နိုင်ငံတကာစာမေးပွဲများကို လေ့လာဆန်းစစ်ခြင်း

http://www.britishcouncil.org.mm/sites/default/files/styles/bc-landscape-630x354/public/group_registration_0.jpg?itok=z7WieZyc

နိုင်ငံတကာတွင် စာမေးပွဲစနစ်များကို နည်းမျိုးစုံနှင့် ကျင်းပလျက်ရှိကြပါသည်။ ကျောင်းသားများ၏ သင်ယူမှု မည်မျှ ပြီးမြောက်ကြောင်း စစ်ဆေးစမ်းသပ်မှုတစ်ခုအနေဖြင့် စာမေးပွဲများကို ကျင်းပနေကြခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်အထိ နိုင်ငံတကာတွင် ကျင်းပလျက်ရှိသော စာမေးပွဲပုံစံများကို အကျဉ်းချုပ်အနေဖြင့် လေ့လာ ဆန်းစစ်လျင် အောက်ပါအတိုင်းတွေ့ရပါသည်။

အာရှ

တရုတ် - ၁ တန်းမှ ၃ တန်း အဆင့်အထိ ကျောင်းသားများကို စာမေးပွဲ စစ်ဆေးခြင်းအား ဖျက်သိမ်းကြောင်း တရုတ်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။ (၂၀၁၃ ခုနှစ်ကြေညာချက်)

ဂျပန် - ကျောင်းသားများကို ဒေသဆိုင်ရာ စာမေးပွဲအဆင့်များဖြင့် သတ်မှတ် စစ်ဆေးခြင်းများကို ပယ်ဖျက် လိုက်သည်။ ကျောင်းသားများ၏ စွမ်းရည်ကို စာမေးပွဲစစ်ဆေးသည် ဆိုရာတွင်လည်း စာစီစာကုံးဖြေခိုင်းသလို အကြောင်းအရာ တစ်ခုကို ရှည်လျား ထွေပြားစွာဖြင့် ရေးခိုင်းခြင်းထက်၊ မှားမှန်ရောထွေး အမှန်ရွေး ဆိုသည့် (multiple testing) သဘောဖြင့်သာ စစ်ဆေးပြီး ဖြေဆိုစေသည်။

စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲရာတွင်လည်း အလွတ်ကျက်ပြီး ကျက်ထားသည့်အတိုင်း ချရေးခြင်းထက် ကျောင်းသားများ၏ တွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းများအား အလေးထားပြီး အဆုံးအဖြတ်ပေးနိုင်ရေးကို ဦးတည်ခဲ့ကြသည်။ ရေးဖြေရမည့် အကြောင်းအရာများကိုလည်း အတိုဆုံး အကျဉ်းချုံ့ပြီး ဖြေဆိုနိုင်ရန် အဓိကထားသည်။

အာဖရိက

တောင်အာဖရိက - တက္ကသိုလ်ဝင်ခွင့် စစ်ဆေးခြင်းတွင် အမှတ်စနစ်ဖြင့် ဆုံးဖြတ်ခြင်းကို ပယ်ဖျက်လိုက်သည်။ မိမိတို့ စိတ်ဝင်စားသည့်နယ်ပယ်ကို အဓိကထားပြီး ဖြေဆိုစေသည့် စနစ်ကိုကျင့်သုံးသည်။ Standardized IQ စစ်ဆေးသည့် စနစ်ကို ကျင့်သုံးခြင်းကို မျှတသည့် စစ်ဆေးခြင်းအနေဖြင့် လက်မခံတော့ပေ။ တောင်အာဖရိက တွင် IQ ကိုစစ်ဆေးရာတွင် ဗြိတိန်နိုင်ငံ IQ စစ်ဆေးခြင်းနှင့် ကွာခြားသည်။ နှုတ်မေး နှုတ်ဖြေဖြင့် နားလည်မှု ကိုစစ်ဆေးခြင်းနှင့် တွေးဆနိုင်စွမ်းကို မည်မျှအထိ မြန်ဆန်စွာ လုပ်ဆောင်နိုင်စွမ်းရှိကြောင်းတို့ကို စစ်ဆေး သည်။ အလွတ်ကျက်လာပြီး ရေးချဖြေဆိုရသည့် မှတ်ဉာဏ်စစ်ဆေးခြင်းကို အလုပ်မဖြစ်တော့ကြောင်း နားလည်ထားကြသောကြောင့် စစ်ဆေးမှုပုံစံများကို ပြောင်းလဲလာကြောင်းတွေ့ရသည်။

ဥရောပ

အာရှနှင့်မတူ ဥရောပနိုင်ငံများသည် စာမေးပွဲစနစ်ကို ကွဲပြားစွာ ခွဲထွက်လုပ်ဆောင်နေကြောင်းတွေ့ရသည်။ မျးသောအားဖြင့် နိုင်ငံတကာအဆင့်က လက်ခံသည့် စာမေးပွဲစံများအတိုင်း လေ့ကျင့်နေကြသည်။ များသော အားဖြင့် High-stakes testing သဘောမျိုးကို ကိုင်စွဲထားကြသည်။

ဖင်လန် - High-stakes testing ကို အထက်တန်းကျောင်းပြီးသည့်နောက် ကောလိပ်ဝင်ခွင့်တစ်ခုတည်း အတွက်သာ ဖြေဆိုကြရသည်။ ကျန်အတန်းများတွင် စာမေးပွဲစစ်ဆေးမှု မရှိသလောက်ဖြစ်သည်။

ဗြိတိန် - High-stakes testing ကို အသက် ၁၆ နှစ်အရွယ်မှ ဖြေကြရသည်။ ကောလိပ်ဝင်ခွင့်အတွက် အရေးကြီးသည့် စာမေးပွဲအဖြစ် ဖြေဆိုခိုင်းခြင်းဖြစ်သည်။

မြောက်အမေရိက

မိမိတို့ပြည်နယ်ဒေသများအလိုက် သတ်မှတ်ထားသော Standardized Testing များရှိသည်။ ပြည်နယ် တစ်ခုနှင့် တစ်ခု တူချင်မှတူသည်။

တောင်အမေရိက

တောင်အမေရိကတွင်လည်း Standardized Testing ကို ပုဂ္ဂလိကကျောင်းများတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အသုံးပြုကြသည်။ တက္ကသိုလ်ဝင်ခွင့်များကို ပုဂ္ဂလိက ကုမ္ပဏီများကလေ့ကျင့်ပေးပြီး ဖြေဆိုနေကြသည်။ မေးသည့် ပုံစံများမှာ Standardized Testing ပုံစံများဖြစ်သည်။

နိုင်ငံတကာတွင် ယနေ့အထိ လက်ခံကျင့်သုံးနေသော စာမေးပွဲ ပုံစံများမှာ High-stakes Testing ဖြစ်ပါသည်။ High-stakes Testing ဆိုသည်မှာ ကျောင်း သို့မဟုတ် ဘုတ်အဖွဲ့ သို့မဟုတ် စာစစ်အဖွဲ့တစ်ခုခု၏ အစီအစဉ် ဖြင့် စစ်ဆေးသည့် သဘောမျိုးဖြစ်သည်။ လက်ရှိ စံထားသတ်မှတ်လုပ်ဆောင်နေကြသော စာမေးပွဲမျိုးဖြစ် သည်။ အစဉ်အလာအတိုင်း စစ်ဆေးနေကြသည့် စာမေးပွဲများတွင် အားနည်းချက်များရှိနေသည်ဆိုစေ မှတ်ဉာဏ်ကို စစ်ဆေးခြင်းသာ လုပ်ဆောင်နေကြဆဲဖြစ်သည်။

စာမေးပွဲ အဘယ်ကြောင့် စစ်ဆေးရသည်ဆိုခြင်းကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ ဘာသာရပ်ဆိုင်ရာ နယ်ပယ်တစ်ခုခုတွင် မည်မျှသော အတိုင်းအတာအထိ ပြည့်စုံလုံလောက်စွာ သိရှိကြောင်း စာမေးပွဲ တစ်ခုတည်းနှင့် မလုံလောက်ကြောင်း သိလာသောကြောင့် နည်းမျိုးစုံဖြင့် ပြုပြင်ပြောင်းလဲရန် ဆန်းစစ်လာကြ သည်။ ထို့ကြောင့်လည်း တက္ကသိုလ်ဝင်ခွင့်များကို အချို့သော တက္ကသိုလ်များက ရေးဖြေတစ်ခုတည်းသာမက အခြားသော တိုင်းတာစစ်ဆေးမှုများကို အစားထိုး လုပ်ဆောင်ရန် စီစဉ်လာကြသည်။

စာမေးပွဲဖြင့် တိုင်းတာစစ်ဆေးခြင်းမလုပ်ဘဲ အကဲဖြတ်စစ်ဆေးခြင်းဖြင့် အတန်းတင်ပေးရန်လည်း စမ်းသပ် ကြပါသေးသည်။ အကဲဖြတ်စစ်ဆေးခြင်းဆိုရာတွင် (၁) မည်သူတွေက အကဲဖြတ်မည်နည်း (၂) မည်မျှ အကဲဖြတ်နိုင်စွမ်းရှိသနည်း (၃) ဘက်လိုက်မှုမပါ မျှတသော သမာသမတ်နည်းများဖြင့် အကဲဖြတ်နိုင်စွမ်း ရှိသလား (၄) ဘာကို အကဲဖြတ်မည်နည်း (၅) ဘာကြောင့် အကဲဖြတ်သင့်သည်ကို နားလည်မှသာ အကဲဖြတ် စနစ်ဖြင့် စစ်ဆေးတိုင်းတာခြင်းကလည်း အောင်မြင်နိုင်ကြောင်း သတိပြုရန်လိုအပ်ပါသည်။

(Ref : The state of education testing: The good, the bad, the new, Tracy Packiam Alloway and John Horton)

Powered by Bullraider.com