၅ ခါ နားပြီး ၅ ခါ ကြည့်ပါ

လောကရဲ့ မျက်ဝန်းအစုံတို့
ခဏလောက်တော့ အကြည့်ရပ်ပေးကြပါ
ဒီမှာလေ ဒီမှာ
စစ်ပြေးဒုက္ခသည် တယောက်
နေစရာပျောက်နေသတဲ့။

လောကရဲ့ သောတ သဒ္ဒါရုံအပေါင်းတို့
ခဏလောက်တော့ နားစွင့်ပေးကြပါ
ဒီမှာလေ ဒီမှာ
သူတောင်းစား တယောက်
ခွက်ပျောက်နေသတဲ့။

လောကရဲ့ ဖောဠဗ္ဗာရုံအပေါင်းတို့
ခဏလောက်တော့ အထိရပ်ပေးကြပါ
ဒီမှာလေ ဒီမှာ
ကလေး..လေး တယောက်
အမေပျောက်နေသတဲ့။

လောကရဲ့ ဂန္ဓာရုံအပေါင်းတို့
ခဏလောက်တော့ ရှူခြင်းတန့်ပေးကြပါ
ဒီမှာလေ ဒီမှာ
အမယ်အို တယောက်
သား..ပျောက်နေသတဲ့။

လောကရဲ့ ရသရုံအပေါင်းတို့
ခဏလောက်တော့ လျှာလိတ်ပေးကြပါ
ဒီမှာလေ ဒီမှာ
ကဗျာဆရာ တယောက်
နိုင်ငံ...ပျောက်နေသတဲ့။

ခင်ဗျားတို့ရဲ့ အာရုံငါးပါး
ခဏလောက် နားပေးကြပါ
ဒါလောက်ပါပဲ...ဒီလောက်လေးပါပဲ
အရပ်ကတို့ရယ်။

ကြခတ်

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238