Mobile Learning Week 2017

http://en.unesco.org/sites/default/files/styles/img_688x358/public/infocus_mobile_learning_week_drupal04.jpg?itok=OKDfiS72

မိုဘိုင်းလ်သင်ယူမှု ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ၂၀၁၇ ခုနှစ်အတွက် ပြင်သစ်နိုင်ငံ။ ပဲရစ်မြို့တွင် ကျင်းပမည် ဖြစ်သည်။ စာတမ်းဖတ်ပွဲပေါင်း ၈ ခုကို ပါဝင်ထည့်သွင်းသွားပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ခဲ့သည်။ မတ်လ ၂၄ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ကြောင်း UNESCO အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

Mobile Learning Week သည် UNESCO အဖွဲ့က ဦးဆောင်လုပ်သည့် ပွဲတစ်ပွဲဖြစ်ပါသည်။ ပညာရေး ညီလာခံတစ်ခုအနေဖြင့် သတ်မှတ်ပြီး ကြီးကျယ်စွာ လုပ်ဆောင်ပေးခြင်းလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ပွဲမှာ နည်းပညာကို အသုံးချပြီး မည်သည့်ဆန်းသစ်မှုများကို ပညာရေးတွင် ထည့်သွင်းအသုံးပြု နိုင်မည်နည်းဆိုသည့် အချက်များကို ဆန်းစစ်လေ့လာရန် စီစဉ်ထားသည်။ ပညာရေးတွင် မိုဘိုင်းလ်သင်ယူမှု သည် အရေးပေါ် မည်မျှအထိ အသုံးပြုနိုင်မည်နည်း။ မိုဘိုင်းလ်ဖြင့် သင်ယူနိုင်မှု အခွင့်အရေးများကို မည်မျှအထိ အသုံးချနိုင်မည်နည်းဆိုသည်ကို ပညာရှင်များ လေ့လာဆွေးနွေးကြမည်ဖြစ်သည်။ အထူးသဖြင့် မိုဘိုင်းလ်ပညာရေးကို နိုင်ငံတော်အနေဖြင့်လည်းကောင်း၊ မိမိတို့ အဖွဲ့အစည်းများတွင် ထိရောက်စွာ အသုံးချ နိုင်ရေးကိုလည်းကောင်း ဆောင်ရွက်သွားနိုင်စေရန် လေ့လာသုံးသပ်ကြမည်လည်းဖြစ်သည်။

Mobile Learning Week 2017 ကို UNHCR အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ဒုက္ခသည်များ ပညာရေးအတွက်လည်း မိုဘိုင်းလ်ဖြင့် သင်ယူနိုင်မှုက အရေးကြီးသည်။ အိုင်တီအဖွဲ့အစည်းကြီး တစ်ခုဖြစ်သည့် ITU နှင့် ကုလသမဂ္ဂမှ ICT ဆိုင်ရာအထူးအဖွဲ့များကလည်း မိုဘိုင်းလ်ပစ္စည်းများဖြင့် သင်ယူမှု လုပ်ဆောင်နိုင်ရေးများကို ပူးပေါင်းကူညီကြမည်ဖြစ်သည်။ သူတို့အားလုံး ဦးတည်ကာ လုပ်ဆောင်ကြမည့် ခေါင်းစဉ်မှာ “Education in emergencies and crises” ဖြစ်သည်။ ပညာရေးကို အရေးပေါ်နှင့် သေရေး ရှင်ရေးအဖြစ် လုပ်ဆောင်ရာတွင် မိုဘိုင်းလ်စနစ်ကို အသုံးချနိုင်ရေးကို ဆွေးနွေးကြမည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းများကို လူတိုင်းလိုလို ကိုင်ဆောင်နိုင်ကြသည့် အနေအထားကို ရောက်လာသည်။ မိုဘိုင်းလ် ဖုန်းများက လူတွေကို သူတို့အိမ်များထဲက အပြင်ကို ထွက်လာစေလိမ့်မည်။ သူတို့လိုချင်သည့် အချက်အလက် များကို ရယူသုံးစွဲနိုင်သည့် အနေအထားများကို ကိုယ်တိုင်ဖန်တီးနိုင်သည့်ဆီကို ရောက်လာပေလိမ့်မည်။ ဖုန်းတစ်လုံးသည် မိသားစုအားလုံးကို ဆက်သွယ်နိုင်သည့် ပစ္စည်းဖြစ်သလို၊ သိလိုသည်များကို ရယူနိုင်သည့် နေရာလည်းဖြစ်သည်။ ထို့ပြင် ကိုယ်သိလိုသည့် ဘာသာစကားများကို ပြန်ဆိုဖော်ပြပေးနိုင်သည့် ပစ္စည်းတစ်ခု လည်း ဖြစ်လာနိုင်ပါသည်။ သေရေးရှင်ရေးကိစ္စများအတွက်ပါ မိုဘိုင်းလ်ဖုန်းများသည် အရေးပါသည့် အသွင်ကို ဆောင်လာသောကြောင့် လူတိုင်း မရှိမဖြစ် ကိုင်ဆောင်ကြရမည့် ပစ္စည်းတစ်ခုလည်း ဖြစ်လာသည်။

မိုဘိုင်းလ်နည်းပညာသည် ပညာရေးကို တံခါးဖွင့်ပေးမည့် ပစ္စည်းတစ်ခုဖြစ်သည်။ လူတိုင်းကို သင်ယူချင်သည့် အချိန်တွင် သင်ယူနိုင်ရန် အခွင့်အရေးလည်း ဖော်ဆောင်ပေးနိုင်သည်။ မိမိတို့ စိတ်ကူးများကို ဖော်ထုတ်နိုင် သည့် နေရာတစ်ရာ ဖြစ်လာခြင်းကပင် မိုဘိုင်းလ်ဆက်သွယ်ရေးသည် ပိုပြီး အရေးပါလာရသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာများ ထွန်းကားသည့်ခေတ်တွင် လူတိုင်းသည် ဖုန်းနှင့် Facebook မခွာ လေ့လာသင်ယူ ဆက်သွယ် နေကြသည့် နေရာတစ်နေရာဖြစ်လာသည်။

လူတို့၏ လေ့လာစူးစမ်းမှုများ၊ တီထွင်မှုများသည် မိုဘိုင်းလ်နည်းပညာများနှင့်လည်း ဆက်စပ်လာသည်။ အပြန် အလှန် မေးမြန်းခြင်း၊ သင်ယူခြင်း၊ ဖြန့်ဖြူးခြင်း၊ ဖလှယ်ခြင်းများသည် မိုဘိုင်းလ်ဖုန်းများကြောင့် ပိုပြီး မြန်ဆန် သွက်လက်လာသည်။ သိချင်သည်ကို ချက်ချင်းသိလာနိုင်ခြင်းသည် ရှေ့ဆက်ရန် ခြေလှမ်းများကို အမြန်ဆုံး လှမ်းရန် ဖန်တီးပေးနိုင်ခြင်းဖြစ်သည်။

Mobile Learning Week 2017 သည် မိုဘိုင်းလ်ဖြင့် သင်ယူမှုကို မည်မျှအထိ တိုးချဲ့မြှင့်တင်နိုင်မည်ကို လေ့လာဆန်းစစ်ကြမည့်ပွဲလည်းဖြစ်သည်။ ပညာရေးတွင် လိုအပ်ချက်များကို မိုဘိုင်းလ်နည်းစနစ်များဖြင့် အမြန်ဆုံး ဖြည့်ဆည်းပေးရန်လည်းဖြစ်သည်။ ဤပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်တွင် နိုင်ငံတကာအနေဖြင့် နည်းပညာကို ထိရောက်စွာ အသုံးချပြီး

-       ပညာရေးကို ခိုင်မာအားကောင်းလာစေရန်

-       ဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများတွင် ပညာရေးကို ဆက်လက်လေ့လာနိုင်ရန်

-       ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်ရသူများအတွက် သင်ယူမှုလမ်းဖွင့်ပေးနိုင်ရန်

-       နည်းပညာကို အသုံးချပြီး သင်ယူမှုအသစ်၊ လူ့ဘောင်သစ်တစ်ခုကို ထူထောင်နိုင်ရန်

-       လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းများကို မြှင့်တင်ပေးနိုင်ရန် တို့ကို လုပ်ဆောင်သွားရမည်ဖြစ်သည်။

ငါးရက်တာကျင်းပမည့် Mobile Learning Week 2017 ပွဲသည်

နည်းပညာကို သင်ယူနေသူများထံအရောက်ပို့ပေးပြီး လက်ရှိသင်ယူနေသည့် စနစ်များကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ ပညာရေးတွင် လိုအပ်နေသည့် ဖြည့်ဆည်းပေးရမည့် အချက်များကို ဖြည့်ဆည်းပေးပြီး နည်းပညာဖြင့် ပြောင်းလဲမှု မြန်ဆန်စေရန် အားထုတ်ကြမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၅ ခုနှစ်ကတည်းက မိနစ်တိုင်းတွင် အိမ်မှ နှင်ထုတ်ခြင်း ခံနေရသူ ၂၄ ဦးခန့်ရှိကြောင်း သိရသည်။ ဆယ်စုနှစ်တစ်စုအတွင်း အရေအတွက် လေးဆတိုးလာသည့် သဘောဖြစ်သည်။ ကမ္ဘာ့လူဦးရေ ၁၁၃ ဦးတွင် တစ်ဦးသည် အခက်အခဲ ပြဿနာတွေနှင့် ရင်ဆိုင်နေရပြီး နေရာအတည်တကျ နေထိုင်နိုင်ခြင်း မရှိသူများဖြစ်နေသည်။ ကမ္ဘာ့ဒုက္ခသည်ပေါင်း ထက်ဝက်ခန့်မှာ ကလေးများဖြစ်နေသည်။ သူတို့ထဲတွင် မိဘများနှင့် ခွဲခွာနေကြရပြီး ဘဝကို တစ်ဦးတည်း ကြံဖန်ရုန်းကန် နေကြရသူများလည်းပါဝင်ကြသည်။

လူတိုင်းအတွက် ပညာရေးကို ဦးစားပေးဆောင်ရွက်ရန်ဆိုသည်မှာ နည်းပညာအထောက်အကူမပါဘဲ မဖြစ်နိုင် တော့ပေ။ ထို့ပြင် မိုဘိုင်းလ်ဖုန်းကို ဆင်းရဲချမ်းသာမရွေးကိုင်နိုင်သည့် ခေတ်ကာလတွင် ကျောင်းရှိရာသို့ သူတို့ မလာနိုင်ပါက သူတို့ထံသို့ အရောက်သွားရန်သာဖြစ်သည်။ သူတို့က ပညာရေးဆီသို့ မလာနိုင်လျှင် ပညာရေးကို သူတို့ထံအရောက်ပို့ရန်သာဖြစ်သည်။ မိုဘိုင်းလ်သည် လူတိုင်းကို အနေအထားတစ်ခုဆီသို့ အရောက်ပို့နိုင်မည့် ပညာရေးအစီအစဉ်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့အမြင်ဖြင့် လှုပ်ရှားဆောင်ရွက်နေကြပြီဖြစ် သည်။

(Sources : UNESCO)

Powered by Bullraider.com