လိမ်ပြောတတ်တဲ့ကလေးဆိုရင်

https://resources.stuff.co.nz/content/dam/images/1/3/9/g/7/0/image.related.StuffLandscapeSixteenByNine.620x349.139g8n.png/1423438438793.jpg

ကလေးတွေ လိမ်ပြောတတ်လာရင် သတိထားဆင်ခြင်ရတော့မယ်။ သူတို့ဘာကြောင့် လိမ်သလဲ။ အခက်အခဲ ထွက်ပေါက်တစ်ခုခု ရချင်လို့ လိမ်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ဘာကြောင့် လိမ်ရတယ်ဆိုတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို လူကြီးတွေက ရှာဖွေနိုင်ဖို့လိုပါတယ်။

အိမ်မှာ အမှန်ပြောနိုင်အောင် စည်းကမ်းထုတ်ထားပါ

အမှန်ပြောနိုင်အောင် တစ်ခါတစ်လေ စည်းကမ်းလေးတွေ ချပေးဖို့တော့ လိုလိမ့်မယ်။ ဒါမှ ငါ့မိဘတွေက အမှန်ပြောဖို့လိုလားတယ်။ အမှန်ကို တန်ဖိုးထားတယ်ဆိုတာ သူတို့သဘောပေါက်လိမ့်မယ်။ လူကြီး ကိုယ်တိုင်က လိမ်ခိုင်းနေသူဖြစ်ရင်တော့ သူတို့ကို ပြုပြင်ဖို့ သိပ်မလွယ်ဘူး။

ရိုးသားမှုကို စံပြုလောက်တာတွေပြောပေး

ကလေးကို ရိုးသားစေချင်ရင် လူကြီးကိုယ်တိုင်က ကောင်းတဲ့အပြုအမူတွေနဲ့ စံပြုလောက်အောင် ပြောဆို နေထိုင်ပြဖို့လိုတယ်။ သူတို့က ကိုယ့်ကို စောင့်ကြည့်နေတယ်ဆိုတာ အမြဲသတိပြုစေချင်တယ်။ လိမ်ပြောရင် ကောင်းတယ်ဆိုတာမျိုးကို ကလေးဘဝမှာ စတင်ကတည်းက သင်ကြားပေးတာ မကောင်းပါဘူး။ မလိမ်နဲ့ မညာနဲ့ မှန်တဲ့အတိုင်းပြောတတ်အောင် ပျိုးထောင်ပေးရမယ်။ ၁၀ နဲ့ ဝယ်လာတဲ့ မုန့်တစ်ခုကို ၁၀၀ လို့ပြော ခိုင်းလိုက်တာဟာ အရေးမပါဘူးလို့ ဘယ်တော့မှ မထင်စေလိုပါ။

အမှားပြောလျှင် ချက်ချင်း အမှန်ပြင်ခိုင်း

ကိုယ့်ကလေးက ဘယ်အရွယ်ဖြစ်နေနေ အမှားပြောတာ ပြဿနာမဟုတ်ဘူးလို့ ဘယ်တော့မှ မထင်ပါနဲ့။ ဒီလိုပြောရင်မှားတယ်၊ ဒီလိုပြောရမယ်ဆိုတာ သူတို့ကို ဆင်ခြင်နိုင်အောင်လည်း နှိုင်းယှဉ်ပြဖို့လိုပါတယ်။

“ကောင်းကင်ကြီးက ခရမ်းရောင်ကြီးဖြစ်နေတယ်လို့ ဖေဖေပြောရင် မှန်မလား” လို့ သူတို့ကိုစကားစပေး လိုက်ကြည့်ပါ။ မမှန်တာကို မှန်တယ်လို့ပြောရင် မမှန်ဘူးဆိုတာမျိုးတွေ သူတို့ကို လေ့ကျင့်သင်ကြားပေးစေ ချင်ပါတယ်။

ကလေးကလည်း သူစိတ်ထဲမှာ အမှန်အတိုင်းပြောရင် လက်ခံရလိမ့်မယ်။ “ဘိုးဘိုးက ရုပ်ဆိုးတယ်” လို့ပြောလာတဲ့ ကလေးကို အပြစ်ပေးမှာလား။ “ဘိုးဘိုးက ရုပ်ဆိုးပေမယ့် သဘောကောင်းတယ်” ဆိုတာမျိုး လေးတွေ နှိုင်းယှဉ်ပြသင့်တယ်။ ရုပ်ဆိုးတယ်ပြောရင် အရိုက်ခံရမှာကြောက်လို့ လှတယ်လို့တော့ လိမ်မပြော ခိုင်းသင့်ဘူး။

ဘာကြောင့်လိမ်သလဲ အကြောင်းရှာ

ကလေးတွေ လိမ်ရခြင်း အကြောင်းရင်းသုံးခုရှိတယ်။ စိတ်ကူးယဉ်ပြီး လိမ်တတ်တယ်။ ကြွားချင်လို့ လိမ်တယ်။ သူတို့ကို ဆန့်ကျင်မှာကြောက်လို့ မချစ်မှာကြောက်လို့ လိမ်တယ်။ ဒီအချက်သုံးချက်ကို သတိထားပြီး သူတို့ကို သင်ကြားရင် အဆင်ပြေမယ်ထင်ပါတယ်။

မူကြိုအရွယ်လေးတွေ စိတ်ကူးယဉ်တတ်တယ်။ “ညက အိပ်မက်ထဲမှာ မီးမီး မိုးပေါ်ပျံနေတယ်” လို့ ပြောလာရင် လူကြီးတွေ သူတို့ကို ဘယ်လို ရင်ဆိုင်ကြမလဲ။ ဒီလိုပြောလာရင် မိုးပေါ်ပျံတယ်ဆိုတဲ့ ပုံပြင်ထဲကအကြောင်း၊ ဗီဒီယိုထဲကအကြောင်းတွေကို သူတို့သတိထားမိအောင် ထောက်ပြနိုင်ရမယ်။ “ဆူပါမင်းလိုလား” ဆိုတာမျိုး ပေါ့။ ဒါဆိုရင် သူတို့ကို တစ်ခုခုထောက်ပြပြီးသား ဖြစ်သွားလိမ့်မယ်။

ကလေးကကြွားတတ်ရင် သူ့ကို အာရုံစိုက်စေချင်လို့ လုပ်နေတယ်ဆိုတာ လူကြီးက သဘောပေါက်ထားရမယ်။ တစ်ခုခု လုပ်ပေးဖို့လိုနေပြီ။ သူတို့ကြွားတာက လက်တွေ့ဘဝနဲ့ အများကြီးကွာခြားမသွားအောင် ပြန်လည် တည့်မတ်ပေးရမယ်။

ကလေးတွေဟာ တစ်ခါတစ်လေ သူတို့ကိ မချစ်မှာကြောက်လို့ လိမ်နေတာမျိုးဆိုရင် သူတို့ကို ပိုပြီး သတိထားရမယ်။ မေတ္တာငတ်တော့မှာ ကြောက်ရွံ့နေတဲ့ကလေးကို ကိုယ်ကနှစ်ဆတိုးပြီး ဂရုစိုက်ပေးသင့်ပါ တယ်။

သတိပေးပါ

သူတို့ လိမ်နေရင် အချိုသာဆုံး သတိပေးဖို့လိုမယ်။ သမီးရေ မှန်မှန်ပြန်ပြောပါလား ဆိုတဲ့ အခွင့်အရေးတစ်ခုခု ပေးထားနိုင်ရမယ်။ လိမ်လိုက်တာက ဘာဖြစ်သွားစေနိုင်တယ်ဆိုတာကိုလည်း ကြိုပြီးတော့ ပြောထားနိုင်ရင် ပိုကောင်းတယ်။

အကျိုးဆက်တွေကို တွက်ဆပြပါ

သူလိမ်နေတာ ပေါ်သွားရင် ဘာဖြစ်နိုင်တယ်ဆိုတာ ကြိုပြောထားမယ်။ ခံစားခွင့် တစ်ခုခု ဆူံးရှုံသွားမယ်။ သွားလာခွင့် တစ်ခုခု ပိတ်ပင်ခြင်း ခံရမယ်ဆိုတာလောက်တော့ သူတို့ကို ပြောပြထားသင့်တယ်။ သူက အချိန်မီ အမှန်ကို ပြင်ပြောရင်လည်း ချီးကျူးပေးဖို့လိုတယ်။ တစ်ခုခု အခွင့်အရေး ပေးလိုက်ဖို့လည်းလိုတယ်။

လိမ်တာ မကောင်းကြောင်း ပြောပေးပါ

လိမ်တဲ့အလုပ်က သဘောသဘာဝကိုက မကောင်းပါဘူး။ လိမ်လိုက်တာနဲ့ စိတ်ထဲမှာ မလုံတော့ဘူး။ စိုးရိမ် ထိတ်လန့်စိတ်တွေ ဖြစ်ပေါ်ရတယ်ဆိုတာ ဥပမာလေးတွေ ပေးပါ။ လိမ်ပြောတဲ့သူတွေကို လူတွေ မလေးစား တတ်ဘူးဆိုတာ ဥပမာပေးပါ။ ရိုးသားပွင့်လင်းသူဟာ ဘာတွေဖြစ်နိုင်တယ်ဆိုတာလည်း ပြောပြနိုင်အောင် ကြိုးစားပါ။

အကောင်းမြင်မှ ဆင်ခြင်နိုင်

အကောင်းမြင်စိတ်ထားတွေနဲ့ ပြုပြင်သွန်သင်တတ်တဲ့ ဝန်းကျင်မှာမှ ကလေးတွေဟာ အရာရာကို အကောင်း ဘက်က ဆင်ခြင်တတ်ပါတယ်။ ကိုယ်တိုင်လည်း အကောင်းမြင်သလို ကလေးတွေကိုလည်း အကောင်းမြင် စိတ်နဲ့ ချီးကျူးနိုင်စွမ်းရှိဖို့လိုပါတယ်။

“သမီး ဒီလိုပြောဖို့ခက်မယ်ဆိုတာ ဖေဖေသိတယ်။ ပန်းကန်ကွဲတာ ပြဿနာမဟုတ်ပါဘူး။ သမီးက ကိုယ်ခွဲတာကို မခွဲဘူးလို့ ပြောရင် လူလိမ်လေးဖြစ်သွားမှာကို စိုးရိမ်တာ” ဆိုတဲ့ အပြောမျိုးတွေလည်း လိုအပ်တယ်ဆိုတာ သတိထားပါ။

အမှန်ကို ပြန်ဆင်ခြင်နိုင်အောင် အချိန်ပေးပါ

ကိုယ့်ကလေးက လိမ်နေရင် လိမ်နေမှန်းလည်း သိနေရင် သူတို့ကို အမှားအတွက် ပြန်လည်ဆင်ခြင်ဖို့ အချိန် ပေးထားသင့်ပါတယ်။ လိမ်တာကို မကောင်းကြောင်းတွေ သူသိအောင် သင်ထားပြီးပြီဆိုရင် ပြန်စဉ်းစားနော် အမှန်ကို ပြန်ပြောဖို့ အချိန်ရသေးတယ်။ အမှန်အတိုင်းပြောဖို့ စောင့်နေမယ်ဆိုတာမျိုးတွေ စီစဉ်ပေးသင့်တယ်။ ကြောက်အောင်ချောက်ပြီးတော့ အမှန်မပြောရင် သတ်ပစ်မယ်ဆိုတာက အဖြေမဟုတ်ပါဘူး။

ပြင်မရရင် ပြင်နိုင်သူကိုရှာ

လိမ်ပြောတတ်တဲ့သူတွေကို စိတ်ပညာသဘောတရား နားလည်စွာနဲ့ ကုစားပေးနိုင်တဲ့သူတွေ ရှိပါတယ်။ စိတ်ပညာရှင် ဆရာဝန်တွေလည်း ပြင်နိုင်တယ်။ ကျောင်းက ဆရာတွေ ဆရာမတွေလည်း ပြင်နိုင်တယ်။ ကလေးတွေဟာ သူတို့ကြည်ညိုလေးစားလောက်သူတွေ ပြောရင် လက်ခံတတ်ပါတယ်။ ဒါမှမဟုတ် သူတို့ ချစ်တဲ့ သူငယ်ချင်း အချင်းချင်း ပြုပြင်တာကိုလည်း လက်ခံတတ်တယ်။

(Ref : Help a Child Stop Lying and Tell the Truth, Help a Child Stop Lying and Tell the Truth)

Powered by Bullraider.com