့တယ်
အနားကို မကပ်ရဲပါဘူး
တင့်ကားကြီး သုံးစီးနဲ့
စစ်သားတွေ အများကြီးကို မြင်ရပါတယ်။

တခါတော့
မြို့တော်ကြီးတခုကို ရောက်ကြသေးတယ်
မြို့ကို ကွေ့ပတ် ရှောင်ကွင်းကြပါတယ်
နေ့ခင်းဆို ခရိးမသွားရဲဘူး
မြို့ကို ကွင်းပြီး ရှောင်ခဲ့ရပါတယ်။

နှင်း သိပ်ကျတဲ့
ပိုလန်ပြည် အရှေ့တောင်ပိုင်းကို
ကလေးငါးဆယ့်ငါးဦး ရောက်လာကြတာပဲ
နောက်ဆုံးအဆင့် စုံစမ်းလို့ ရခဲ့ပါတယ်။

သူတို့အကြောင်း မျက်စိစုံမှိတ်ကာ တွေးကြည့်မိတယ်
စပါးကျီပျက် တခုက တခု
ဟိုသွား ဒီသွားနဲ့
ခရီးသည် ကလေးတွေကို မြင်ယောက်နေမိပါတော့တယ်။
နောက်တော့ တနေရာရာကပဲ
နှင်းအေးထဲမှာ မဆုံးတမ်း ခရီးဆက်နေရတဲ့
အိုးပစ် အိမ်ပစ် စစ်ပြေးဒုက္ခသည်တွေ
အသစ် အသစ် ထပ်ပေါ်ပေါက်လာကြပါတော့တယ်။

ငြိမ်းချမ်းသော ကမ္ဘာမြေကို
တောင့်တ ရှာမောကြတယ်
စစ်မီးဟာ ဒီလူတွေရဲ့ တိုင်းပြည်တွေကို
ပြာကျ ပျက်စီးစေခဲ့ပါတယ်၊
ဒီလိုလူတွေ ဒီလိုပြည်တွေ ပိုများလာပါတယ်။

ကျနော့်ရဲ့ မြင်ကွင်းထဲမှာ
စစ်ပြေးဒုက္ခသည်တွေ ပိုများလာတာ တွေ့ရတယ်
စပိန်ပြည် ပြင်သစ်ပြည် စသည် စသည်
အစုလိုက် အပြုံလိုက် ဒုက္ခရောက်ကြတယ်။
အဲဒီနှစ် ဇန်န၀ါရီလမှာ
ပိုလန်လူမျိုးတချို့ဟာ အစာငတ်ပြတ်နေတဲ့
ခွေးတကောင်ကို ဖမ်းမိတယ်
ခွေးရဲ့လည်ပင်းမှာ စာတမ်းကပ်ကလေးတခု
ကြိုးနဲ့ချီပြီး တန်းလန်းဆွဲထားတာ တွေ့တယ်။

စာကတော့
`ကျေးဇူးပြု၍ ကူညီပါခင်ဗျား
ကျနော်တို့ ဘယ်ရောက်နေလဲ မသိတော့ပါဘူး
ကျနော်တို့ ကလေးငါးဆယ့်ငါးဦးရှိရာသို့
ဤခွေးက ခင်ဗျားကို လမ်းပြပေးပါလိမ့်မယ်။
တကယ်လို့ ခင်ဗျား ကျနော်တို့ကို
လာမကယ်အားပါက
ဒီခွေးကို လွှတ်လိုက်ပါ
ခွေးကိ မပစ်သတ်ကြပါနဲ့၊ ကျနော်တို့ရှိရာကို
ဒီခွေးကလွဲလို့ ဘယ်သူမှ လမ်းရှာလာတတ်မှာ မဟုတ်ပါဘူး´
ကလေးလက်ရေးလေးနဲ့ပဲ
လယ်သမားတွေက ဒါကို ဖတ်မိကြပါတယ် ...။

အဲဒီနောက် ... နှစ်နှစ်လောက်ကြာတော့
အစာငတ်နေတဲ့ အဲဒီခွေးဟာ
လှဲ့လည်သွားလာရင်း
သေသွားတယ်။      ။

ဗားတော့ဗရက်
(ဘာသာပြန်= တင်မောင်အေး)
စာအုပ်ထုတ်ဝေခုနှစ် = ၁၉၇၀၊ ဇူလိုင်လ

Powered by Bullraider.com