ဗန်းစကားပြဿနာ (၃)

Image may contain: 1 person, sunglasses

''တူရာတူရာ လူစုတွေက ထွင်သုံးလို့ ဗန်းစကားတွေပေါ်လာတာ သဘာဝပဲ။ တစ်ခုပြောရဦးမယ်။ စာရေးဆရာကြီး ဒဂုန်နတ်ရှင် ဆိုတာကြားဖူးမှာပေါ့''
''ကြားဖူးပါတယ်ဘဘ၊ 'စာပေဝတ်ဆံ'ဆိုတဲ့စာအုပ်ရေး တဲ့ဆရာကြီးပါ''
''ဟုတ်တယ်။ ဆရာကြီးက သူ့အတ္ထုပ္ပတ္တိတစ်အုပ်လည်း ရေးဖူးတယ်။ ဆရာကြီးငယ်ငယ်တုန်းက ရဟန်းဝတ်ဖူးတဲ့ အကြောင်းပါတယ်။ ဆရာကြီး ရေးတာက ဦးပဉ္စင်းကို 'ဃော ပန' လို့ ဗန်းစကားနဲ့ သူတို့ခေတ်တုန်းက ခေါ်ကြတယ်...တဲ့''
''သြော်'ဃောပန'ဆိုတာ 'ဦးပဉင်း'လို့အဓိပ္ပာယ်ရတဲ့ ဗန်းစကားပေါ့နော်ဆရာကြီး''
''ဟုတ်တယ်။ ဃောပန ဆိုတဲ့ပါဠိစကားလုံးကို ဘယ်မှာ ကြားဖူးသလဲ''
''အင်း...သမီးသိပြီဘဘ။ ဓမ္မစကြာမှာ 'ဃောပန ဘိက္ခဝေ'ဆိုတာပါတယ်မဟုတ်လား''
''အေး...အဲဒီလိုပေါ့။ အဲဒီစကားကိုယူပြီး'ဃောပန'ခေါ်ရင်း ဗန်းစကားဖြစ်သွားတာပေါ့''

''အခုခေတ်မှာလည်း ရဟန်းတွေသုံးတဲ့ ဗန်းစကားတွေ ရှိမှာပဲ။ ဦးပဉ္စင်းတွေကို လျှောက်ထားမေးမြန်းကြည့်ရင် သိမှာပေါ့နော်ဘဘ''
''သမီးကြုံရင် လျှောက်ထားကြည့်ပါလား။ ဗဟုသုတ ရတာပေါ့''
''ဆရာကြီး ဗန်းစကားတွေကို စုပြီးလေ့လာထားတဲ့ စာအုပ်မျိုးတွေရှိပါသလား''
''အေး...ရှိတာပေါ့ကွယ်။ ဘာသာစကားပညာရှင်တွေက ဗန်းစကားတွေကိုစုစည်းပြီး လေ့လာထားကြတာတွေရှိတယ်။ မြန်မာစွယ်စုံကျမ်း အတွဲ(၈)မှာ'ဗန်းစကား'ဆိုတဲ့ခေါင်းစဉ် ပါတယ်။ ရေးတဲ့ပုဂ္ဂိုလ်က ဘာသာဗေဒပညာရှင်ဆရာကြီး ဦးတင်လှပဲ။ တက္ကသိုလ်ဘာသာမြန်မာဌာနမှာ စာတည်း လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့''
''ဟုတ်ကဲ့ပါ''

''ဆရာကြီးဦးတင်လှက ဗန်းစကားရဲ့ သဘာဝနဲ့မြန်မာ ဗန်းစကားတွေအကြောင်း ရှင်းပြထားတယ်။ ဘာသာစကား တိုင်းမှာ ဗန်းစကားရှိတဲ့အကြောင်းကစပြီး နယ်ပယ်အသီးသီး မှာ သုံးတဲ့ဗန်းစကားတွေကိုပြထားတယ်''
''သဘင်သည်တွေသုံးတဲ့ဗန်းစကားတွေထဲမှာ'ငဝက်'ဆိုတာပိုက်ဆံကိုခေါ်တာ 'ဝက်ထောတယ်' ဆိုတာပိုက်ဆံ ပေါတာကိုခေါ်တာပေါ့''
''ခုခေတ်အသုံးဆိုရင်'ရေလျှံတယ်'ပေါ့နော် ဘဘ''
''အေး...အေး ဆရာကြီးဦးတင်လှက ရဲတွေသုံးတဲ့ ဗန်းစကားလည်းပြထားတယ်။ သတ္တိကောင်းတဲ့လူဆိုးဓားပြကို 'ြေ>ွမပွေး'လို့ခေါ်တယ်တဲ့။

ဓားပြဂိုဏ်းကြီးကိုတော့'တောင်ပံနီ'တဲ့။ လက်ပစ်ဗုံးကို တော့'နာနတ်သီး'တဲ့။ စွယ်စုံကျမ်းမှာ ရှာကြည့်ပေါ့ကွယ်''
''ဟုတ်ကဲ့ပါ။ ရှာကြည့်ပါ့မယ်''
''ဆရာကြီးဦးတင်လှပြောထားတဲ့အချက် တစ်ချက်ရှိ သေးတယ်။ ဗန်းစကားတွေဟာ စာသုံးပေသုံးမဟုတ်ဘဲ အရပ်စကားထဲက ပေါက်ဖွားလာတာ...တဲ့။ ဗန်းစကားတစ်လုံး ဟာ အသုံးတွင်ကျယ်လာပြီး စာပေထဲဝင်သွားရင်တော့ ဗန်းစကားလို့မခေါ်နိုင်တော့ဘူး...တဲ့''
''ဒီလိုဆိုရင် ဗန်းစကားတွေလည်း စာသုံးစကားဖြစ်လာ နိုင်တာပေါ့နော်''
''သိပ္ပံမောင်ဝရေးဖူးတဲ့ အကြောင်းတစ်ခုလည်းပြောဦး မယ်။ သိပ္ပံမောင်ဝက ၁၉၂၇ ခုဇွန်လ ၁၈ ရက်နေ့ထုတ် သူရိယရက်ခြားသတင်းစာမှာ 'ပေါ်ပေါက်ခါစ စကားကလေး များ'ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်''
''ဟုတ်ကဲ့ပါ''
''ဘယ်လိုရေးထားသလဲဆိုရင်

ခုခေတ်မှာ'ကြမ်းပိုး'ဆိုတဲ့စကားကိုကာလပေါ်စကားအဖြစ်သုံးလာကြတယ်..တဲ့ 'ကွမ်းကြမ်းပိုး' တို့၊ ဘိုင်စကုတ် ကြမ်းပိုးတို့၊ ကလပ်ကြမ်းပိုးတို့ ဆိုတဲ့ အသုံးတွေကို သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ တွေ့နေရ တယ်...တဲ့''
''ဟုတ်ကဲ့ပါ''
''မွေ့ရာ၊ ကုလားထိုင်တွေမှာ ကပ်ရပ်ပြီးသွေးစုပ်တဲ့ ကြမ်းပိုးကိုမြင်းပွဲတို့၊ ဖဲဝိုင်းတို့၊ ကလပ်တို့မှာကပ်ရပ်ပြီး သူများအပေါ်မှီခိုနေတဲ့။အလုပ်မရှိတဲ့သူကို 'ကြမ်းပိုး'လို့ ခေါ်ဟန်တူတယ်..တဲ့''
''ဟုတ်ကဲ့ပါ''
''ဒီတော့သိပ္ပံမောင်ဝအဆိုအရ အလုပ်မရှိဘဲကပ်ရပ်နေ တဲ့သူကို'ကြမ်းပိုး'လို့တင်စားသုံးတာဟာအဲဒီ ၁၉၂၇ ခုနှစ် လောက်က စသုံးတယ်ဆိုတာ တွေ့ရတာပေါ့။ ဒါကြောင့် ပေါ်ပေါက်ခါစ စကားကလေးများလို့ခေါ်ထားတာလေ။ သုံးခါစဆိုတော့ဗန်းစကားအဆင့်ပဲရှိသေးတာပေါ့''

''ဟုတ်ကဲ့ပါ''
''ကဲ...အခု ၂ဝ၁၇ ဆိုတော့အဲဒီစကားလုံးကိုသုံးလာတာ အခုဆိုရင် နှစ် ၉ဝ ရှိပြီနော်။ သားတို့သမီးတို့စဉ်းစားကြည့် စမ်း။ အဲဒီ' ကြမ်းပိုး'ဟာ ခုဆိုရင်ဗန်းစကားမဟုတ်တော့ဘူး။ တည်တည်တံ့တံ့သုံးတဲ့စကားဖြစ်နေပြီ။ 'ဒီကောင်က ဖဲကြမ်း ပိုးပဲ' ဆိုပြီးမလိုလားတဲ့ အဓိပ္ပာယ်နဲ့သုံးသလို။ 'သူကတော့ စာကြမ်းပိုးပဲ၊ စာပေနှံ့စပ်တယ်' ဆိုပြီးလိုလားတဲ့အဓိပ္ပာယ် နဲ့လည်း သုံးနေပြီး အဘိဓာန်ထဲမှာလည်း နေ့စဉ်သုံးတဲ့ စကားလုံးတစ်လုံးအဖြစ် ထည့်ပြနေပြီလေ''
''ဟုတ်ကဲ့ပါ''
''ဒီတော့ ဆရာကြီးဦးတင်လှပြောသလိုပဲ ဗန်းစကား တစ်လုံးဟာ အသုံးတွင်ကျယ်လာပြီး စာထဲပေထဲမှာထည့်သုံး လာရင် ဗန်းစကားမဟုတ်တော့ဘဲ နေ့စဉ်သုံးစကားအဖြစ် တည်တံ့သွားတာပဲလေ''
''ဟုတ်ကဲ့ပါ''
''ဘာသာဗေဒပညာရှင်တွေပြောတာတစ်ခုရှိသေးတယ်။ ဘာသာစကားတွေမှာ စကားလုံးသစ်တွေ အမြဲတိုးပွားနေ တယ်... တဲ့ လူမှုကိစ္စအသစ်တွေ ပေါ်ပေါက်လာတာနဲ့အမျှ စကားလုံးသစ်တွေလည်း ပေါ်ပေါက်နေတယ်တဲ့။ အဲဒီလို ဘာသာစကားလမ်းကြောင်းထဲကို ဝင်ချင်လွန်းလို့ အဝမှ ရစ်သီရစ်သီလုပ်နေတဲ့ စကားလုံးတွေကတော့ ဗန်းစကားတွေ ပဲတဲ့။ ဒါပေမယ့် အဲဒီဗန်းစကားအားလုံးတော့ ဝင်ခွင့်မရဘူး။ အနည်းအကျဉ်းပဲ ဝင်ခွင့်ရတယ်... တဲ့''
''ဟုတ်ကဲ့ ဘဘ။ အခုဘဘပြောတာကို သမီးသိပ်နား မလည်သလို ဖြစ်နေပါတယ်''
''ဒီလိုလေ။ ခေတ်အဆက်ဆက် ဗန်းစကားတွေ အများ ကြီးပေါ်လာတာပဲ။ ဒါပေမယ့် အဲဒီဗန်းစကားအားလုံး တည်တည်တံ့တံ့ သုံးတဲ့နေ့စဉ်သုံးစကားတွေ ဖြစ်မလာဘူးလေ။ ဆိုပါတော့ကွယ်။ ၁၉၆၁ -၇ဝ ဝန်းကျင်က 'အာလူးပေးတယ်'၊ 'အာလူးဖုတ်တယ်' ဆိုတဲ့ ဗန်းစကား တော်တော်တွင်ကျယ် ခဲ့တယ်''
''အဲဒါ ဘာအဓိပ္ပာယ်လဲ ဘဘ''
''ဟော.. သမီးတို့အရွယ်တောင် ခုဒီစကားကို မသိ တော့ဘူး။ သုံးလည်းမသုံးတော့ဘူးလေ။ 'စကားများတယ်၊ လေပေါတယ်' ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတဲ့ စကားပဲ။ 'အာလူးလာ မပေးနဲ့ ၊ လေနည်းနည်းလျှော့' ဆိုတဲ့သီချင်းတောင်ပေါ်သေး တယ်။ အဲဒီတုန်းက တွင်တွင်ကျယ်ကျယ် သုံးခဲ့ပေမယ့် အခု သမီးတို့ခေတ်မှာ အဲဒီဗန်းစကား ပျောက်သွားပြီလေ။ တည်တည်တံ့တံ့သုံးတဲ့ စကားလုံးအဖြစ် ရောက်မလာဘူး''
''နားလည်ပါပြီ ဘဘ''
'' ခိုးတယ် ဆိုတဲ့စကားဆိုပါတော့ 'လစ်တယ်' တဲ့၊ 'အလစ်သုတ်တယ်' တဲ့။ နောက်တော့ 'ဘုံးတယ်' တဲ့ 'ကစ်တယ်' တဲ့၊ 'တိုတယ်' ဆိုတာလည်းသုံးတယ်။ သူခိုးကို ' ငတို' လို့ခေါ်တာလေ''
''လာဘ်စားတာကို ခေါက်ဆွဲစားတယ်လို့လည်း သုံးတယ် နော် ဆရာကြီး ကျွန်တော်ကြားဖူးတယ်''
''ဟုတ်တယ်။ ဘောလုံးပွဲမှာ ဘယ်အသင်းက ခေါက်ဆွဲ စားလို့ဆိုတာမျိုး ရေးကြဖူးတယ်။ တာဝန်ရှောင်ပြီး သူများကို လွှဲချတာကို 'ဘော်လီဘောပုတ်တယ်' လို့သုံးတာကတော့ အခုလည်း သုံးနေတုန်းဖြစ်တယ်''
''ရစ်တယ် ဆိုတဲ့ စကားလည်းဗန်းစကားပေါ့နော်''
''ဟုတ်တာပေါ့။ ဖြောင့်ဖြောင့်တန်းတန်းလုပ်မပေးဘဲ ကွေ့ဝိုက်နေတာမျိုး လှည့်ပတ်နေတာမျိုးကို 'ရစ်နေတယ်' လို့သုံးတာတော်တော် ပေါ်လွင်တာပဲ။ အဲဒီလိုရစ်တတ်တဲ့ အထက်အရာရှိကို 'မောင်ရစ်' လို့ခေါ်ရာကနေပြီး 'မဟာဗန္ဓုလ' လို့ခေါ်တဲ့အထိ ခြေလှမ်းကျဲသွားတာမျိုးလည်းရှိတယ်။''
''သြော် ... မဟာဗန္ဓုလရဲ့ ငယ်နာမည်က မောင်ရစ်ကိုး''
''အခါအားလျော်စွာပေါ်တဲ့ ဗန်းစကားတွေလည်းရှိတာ ပေါ့။ တိုက်တန်းနစ် Titanic ရုပ်ရှင်ကိုအကြောင်းပြုပြီး ရေထဲနစ်တာကို 'တိုက်တန်းနစ်လုပ်တယ်'၊ ရေနစ်တာကို 'တိုက်တန်းနစ်ဖြစ်သွားပြီ' လို့ သုံးတာမျိုးလည်းရှိတယ်''
''ဟုတ်တယ်နော် ဆရာကြီး''
''ဟိုတလောက မိန်းကလေးတစ်ယောက်က တစ်ယောက် ကို 'ရှပ်ဒေါင်းလုပ်လိုက်ကွာ' လို့ ပြောတာကြားလို့ မေးကြည့် တော့ 'လုပ်လိုက်တော့လို့ ပြောတာတဲ့။ ကွန်ပျူတာမှာ သုံးတဲ့ Shut down ကိုယူသုံးတာလေ''
''စိတ်ဝင်စားစရာပဲနော်''
''ဗန်းစကားဆိုတာ ခေတ်ကာလအလျောက် စိတ်ကူး ဉာဏ်ကွန့်မြူးပြီးသုံးရင်း ပေါ်လာတာမို့ သစ်လွင်လတ်ဆတ် တဲ့သဘောရှိတယ်။ ဒါကြောင့် လူငယ်တွေ သဘောကျတာပေါ့။ ကဲ ... ခုခေတ်ဖေ့စ်ဘုတ်ထဲက 'ကွီး' တို့ 'ညေး'တို့လို အတို ကောက်စကားတွေကို အထူးအဆန်းလုပ်ပြီး ပြောနေကြ ပေမယ့် 'ကလေး' ကို 'ခေး'လို့ခေါ်တဲ့စကားက ၁၉၆ဝ ကျော် လောက် မြို့တော်သိန်းအောင်ရဲ့ ပြဇာတ်ထဲမှာ တွင်တွင် ကျယ်ကျယ်သုံးနေပြီလေ''
''ဟုတ်ကဲ့ပါ''
''ပြောလက်စနဲ့ဆက်ပြောရဦးမယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ 'သားချစ်ရင်ဒေါ် ' ဆိုတဲ့ကဗျာရှိတယ်။Lord Randal ဆိုတဲ့ အင်္ဂလိပ်ကဗျာကို ဘာသာပြန်တာလေ။ အဲဒီကဗျာမှာ အမေက သူ့သား 'ရင်ဒေါ် ' ကို မေးတဲ့စကားပါ တဲ့ 'ရင်ဒေါ်သက်ထား၊ မေ့သည်းချာ၊ ဘူများ ညစာကျွေးလိုက် တယ်။ နုပျိုဖွံ့ထွား၊ မေ့ချစ်သား၊ ဘူများညစာကျွေးလိုက်တယ်' တဲ့''
''ဘဘ။ 'ဘူများ'ဆိုတာ ဘာအဓိပ္ပာယ်ပါလဲ''
''သမီးက ချက်ချင်းတန်းပြီးသတိထားမိသားပဲ။ 'ဘူများ' ဆိုတာ 'ဘယ်သူများ' ပေါ့ကွယ်။ 'ကွီး' တို့ ၊ 'ညေး' တို့လိုပဲ 'ဘယ်သူ'ကို 'ဘူ' လို့ အသံချုံ့ပြီးသုံးတဲ့ အသုံးဟာ ရှေးကတည်းက ရှိတာပါ။ ဒါကြောင့် ဆရာကြီး မင်းသုဝဏ်က 'ဘယ်သူများ' ကို ၊ 'ဘူများ' လို့သုံးလိုက်တာပါ။ ကိုင်း.... ကိုင်း ... ဆက်ကြဦးစို့''

မြန်မာ့အလင်းသတင်းစာ (၁၉.၃.၂၀၁၇)

Powered by Bullraider.com