အင်ဒိုနီးရှားနိုင်ငံမှ မိုဘိုင်းလ် လူငယ်များ

https://cdn.techinasia.com/wp-content/uploads/2015/01/indonesia-phone-users.jpg

အင်ဒိုနီးရှားနိုင်ငံတွင် လူငယ်ပေါင်း သန်း ၂၄၀ ခန့်ရှိနေပြီး ထက်ဝက်ခန့်သည် အသက် ၃၀ အောက် အရွယ်များ ဖြစ်ကြသည်။ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများတွင် လူငယ်များကို အလွန်တန်ဖိုး ထားလေ့ရှိကြသည်။ ၁၉၄၀ ပြည့်နှစ် တော်လှန်ရေးကာလ လွန်မြောက်ခဲ့သည့် အချိန်ကတည်းက ၁၉၆၆ နှင့် ၁၉၈၈ ခုနှစ် အရေးအခင်းများသည် လူငယ်များ ဦးဆောင်ခဲ့သည့် ပြောင်းလဲခြင်း လှုပ်ရှားမှုများ ဖြစ်ပါသည်။

ယနေ့ အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုပေါင်းများစွာကို အကောင်အထည်ဖော်နေကြသည်။ ၁၉၇၇ ခုနှစ်နောက်ပိုင်း အာရှဘဏ္ဍာရေးအကျပ်အတည်းကို လွန်မြောက်လာချိန်ကတည်းက အလယ်အလတ် လူတန်းစားတွေ ပိုများလာကြောင်းတွေ့ရသည်။ ထို့ကြောင့် လူငယ်များကို မိဘများက ပိုပြီး ပညာသင်ကြား နိုင်ရန် အခွင့်အရေးတွေ ပေးလာကြသည်။ အနာဂတ်ကို ပြုပြင်ပြောင်းလဲရာတွင် ပညာတတ်လူတန်းစားများ ဖြင့် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်စရာများ ဖြစ်လာသည်။

ဆူဟာတိုခေတ် New Order ဆိုသည့် ပြုပြင်ပြောင်းလဲမှုခေတ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စတင်ခဲ့ သည်ဟုဆိုရမည်။ တစ်နည်းဆိုရင် ခေတ်ပြောင်းချိန်တစ်ခုအပေါ် စတင်မိပြီး အင်ဒိုနီးရှားသည် အရွေ့တစ်ခုကို ရောက်လာချိန်ဟုလည်း ဆိုနိုင်သည်။ ထောင်စုနှစ်ပန်းတိုင်များ ချမှတ်ပြီး ပညာရေးတွင် ကမ္ဘာ့မူလတန်းပညာ သင်ကြားရေးအဆင့်များအတိုင်း စတင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။ အရည်အသွေးမြင့် ကမ္ဘာ့ပညာရေး စနစ်ကို သူတို့လူငယ်များအတွက် စတင်ကာ ပြုပြင်ပြောင်းလဲပေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ထောင်စုနှစ်ပန်းတိုင်နှင့် စိတ်ကူးသည် လူငယ်များအား ကမ္ဘာကို ရှုမြင်တတ်စေရန် လမ်းဖွင့် ပေးခဲ့သည်ဟုဆိုရမည်။ မိုဘိုင်းလ်ဖုန်း အသုံးပြုနေမှုသည် ၁၂၆ ရာခိုင်နှုန်းခန့်ရှိနေပြီး ဆိုရှယ်မီဒီယာကို လူငယ် များ အသုံးပြုနေမှုမှာ ကမ္ဘာ့တတိယနေရာတွင် ရှိနေသည်။ လူငယ်တိုင်း မိုဘိုင်းလ်ဖုန်းများ ကိုင်ဆောင်ပြီး ဆိုရှယ်မီဒီယာကို ရူးသွပ်စွာ သုံးစွဲနေခြင်းမှာ ကြောက်ခမ်းလိလိဖြစ်သည်။

အနောက် မီဒီယာများနှင့် ဆက်သွယ်နေမှုတွေကလည်း တိုးတက်လျက်ရှိသည်။ မတော်မလျော်ပုံတွေ ရယူ ကြည့်ရှုနေမှုများလည်း အလွန်များသည်။ ၂၀၀၆ ခုနှစ်တွင် အင်တာနက်မှ မတော်မလျော်ပုံများ ရယူနေမှု များကို ဥပဒေထုတ်ပြီး တားမြစ်ပိတ်ပင်ရသည်အထိ ဖြစ်ခဲ့ရသည်။ လူငယ်တွေက ခေတ်မီဖွံ့ဖြိုးမှု လမ်းကြောင်း နောက်ကို လိုက်ကုန်သည်။ ရိုးရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို စွန့်ခွာကုန်သည်အထိ ဖြစ်လာကြသည်။ လူငယ်တွေ ကျေးလက်ကိုစွန့်ပြီး မြို့ကြီးများတွင် ဖြစ်သလိုလာရောက် အသက်မွေးနေကြသည်။ မြို့ပေါ်တွင် လူငယ်တွေ ပုံလာသဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း နည်းပါးလာသည်။ ပညာတွေ သင်ပြီး ပညာတတ်တွေ များလာသော်လည်း ဘွဲ့ရ အလုပ်လက်မဲ့ဦးရေကလည်း အလွန်များလာခဲ့ရသည်။ တောက နေမြို့တက်လာ၊ ပညာတွေသင်၊ အစိုးရအလုပ်တစ်ခုခု ရရာဝင်လုပ်ပြီး လူငယ်တွေ မြို့တွင် ပြုံတိုးနေမှုအား မတားဆီးနိုင်လောက်အောင်ဖြစ်လာသည်။

မိဘတွေကလည်း တောမှာနေပြီး သူတို့လို ဘဝတွေကို သေဆုံးရမည့်အစား သားသမီးတွေ မြို့တက်ကာ ပညာရှာ၊ အလုပ်ရှာ၊ ကြင်ယာရှာခြင်းများကို အကောင်းဘက်ကတွေးပြီး ဖြည့်ဆည်းပေးနေကြသည်သာ ဖြစ်သည်။ လူငယ်တွေကလည်း ပြည်တွင်း မြို့ပြများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါလာသဖြင့် နိုင်ငံခြားထွက်ပြီး ဘာလုပ်ရ လုပ်ရ ဘဝတွေကို ရင်းရန် ဆုံးဖြတ်ထားကြသည်။

ဆော်ဒီနိုင်ငံသည် အစ္စလာမ်ဘာသာကိုးကွယ်သည့် နိုင်ငံဖြစ်သောကြောင့် အင်ဒိုနီးရှားမှ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် အလုပ်လက်မဲ့ လူငယ်များကို မျက်စိကျစရာဖြစ်လာသည်။ အနာဂတ်ကို စိတ်ပျက်နေသော ပညာတတ်အင်ဒိုလူငယ်များက ဆော်ဒီနိုင်ငံထွက်ပြီး အလုပ်လုပ်ရန် ပိုပြီး စိတ်ထက်သန်လာကြသည်။

နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများက အင်ဒိုနီးရှားမှ လူငယ်များကို ရွေးချယ်စရာ မရှိ လောက်အောင်ဖြစ်လာစေခဲ့ပါသည်။ သူတို့ဘဝတွင် ကောင်းရာမွန်ရာအနေအထားရောက်ရန် နိုင်ငံခြားထွက်ပြီး ဘာရရ လုပ်ရန်မှတစ်ပါး အခြားအကြောင်းမမြင်။ အင်ဒိုနီးရှားနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟချက်ကလည်း ကြီးမားလွန်းလှသည်။ သူတို့နိုင်ငံက လူငယ်တွေကို ယုံကြည်ကြောင်း၊ အားကိုးကြောင်း မည်မျှ တဖွဖွ ပြောနေ သည်ဆိုစေ လူငယ်တွေက သူတို့ခေါင်းဆောင်တွေကို မယုံကြည်စွာဖြင့် ဘဝအတွက် ပြည်ပထွက်နေကြကာ ပင်ပန်းဆင်းရဲ အောက်ကျခံနေကြရသည်ကတော့ အမှန်ပင်ဖြစ်သည်။

(Ref: Indonesia’s mobile youth, Kathryn Robinson, ANU)

Powered by Bullraider.com