မိုးမြေမက

http://www.beliefnet.com/columnists/beginnersheart/files/2014/06/teacher-appreciation.jpg

٭ တုတ်ဖြင့်ခြိမ်းခြိမ်း၊ နှုတ်ဖြင့်ကြိမ်းလည်း

စိမ်းရုပ်မဆင်၊ ဒေါသစင်သည်

ငယ်စဉ်တုန်းက မြတ်ဆရာ။

٭ ဖျင်ပင်နီကြမ်း၊ တစ်ပတ်နွမ်းနှင့်

ကျောင်းခန်းထဲဝင်၊ စာကိုသင်တိုင်း

အမြင်မတော်၊ ရှိခဲ့သော်လျှင်

ကြေးညှော်ညစ်ထေး၊ သုတ်သင်ပေးသည်

ငြိမ်းအေးချမ်းမြ ငယ်ဆရာ။

٭ တစ်နေ့သောခါ၊ ကျောင်းတော်မှာလျှင်

ပညာရည်ချွန်၊ ဆုမွန်နှင်းရာ

ငါပထမ၊ ဆုကိုရသော်

ကြီးစွဣနြေ္ဒ၊ ထိန်းခဲ့လေငြား

ရွှန်းဝေပီတိ၊ သည်းခိုက်ငြိလျက်

ငါ၏ဆံဖျား၊ ဖူးပြင်ပါးကို

အားရကြူမွှေး၊ ဆရာထွေးသော်

နွေးဖိုရင်လှိုက်၊ ပီတိခိုက်၍

ငါ၌မျက်ရည် ကျဖူးသည်။

٭ ယခုတော့ကာ၊ ငါ့ဆရာသည်

ဘယ်မှာဘယ်ဆီ၊ နေရှာသည်ဟု

ငါသည်တိကျ၊ မသိရတော့

ဆရာ့ရင်ခွင်၊ ပန်းဥယျာဉ်မှ

သန့်စင်ခိုမှေး၊ ပန်းကလေးလျှင်

မွှေးကြူဘယ်သို့၊ ဂုဏ်မချို့ကြောင်း

နှစ်မြို့ဝမ်းသာ၊ ရှိစိမ့်ငှာလည်း

ငါ့မှာအခွင့် မပိုင်လင့်တော့။

٭ သြော် . . . .

နွေဦးရွက်ဝါ၊ သို့ပမာလျှင်

ဆရာ့လွင်မျော၊ ရှာသလောဟု

လှိုက်မောရင်လှပ်၊ တွေးကြံလတ်သော်

မြတ်ဆရာကော၊ ဆရာကောဟု

ဥသြငှက်သွင်၊ ခြေဆန့်ချင်လည်း

ငါ့တွင်တောင်လက်၊ မရှိခက်၍

ထိပ်ထက်လက်မိုး၊ ငါရှိခိုးသည်

မိုးမြေမက ဂါရဝ။

ဆုမွန်ရင်၌ ပန်ဆင်သ။

ကျန်းခံ့ဆရာ သာကြောင်းပ။     ။

မြတ်ဆရာ မဂ္ဂဇင်း

၂၀၀၂ ခုနှစ်

Powered by Bullraider.com