Child's Dream Foundation

http://www.finews.ch/images/photogallery/140513_fundplat-experten-lunch/DSC09307.jpg

ဒဲနီရယ် ဆေ့ဖရိုက်နှင့် မာ့ခ် ဂျင်နီတို့ ၂၀၀၃ ခုနှစ်ကတည်းက ပူးပေါင်းထူထောင်ထားသည့် NGO အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ဆင်းရဲပြီး လူ့ဘောင်လောကကြီး၏ အပယ်ခံဖြစ်နေသည့် ကလေးများကို ကယ်တင်နိုင်ရေး၊ ထိုကလေးများအတွက် အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်စူးပြီး ထူထောင်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းဒေသများအတွင်းရှိ မြန်မာ၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများရှိ ကလေးသူငယ်များကို ကယ်တင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

Child’s Deram အဖွဲ့၏ အဓိကထားကာ လုပ်ဆောင်နေမှုများမှာ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကလေးများရရှိရေး၊ ကလေးသူငယ်များ အရွယ်ငယ်ငယ်ဖြင့် သေဆုံးနေကြရမှုနှုန်း များကိုလျှော့ချနိုင်ရေး၊ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ကျောင်းအဆောက်အအုံများနှင့် ပစ္စည်း များကို တည်ဆောက်ဖြည့်ဆည်းပေးနိုင်ရေး၊ ကလေးတိုင်း အခြေခံပညာနှင့် အဆင့်မြင့် ပညာများကို လေ့လာ သင်ယူနိုင်ရေး၊ ပညာသင်ဆုများ ပေးရေး၊ မိသားစုနှင့် လူ့ဘောင်အဖွဲ့အစည်းကောင်းကျိုးများကို ဆောင်ရွယ် သယ်ပိုးနိုင်သူများဖြစ်ရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ဖြစ်ပါသည်။

ကျန်းမာရေး၊ အခြေခံပညာ၊ အဆင့်မြင့်ပညာတို့ကို အလေးပေးဆောင်ရွက်နေသည့်အပြင် ဆင်းရဲ သူပပျောက်ပြီး ကလေးတိုင်း၏ အနာဂတ်ကောင်းမွန်ရေးကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ထင်ရှားသည်။ ဆွစ်ဇာလန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဟောင်ကောင်တို့တွင် Child’s Deram အဖွဲ့အစည်းများကို တရားဝင်ထူထောင်ပြီး ရပ်တည်ကာလူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။

ဆေ့ဖရိုက်နှင့် ဂျင်နီတို့သည် ဟောင်ကောင် ပုဂ္ဂလိကဘဏ် ကမ္ဘာ့ငွေကြေးကုမ္ပဏီတစ်ခု၌ လုပ်ကိုင်နေသူများ ဖြစ်သည်။ သူတို့သည် အာရှသို့ ခရီးထွက်စဉ် လူ့ဘောင်အဖွဲ့အစည်းများအတွင်း ဆင်းရဲစွာ နေထိုင်ကြရ သူများကို တွေ့ရှိခဲ့ကြရသည်။ သူတို့ အာရှသို့ရောက်တိုင်း ဆင်းရဲသူများကို အကူအညီပေးလိုစိတ်များ ဖြစ်ပေါ် ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဂျင်နီနှင့် ဆေ့ဖရိုက်တို့သည် ထိုင်းနိုင်ငံ၊ ချန်းမိုင်တွင် ရုံးခန်းတစ်ခန်း ငှားလိုက်သည်။ ရုံးခန်းကို လည်း Child’s Deram Association အဖြစ် ဆွစ်ဇာလန်နိုင်ငံ၏ လှူဒါန်းမှု အထောက်အပံ့ဖြင့် ထူထောင်ထား ကြောင်း မှတ်ပုံတင်လိုက်သည်။ နောက် ၂ နှစ်ကြာသည့်အခါတွင် Child’s Deram ကို ဖောင်ဒေးရှင်းအဖြစ် ထိုင်းနိုင်ငံတွင် ပြောင်းလဲမှတ်ပုံတင်ခဲ့သည်။

Child’s Deram သည် မဲခေါင်ရပ်ဝန်းဒေသ၏ ကလေးများအတွက် အထူးအလေးပေးကာ လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ ထိုဒေသများသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ် ဖြန့်ဖြူးခြင်း၊ အကျင့်ပျက်ခြစားမှုများ လွှမ်းမိုးနေခြင်းများအပြင် လူကုန်ကူးမှုများဖြင့် ကလေးများအတွက် အလွန် ကြောက်စရာကောင်းသော နေရာဒေသများဖြစ်နေသည်။

ထိုဒေသတွင် နေထိုင်ရသူများ အနေဖြင့်လည်း ဆင်းရဲမွဲတေမှုများ၊ ရောဂါထူပြောမှုများ၊ လိင်ကိစ္စအဓမ္မ ကျင့်ကြံ ခံရခြင်းများ၊ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသူများဖြစ်သည်။ ထို့ပြင် ဒုက္ခသည်များ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြသူများလည်း အများဆုံး ရှိနေသည့်ဒေသဖြစ်သည်။ ထို့ကြောင့် ထိုဒေသတွင် နေထိုင်သည့်သူများမှ မွေးဖွားလာကြသည့် ကလေးများအတွက် ပညာရေးနှင့် ကျန်းမာရေးတို့ကို အထူးအလေးပေး ကူညီစောင့်ရှောက်ရန် လိုအပ်နေပါသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ Child’s Deram အဖွဲ့သည် ကျောင်းပေါင်း ၂၂၂ ကျောင်း၊ ဘော်ဒါဆောင် ၄၃ ဆောင်ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။ ကျောင်းသားပေါင်း ၈၄၀ ကို ပညာသင်ဆုများ ပေးခဲ့ပြီး ကလေး ပေါင်း ၁၅၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ကလေးပေါင်း ၁၃၀၀ ခန့်ကိုလည်း ခွဲစိတ်ကုသမှုများဖြင့် အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။

ဂျင်နီသည် အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် တက်ကြွစွာ လှုပ်ရှားနေပြီး အဖွဲ့ကြီး ရပ်တည်နိုင်ရေးအတွက် လည်း အလှူငွေများကို ကြိုးစားရှာဖွေနေရသည်။ သူတို့သည် ဒေသခံများအပြင် နိုင်ငံတကာ ကူညီထောက်ပံ့ မှုများဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

Powered by Bullraider.com