မြို့ပျက်ကြီးဆီ လာတဲ့မြို့

စိတ်လက်မအီမသာနဲ့

လမ်းသလား ဇာတ်လိုက် ပိုးမွှားတွေကြား

လန့်လန့်နိုး ငှက်ဖျားတက်နေရတဲ့မြို့။

ခေတ်ပျော်ကောင်မလေးတွေနဲ့

ကျုံးသာယာ ညနေခင်းတွေမှာ

လေညှင်းခူးဘီယာ မသောက်နိုင်တော့တဲ့မြို့။

မာတိကာမှာ

နိုင်ငံတကာယဉ်ကျေးမှုတွေနဲ့တောက်စား

အညံ့စား မဂ္ဂဇင်းတစ်အုပ်နဲ့ တူလာတဲ့မြို့။

ယဉ်ကျေးမှုအသစ်တွေရဲ့

ဗြောင်ကျကျ

ရမ်းကားစော်ကားမှုကို ခံနေရတဲ့မြို့။

ကူးသန်းရောင်းဝယ်ရေးတွေနဲ့

ရေးကြီးသုတ်ပြာလုံးထွေး

စားပြီးသားပန်းကန် မဆေးနိုင်ပဲ ထားခဲ့ရတဲ့မြို့။

ချစ်သူအချင်းချင်းတောင်

ဒေါ်လာထက်ထက်နဲ့ လည်ပင်းလှီးပြီးမှ

ရင်ချင်းကပ် အနံ့ခံခဲ့ရတဲ့မြို့။

အတွင်းသားမှာ မာဖီးယားဆန်ဆန်

အပြင်နံရံမှာ

ကြက်ဝိုင်း အရက်ဝိုင်း ဖဲဝိုင်းနဲ့

မီးအဝိုင်းခံနေရတဲ့မြို့။

ကလင့်အိစ်ဝုဒ်တောင်

ယောင်လို့

ဖြတ်မလျှောက်ရဲတဲ့မြို့။

သူ့လည်ပင်းက ဆွဲကြိုးကို

ဖြတ်တောက်ပေါင်နှံရင်း

လည်ပင်းအစ် အရှက်တကွဲ ဖြစ်ရတော့မယ့်မြို့။

မြစ်တစ်မြစ်ရဲ့

အဆုံးသတ်နှုတ်ခမ်းကို

ဖိကပ်မနမ်းနိုင်တော့လောက်အောင်

နှုတ်ခမ်းမရှိတော့တဲ့မြို့။

ဖြစ်တည်မှုတွေ

နဝေတိမ်တောင်နဲ့

ယောင်ချာချာ လမ်းပျောက်နေတဲ့မြို့။

အေးလေ …

အဲသည်မြို့

ဒီမြို့ကို ငါရောက်လာတာကလည်း

အများအလိုဆန္ဒအတိုင်း

တသွေးတမွေး ဖြစ်ရအောင်လို့ပဲပေါ့။ 

Powered by Bullraider.com