လူငယ်နှင့် စင်နာဂျီ

http://oprboutique.com/wp-content/uploads/2014/03/2011-12_synergy.jpg

စင်နာဂျီ (Synergy) ဆိုတာ ရှေးဟောင်းဂရိစကား (Synergia) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ရှေးခေတ်ကတော့ Synergos ဆိုတဲ့အနေနဲ့ သုံးကြတယ်။ အဓိပ္ပာယ်ကတော့ “အတူတကွ ပူးပေါင်းလုပ်ဆောင် ခြင်း” ဆိုတဲ့သဘောပဲ။

Cambridge Dictionary မှာတော့ Synergy ကို “the combined power of a group of things when they are working together that is greater than the total power achieved by each working separately” လို့ ဖွင့်ဆိုရှင်းပြတားတယ်။ စင်နာဂျီဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ဆောင်ခြင်းထက်၊ အဖွဲ့ လိုက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်တဲ့ စွမ်းအားကို ပိုပြီးတော့ ရစေနိုင်တယ်ဆိုတဲ့ အနေနဲ့ သုံးကြ တာများပါတယ်။ ဒါဟာ မြန်မာ့လူ့ဘောင်မှာ အလွန်အားနည်းနေသေးတဲ့ Teamwork သဘောတရားလို့ နားလည်စေချင်ပါတယ်။

Synergy နဲ့ Synergetic ဆိုတဲ့ စာလုံးတွေကို ၁၉ ရာစု အလယ်ပိုင်းလောက်ကစပြီးတော့ ဇီဝကမ္မဗေဒ (Physiology) မှာ စတင်အသုံးပြုခဲ့ကြပါတယ်။

၁၈၉၆ ခုနှစ်လောက်မှာ Henri Mazel ဆိုသူက “La Synergie Sociale” ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ ပါတယ်။ သူက ဒါဝင်ရဲ့ သီအိုရီတွေ ကျဆုံးကုန်ရတဲ့ အကြောင်းရင်းဟာ “social synergy” သို့မဟုတ် “social love” တွေ ပျောက်ဆုံးကုန်တာကြောင့်လို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။ တစ်နည်းပြောရရင်တော့ သက်ရှိ လောကမှာ ပူးပေါင်းဆောင်ရွက်မှုတွေက အရေးကြီးတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ မေတ္တာနဲ့ ပေါင်းဖက် နိုင်ခြင်းမရှိတဲ့ မျိုးစိတ်တွေဟာ ပျက်သုဉ်းကုန်မှာပဲလို့ဆိုခဲ့ပါတယ်။

မြင့်မားတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ခုဟာ လူချမ်းသာတွေချည်းသက်သက် ရပ်တည်လို့မရဘူး။ ဦးဆောင် သူတွေချည်း သက်သက် ရပ်တည်လို့မရဘူး။ နောက်လိုက်ကောင်း ပြည်သူတွေလည်း ရှိဖို့လိုပါတယ်။ လူ့ဘောင် အဖွဲ့အစည်းတစ်ခုရယ်လို့ ဖြစ်လာရင် အားလုံးအတူတကွ ပူးပေါင်းပြီးတော့ ကိုယ်ကျရာအခန်းကနေ တာဝန်ကျေစွာ လုပ်ဆောင်နိုင်မှ စင်နာဂျီဖြစ်ပါတယ်။

လူသားတွေအတွက် စင်နာဂျီဆိုတာကတော့ တစ်ဦးကောင်း တစ်ယောက်ကောင်းသဘောမဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်ပြီး ကောင်းအောင်လုပ်တာလို့ ဆိုနိုင်တယ်။

ဥပမာပြောရရင် မြင့်မားတဲ့ ပန်းသီးပင်ပေါ်က ပန်းသီးကို A တစ်ယောက်တည်းနဲ့ မီအောင် မခူးနိုင်ဘူး။ တကယ်လို့ ဒီနေရာမှာ B ဆိုတာ ရောက်လာပြီးတော့ B က A ကို သူ့ပုခုံးပေါ်တင်လိုက်ရင် A က ပန်းသီးကို ခူးနိုင်ပြီ။ ရလဒ်အဖြစ် ပန်းသီးကို နှစ်ဦးအတူ ဝေမျှစားသောက်လိုက်ရင် နှစ်ဦးကောင်း၊ နှစ်ယောက်ကောင်း သဘောတရားကို စင်နာဂျီသဘောတရားလို့ ခေါ်နိုင်ပါတယ်။

နောက်ဥပမာတစ်ခုပြရရင် နိုင်ငံရေးသမားနှစ်ယောက်ရှိတယ်။ သူတို့တစ်ဦးချင်းကို ထောက်ခံမယ့် မဲဆန္ဒရှင်က တစ်သန်းစီ လောက်ပဲရှိနိုင်တယ်။ ဒါပေမဲ့ သူတို့နှစ်ဦးပူးပေါင်းလိုက်ရင် မဲဆန္ဒရှင်ထောက်ခံမဲပေါင်း ၂ သန်းခွဲ လောက်ဖြစ်သွားနိုင်တယ်။ သူတို့နှစ်ဦးပူးပေါင်းလိုက်တဲ့ စင်နာဂျီသဘောတရားက မဲဆန္ဒရှင် ထက်ဝက်အပြင် နောက်ထပ် ငါးသိန်းလောက်ကိုပါ တိုးလာနိုင်စေဖို့ အကြောင်းဖြစ်လာတယ်။ ပူးပေါင်းလိုက်ခြင်းက အင်အား ဖြစ်တယ်။ အင်အားက အနိုင်ရစေတယ်။ အနိုင်ရမှ အုပ်ချုပ်စီမံလို့ရမယ်။ ဒါတွေဟာ စင်နာဂျီသဘောတရား တွေကို အခြေခံပြီး ဖြန့်ထွက်တွေးကာ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

စင်နာဂျီဆိုတာကို ဥပမာ ထပ်ပေးရရင် အလုပ်တစ်ခုကို နှစ်ဦးခွဲလုပ်လိုက်ပြီး အထိရောက်ဆုံးနဲ့ အမြန်ဆုံးဖြစ် အောင် စွမ်းဆောင်တဲ့သဘောလည်းဆောင်ပါတယ်။ ကျောင်းသားက စာစီစာကုံးတစ်ပုဒ်ကို နှစ်ဦးပေါင်းရေးဖို့ တောင်းဆိုတာမျိုး၊ အလုပ်သမားနှစ်ဦးက သူတို့ အလုပ်ရှင်ကို နှစ်ဦးပေါင်းစွမ်းဆောင်ချက်နဲ့ အထိရောက်ဆုံး ရလဒ်တစ်ခုကို ဖော်ဆောင်ဖို့ တောင်းဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ စင်နာဂျီသဘောတရား တွေဖြစ်ပါတယ်။

အစဉ်အလာက ၁ + ၁ = ၂ ဖြစ်ပါတယ်။ စင်နာဂျီ သဘောတရားနဲ့တွက်ရင် ၁ + ၁ = ၃ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရလဒ်ဆိုတာ သတ်မှတ်ချက်အတိုင်းမဟုတ်ပါဘူး။ သတ်မှတ်ထားတာထက် ပိုကောင်းလာ နိုင်တဲ့ အနေအထားတွေကို မဖြစ်ဖြစ်အောင် ကြံဆောင်နိုင်တာဟာ စင်နာဂျီသဘောတရားလို့ဆိုနိုင်ပါတယ်။

မြန်မာတွေမှာ ဆိုင်းဝိုင်း၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်တွေနဲ့ ဥပမာပေးနိုင်ပါတယ်။ ဆိုင်းဝိုင်းဆိုတာ တူရိယာပစ္စည်း တွေကို အားလုံးက ပူးပေါင်းပြီးတော့ ဂီတသံစဉ်တစ်ခုတည်းဖြစ်အောင် သရုပ်ဖော်ရတာပါ။ အားလုံး စည်းဝါးကိုက် တီးမှုတ်ကြရပါတယ်။ ဖောက်ထွက်လိုက်ရင် စင်နာဂျီပျက်သွားပါတယ်။ စင်နာဂျီအတိုင်းဆိုရင် တူရိယာတွေ ဘယ်လောက်များများ တီးမှုတ်နေသည်ဖြစ်စေ လူတွေကို ခံစားမှု ရသတစ်ခုခု ပေးစွမ်းနိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ထင်ရာ ကိုယ်တီး၊ ကွဲလွဲစွာ ခွဲထွက်ပြီးလုပ်လို့ မရပါဘူး။

စင်နာဂျီ သဘောတရားက ဘယ်လောက်များများ ခွဲထုတ်ပြီးလုပ်သည်ဖြစ်စေ ဦးတည်ချက်တစ်ခုတည်းနဲ့ လုပ်ငန်းပြီးဆုံးဖို့ကို ဦးတည်ထားတာဖြစ်ရပါတယ်။ လုပ်ငန်းအဖွဲ့တစ်ခုထဲမှာ ကိုယ်ကျွမ်းကျင်ရာ လိမ္မာပြီး အစွမ်းကိုယ်စီရှိကြသူတွေရောက်လာရင် ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်လို့ မရပါဘူး။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ဘယ်လိုနေရာ၊ ဘယ်လိုကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်လိုက်ရင် ဒီအလုပ်ဟာ ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်မြန်မြန်၊ ဘယ်လောက်အကျိုးရှိသွားနိုင်မလဲဆိုတဲ့ တွက်ဆမှုတွေနဲ့ လုပ်ဆောင်ရတာ စင်နာဂျီ အတိုင်း လုပ်ဆောင်ခြင်းပါ။ ပူးပေါင်းခြင်းဟာ အားတစ်မျိုးပါ။ Teamwork သဘောနဲ့ အလုပ်တာဝန်များကို ခွဲခြားလုပ်ကိုင်ဆောင်ရွက်တတ်မှ အမြင့်ဆုံး စင်နာဂျီကို ရရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ လူငယ်တွေကို Teamwork နဲ့ Synergy သဘောတရားတွေ ပျိုးထောင် လေ့ကျင့်ပေးဖို့လိုအပ်နေပါတယ်။

Powered by Bullraider.com