ဗားရှင်း

https://static1.squarespace.com/static/522c9e58e4b0bb402a7f99c8/t/5287ab7ae4b088c60f4b044e/1384622970880/lecture.jpg

ယခင်နေ့တွေကထက် ဒီကနေ့တွင် ပို၍အအေးပိုနေသည်။ သို့သော်လည်း ထိုကဲ့သို့ အေးချမ်းသည့် ဆောင်းရာသီကလေးကိုပဲ ကျွန်မ အနှစ်သက်ဆုံးဖြစ်ပါသည်။

ကျွန်မသည် ကျောင်းသို့သွားရန်အတွက် ၇ နာရီခွဲတွင် အချိန်ကိုက်မောင်းနှင်သော ဘီအမ်ကားလေးမီရန် အတွက် ကားဂိတ်ဆီသို့ ခြေလှမ်းသွက်သွက်လှမ်းကာ လျှောက်ရသည်။ အတန်းချိန်နောက်ကျမှာကို အလွန် စိုးရိမ်မိသည်။ ကျွန်မတို့ ဖိုင်နယ်အတန်းကို လက်ချာ ပို့ချပေးသူတွေက ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ဆရာမကြီးတို့သာဖြစ်သည်။ စည်းစနစ်ကြီးကြ၍ စာသင်ရာ၌ အလွတ်ရသည်ထိ အတွေ့အကြုံရင့်သန်ထွေပြား ကြသည်။

ဒီကနေ့ ပထမဦးဆုံးအတန်းချိန်သည် ဘာသာဗေဒ ဆရာမကြီး၏အချိန်ပင်။ ဆရာမကြီးသည် စာသင်ချိန် လေးဆယ့်ငါးမိနစ်လေးအတွင်းမှာပင် ကျွန်မတို့ကိုယ်တိုင် ဘဝလမ်းခရီးကို လျှောက်လှမ်းသည့်အခါ အမှားအမှန်ကို စဉ်းစားချင့်ချိန်ပိုင်းဖြတ်တတ်စေရန် ဆုံးမသြဝါဒ စကားကိုလည်း နေ့စဉ်သွန်သင်ပြောဆိုပေးသေးသည်။ နာခံကျင့်သုံးလျှင် ကောင်းမွန်လှသောစကားများ ဖြစ်သည်။

ဆရာမကြီးပြောဆိုဆုံးမသော ဆုံးမစကားများထဲ တွင် မြတ်နိုးနှစ်ခြိုက်မိသော၊ ယခု ကျွန်မကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေမိသော စကားလေးတစ်ခွန်းရှိသည်။ ဘယ်လိုစကားမျိုးလဲဆိုတော့ သက်မဲ့အရာဝတ္ထုတွေကို ဗားရှင်းမြှင့်နေသလိုပဲ မိမိကိုယ်၌ကလည်း ဗားရှင်းမြှင့် နေပါတဲ့။

ယနေ့ခေတ်ကြီးကလည်း အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်၍နေသည်။ အမြဲတမ်းမျက်စိဖွင့်နားစွင့်နေသည် နှင့်ပင် မလုံလောက်နိုင်တော့။ မိမိမှာ လစ်လပ်နေသည့် အရည်အသွေးများကို ပြည့်လျှံနေအောင် အချိန်ရသရွေ့ တတ်နိုင်သလောက် အားထုတ်ကြိုးပမ်းနေသင့်သည်။

ပညာဟူသည် ဒီချိန် ဒီကာလရောက်ရင်တော့ ပြည့်ပြီလျှံပြီဟု မရှိနိုင်။ ပညာရှာမှီးရာ၌ ကုန်လုံကြွယ်ဝပြီဟု ထင်မှတ်သည့်နေ့သည် မိမိဘဝတွင် စတင်ဆုံးရှုံးသည့် နေ့တစ်နေ့အဖြစ် ကျွန်မလက်ခံယုံကြည်ထားသည်။ ယနေ့ခေတ်လူအတော်များများသည် လူ့အသုံးအဆောင် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုကြရာ၌ နောက်ဆုံးပေါ်ဖြစ်နေမှ ကြိုက်သည်။ နှစ်ကိုမဆိုထားနှင့် လအတန် ငယ်ကလေး နောက်ကျရင်တောင်မှ မကိုင်ချင်မတွယ် ချင်သည်ကရှိသေးသည်။ ဖုန်းအသုံးပြုရာတွင်လည်း ဆော့ဝဲလ်ကအစ ဗားရှင်းမြှင့်ရတာနဲ့ဘာနဲ့။ အဝတ် အစားကိုလည်း နောက်ဆုံးပေါ်ဖက်ရှင်လေးမှ ကြိုက်တယ်ဆိုတာက လာသေး။ ထိုကဲ့သို့ အပေါ်ယံအလှအပ အတွက်ကလေးကိုပင် အသစ်တကာ့အသစ်ဆုံးဖြစ်မှ ဆိုလျှင် မိမိရဲ့စိတ်နေစိတ်ထား ကိုယ်ရည်ကိုယ်သွေးလေး တွေကိုရော ဗားရှင်းမြှင့်ဖို့လိုအပ်တယ်လို့များ မထင်မှတ် မိဘူးလား။ ဒါမှမဟုတ် မေ့လျော့နေကြတာများလား။ မဟုတ်ပါ။ အဓိကအကျဆုံးကိုပင် မသိကျိုးကျွန်ပြုနေ ကြသည်ပဲဖြစ်ပါလိမ့်မည်။ နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် တစ်ဦးတစ်ယောက်ချင်းရဲ့ ကာယအားနဲ့ ဉာဏအားတွေ လိုအပ်သည်။ နည်းပညာတွေကတော့ အချိန်နှင့်တစ်ပြေးညီ အသစ်သစ်တွေပေါ်ထွက်လာမှာပါပဲ။ ထို့ကြောင့် မိမိကိုယ်ကိုယ်လည်း အများနှင့်ရင်ပေါင်တန်းနိုင်ရန် နောက်မှာကျန်မနေခဲ့စေရန်၊ ခေတ်နှင့်အညီ ဖြစ်နေစေရန် ဗားရှင်းမြှင့်ကြပါစေ။ မြှင့်နိုင်ကြ၍လည်း တစ်ထောင့်တစ်နေရာက မိမိတတ်အားသရွေ့ နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

တေးလင်္ကာ(ဒဂုံတက္ကသိုလ်)
စတုတ္ထနှစ် (မြန်မာစာ)

ကြေးမုံသတင်းစာ (၂၉.၁.၂၀၁၇)

Powered by Bullraider.com