ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဓာတ်ဆားဖျော်ရည် ဘယ်လိုသုံးမလဲ

https://www.rei.com/media/product/407272

ရန်ကုန် ဖေဖော်ဝါရီ ၂၆

နွေရာသီရောက်ရှိလာပြီဖြစ်၍ လူတို့၌ ဖြစ်တတ်သော ရောဂါများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဝမ်းပျက် ဝမ်းလျှောဖြစ်သည့်အခါ ဆေးဝါး အပြင် ဓာတ်ဆားဖျော်ရည်များကို လည်း သောက်သုံးလေ့ရှိပါသည်။ ဝမ်းအလွန်သွားခြင်းကြောင့် ကုန်ဆုံး သွားသော အားအင်များကို ပြန်လည် ဖြည့်ဆည်းပေးနိုင်ရန် သောက်သုံး ကြခြင်းဖြစ်ပါသည်။ သို့သော်လည်း ဒဒတန်ဆေးလွန်ဘေးဒဒ ဆိုသည့် စကားအတိုင်း ဓာတ်ဆားဖျော်ရည် ကို စနစ်တကျ သောက်သုံးခြင်း မရှိလျှင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရပါသည်။

သို့ဖြစ်၍ ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားသည့်အခါ ဓာတ်ဆား ဖျော်ရည်ကို မည်သို့မည်ပုံ သုံးစွဲသင့် သည်ကို ကျန်းမာရေးဗဟုသုတ တိုးပွားနိုင်စေရန်အတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ရန်ကင်း ကလေးဆေးရုံကြီးမှ ပါမောက္ခဒေါက်တာကျော်ဇင်ဝေနှင့် သွားရောက် မေးမြန်းခဲ့မှုများကို စုစည်းတင်ပြအပ်ပါသည်။

''ဓာတ်ဆားဖျော်ရည်သောက်တယ်ဆိုတာက ဝမ်းပျက် ဝမ်းလျှောဖြစ်လို့ သောက်တာချည်း မဟုတ်ဘူး။ သွေးလွန် တုပ်ကွေးဖြစ်တဲ့ ကလေးတွေသောက်တာလည်း ရှိပါတယ်။ သောက်ကြတဲ့အခါမှာ ပြည်သူတွေအနေနဲ့ ဆင်ဆင်ခြင်ခြင် ဖြစ်စေချင်ပါတယ်။ အခုအခါမှာ ဓာတ်ဆားထုပ်တွေမျိုးစုံ ပေါ်နေပါတယ်။ ဖျော်နည်းက တစ်ထုပ်နဲ့ တစ်ထုပ် မတူဘူး။ တချို့က တစ်လီတာနဲ့ဖျော်တယ်။ တချို့က ၂ဝဝ နဲ့ တချို့က ၂၅ဝ နဲ့ ဖျော်တယ်။ ဖျော်တဲ့နည်းမှားလို့ မရဘူး။ တချို့က ဓာတ်ဆားထုပ်ကိုခွဲဖျော်တာလည်းရှိသေးတယ်။ ဒီလိုဖျော်လို့ မရဘူး။ အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ဖျော်ရမှာဖြစ်ပါတယ်။ သောက်တဲ့အခါကျတော့လည်း ပမာဏရှိသေးတယ်။ လူနာ တစ်ယောက် ဘယ်လောက်သောက်ဆိုတာက ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဖြစ်သင့်ပါတယ်။ သောက်ချင်သလောက် သောက်ဆိုပြီး တစ်နေ့တည်း ငါးထုပ်သောက်တာတော့ မလုပ်ပါနဲ့။ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဓာတ်ဆားချည်း သောက်ရမှာ မဟုတ်ပါဘူး။ အရည်ပါတဲ့ အစားအသောက်တွေ လည်း တွဲဖက်စားသုံးရမှာ ဖြစ်ပါတယ်။ ဓာတ်ဆားရည်လည်း သောက်၊ အရည်ပါတဲ့ အစားအသောက်တွေလည်း စားသုံးဖို့ လိုပါတယ်။ ဝမ်းသွားတာနည်းသွားပြီဆိုရင် ဓာတ်ဆားကို လျှော့သောက်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွား တာနဲ့အညီ ပြန်ဖြည့်ဆည်းနိုင်ရင် လုံလောက်ပါပြီ။

တချို့က ပိုပြီးထိရောက်အောင်ဆိုပြီး ဓာတ်ဆားကို ပျစ်ပျစ်ဖျော်တာလည်း ရှိတတ်ပါတယ်။ ဒီလိုဖျော်လို့ မရပါဘူး။ အပျစ်ဖျော်ရင် ဆားဓာတ်များလို့ ဦးနှောက်ပျက်ပြီး သေသွား နိုင်ပါတယ်။ ဓာတ်ဆားကို ကျဲကျဲဖျော်ရင်လည်း အူက မစုပ်ရင် ဝမ်းက လျှောမြဲအတိုင်း လျှောနေပါလိမ့်မယ်။

တချို့ဓာတ်ဆားတွေက ကျန်းမာရေးအတွက်သောက်တဲ့ ဓာတ်ဆားမဟုတ်ဘဲ အားကစားသမားတွေအတွက် သောက် တဲ့ဓာတ်ဆားတွေ ဖြစ်တယ်။ အဲဒီလို မှားပြီးသောက်မိရင် ဝမ်းလျှောတာ ပိုဖြစ်နိုင်ပါတယ်။ ဓာတ်ဆားမှာ ဆင်ခြင်စရာ တွေ အများကြီးရှိပါတယ်။ ယူနီဆက်ကထုတ်တဲ့ ဓာတ်ဆားမှာ တောင် အပြာရောင်ထုပ်နဲ့ အစိမ်းရောင်ထုပ်ဆိုပြီး ရှိတယ်။ Old Formular နဲ့ New Formular ဆိုပြီး ခွဲခြား ထားပါတယ်။ Old Formular က တစ်ချိန်တုန်းက ဆင်းရဲတဲ့ တတိယကမ္ဘာ့နိုင်ငံတွေမှာ ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့အချိန် က ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီအမျိုးအစားက ဝမ်းဒလဟော သွားတဲ့အဆင့်အတွက် ထုတ်ခဲ့တာဖြစ်ပါတယ်။New For-mular ကတော့ ဒီဘက်ခေတ်မှာ ဝမ်းလျှောမှု အတန်အသင့် ဖြစ်တဲ့သူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ပြည်သူ တွေသိသင့်တဲ့ အချက်ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာRota လို့ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ် ဆိုရင် New Formula နဲ့ ဖော်စပ်ထားတဲ့ ဓာတ်ဆားကို သုံးသင့်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ ဝမ်းပျက် ဝမ်းလျှော ရောဂါဟာ ကာကွယ်ဆေးရှိပါတယ်။ လာမယ့်နှစ်အနည်း ငယ်အတွင်း ကာကွယ်ဆေးတိုက်ကျွေးတဲ့ အစီအစဉ်မှာ သောက်ဆေးအဖြစ်ပါလာနိုင်ပါတယ်။''

ဆရာဝန်ကြီးပြောကြားချက်များကို ပြန်ချုပ်ကြည့်မည် ဆိုလျှင် ဝမ်းပျက် ဝမ်းလျှောဖြစ်သည့်အခါ၊ ဓာတ်ဆားထုပ် များ ဖျော်သည့်အခါ သတ်မှတ်ထားသော အòန်းအတိုင်း ဖျော်သင့်ကြောင်း၊ ဆရာဝန်òန်ကြားချက်ဖြင့် သောက်သုံး သင့်ကြောင်း၊ အားကစားသမားများအတွက် ထုတ်ထားသော ဓာတ်ဆားထုပ်များကို မှားယွင်းမသောက်သင့်ကြောင်း၊ ယူနီဆက်ဓာတ်ဆားသည်ပင်လျှင် New Formula ဖြင့် ထုတ်ထားသည့် ဓာတ်ဆားကို သောက်သုံးသင့်ကြောင်း၊ ဓာတ်ဆားကိုဖျော်ပြီး ၂၄ နာရီအတွင်းသာ အသုံးပြုသင့် ကြောင်း၊ နှစ်အနည်းငယ်အတွင်း ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက် ဝမ်းလျှောရောဂါများအတွက် ကာကွယ်ဆေး တိုက်ကျွေးသည့် အစီအစဉ်များတွင် သောက်ဆေးအဖြစ် ပါဝင်လာနိုင်ကြောင်း စသည့် ကျန်းမာရေးဗဟုသုတများ ရရှိပါသည်။

သတင်း - မြင့်မောင်စိုး
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

မြန်မာ့အလင်းသတင်းစာ (၂၇.၂.၂၀၁၇)

Powered by Bullraider.com