စင်ကာပူကျောင်းများတွင် စိတ်ငြိမ်းချမ်းမှုဆောက်တည်ခြင်း

http://cdn.shopify.com/s/files/1/0168/0462/articles/Screen_Shot_2017-03-15_at_1.31.23_PM_grande.png?v=1489610007

စင်ကာပူနိုင်ငံ Westwood Primary School မူလတန်းကျောင်းတွင် ထူးခြားသော အလေ့အကျင့်တစ်ခုကို ဆောင်ရွက်ပေးနေကြောင်း တွေ့ရသည်။ ကျောင်းသား ကျောင်းသူများကို ကျောင်းမလွတ်မီ ကျောင်း စားသောက်တန်းတွင် ထိုင်ခိုင်းထားပြီး ငါးမိနစ်ခန့် အသက်ရှူ တရားထိုင်သည့် လေ့ကျင့်ခန်းများ လေ့ကျင့် ခိုင်းခြင်းဖြစ်သည်။ ဆရာမလေးတစ်ဦး အသံက လွင့်ပျံလာသည်။

“ငြိမ်ငြိမ်လေးထိုင်၊ မျက်လုံးတွေ ပိတ်ထား၊ အသက်ကို ရှူသွင်း၊ ရှူထုတ်၊ ဖြည်းဖြည်းလေးလုပ်” ဆိုသည့် အသံက စားသောက်ခန်း စပီကာများမှ ထွက်လာသည်။ ထိုလေ့ကျင့်ခန်းကို သူတို့ နှစ်မိနစ်ခန့် လုပ်ကြရသည်။

အချို့သော ကလေးများသည် ကလေးပီပီ ဂနာမငြိမ်ဖြစ်နေသည်။ သူတို့မျက်လုံးလေးတွေကို ကြိုးစားမှိတ် ရင်းက စိတ်ကိုငြိမ်အောင်ထိန်းကာ ဆရာမအသံအတိုင်း လိုက်လုပ်ရန် ကြိုးစားနေသူတွေရှိသလို၊ အချို့ကလည်း ဟိုကြည့် သည်ကြည့် လုပ်နေကြသည်။

အချို့သော ကလေးတွေက မျက်လုံးတွေ မှိတ်ပြီး ကိုယ်ကို မတ်နိုင်သမျှ မတ်အောင် ကြိုးစား ထိုင်နေကြသည်။ သူတို့ တရားထိုင်သည့် သဘောတရားကို ရအောင် ရှုမှတ်နေကြခြင်းဖြစ်သည်။ အားလုံးကို အချိန်ပြည့်လျှင် လွှတ်ပေးလိုက်သည်။ ကလေးများ ပျော်ရွှင်စွာ ကျောင်းဆင်းသွားကြသည်။

စတုတ္ထတန်းအဆင့်မှ အသက် ၁၀ နှစ်အရွယ် ဆော်လမွန် လင်းဆိုသူ၏ ရုပ်သွင်မှာ တကယ့်ကို တည်ငြိမ် လွန်းလှသည်။ သူက

“အသက်ရှူသွင်း ရှူထုတ် လေ့ကျင့်ခန်းလုပ်ရတာ စိတ်ဖိစီးနေတာ ပျောက်သွားသလိုပဲ” ဟုဆိုသည်။

ယခုနှစ် ဇန်နဝါရီလကတည်းက Westwood မူလတန်းကျောင်းတွင် ကလေးများကို စိတ်လေ့ကျင့်ခန်းအနေဖြင့် အသက်ရှူခြင်းကို စတင်မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ကျောင်းလွှတ်ချိန်တိုင်း အချိန် ငါးမိနစ်ပေးပြီး ကလေးများကို စုရုံးထိုင်ခိုင်းကာ နှစ်မိနစ်ခန့် တရားမှတ်သလို လုပ်ခိုင်းခြင်းမှာ ပညာရေးအတွက် အကောင်းမြင်စိတ်ဓာတ်များ ထွန်းကားလာစေရန်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

လူတစ်ယောက်တွင် စိတ်ကိုပြင်ဆင်လေ့ကျင့်ခြင်းမှာ အလွန်အရေးကြီးသည်။ လက်ရှိအနေအထားကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဆင်ခြင်နိုင်ခြင်းက အရေးကြီးသည်။ ပတ်ဝန်းကျင်ကို မည်သူ့ လွှမ်းမိုး ချုပ်ကိုင်မှုမှ မပါဘဲ မိမိတစ်ဦးတည်းက ထိန်းချုပ်နိုင်သည်ဆိုသည့် သဘောတရားဖြစ်အောင် လေ့ကျင့် သင်ကြား ပေးနေခြင်းဖြစ်သည်။ အသက်ရှူလေ့ကျင့်ခန်းသည့် စိတ်ကိုမှတ်ခြင်းဖြစ်သည်။ စိတ်ကို တည်ငြိမ် စေရန် အားထုတ်ခြင်းဖြစ်သည်။ စိတ်ကို တည်ငြိမ်အောင် ထိန်းနိုင်ပြီဆိုလျှင် ဖိစီးမှုအားလုံး လျှော့ပါးသွားစေ နိုင်သည်။ ထို့ကြောင့် နေ့စဉ်ဖြစ်ပေါ်လာနိုင်သည့် စိတ်ဖိစီးမှုများကို ကလေးများတွင် လျှော့ပါးသက်သာ စေရန် ထိုသို့လေ့ကျင့် ပြင်ဆင်ပေးခြင်းဖြစ်သည်။

Westwood မူတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး မစ္စ ဆိုဖီယာ တန်က

“စိတ်ကို တည်ငြိမ်အောင် လုပ်ခြင်းဟာ ကလေးတွေရဲ့ အတွေးတွေ စိတ်ခံစားမှုတွေကို ပုံမှန်ပြန်ဖြစ်စေပါတယ်။ ဒီလို လုပ်ဆောင်တာ ပုံမှန်လေးဖြစ်သွားရင် သူတို့အတွက် အကျိုးတရားတွေ အများကြီး ရလာနိုင်ပါတယ်” ဟု ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက မူလတန်းနှင့် အလယ်တန်းကျောင်း ၁၀ ကျောင်းခန့်တွင် စိတ်လေ့ကျင့်ခန်းအတွက် လေ့ကျင့်ခြင်းများကို ထည့်သွင်းလာကြောင်းတွေ့ရသည်။ ဗြိတိန်နိုင်ငံတွင်လည်း ထိုသဘောတရားများကို ထည့်သွင်းပြီး ကျောင်းသားများကို တရားထိုင်၊ တရားမှတ်ခိုင်းခြင်းများ ပြုလုပ်လာ ကြကြောင်းတွေ့ရသည်။ ဗြိတိန်နိုင်ငံတွင် ၂၀၁၃ ခုနှစ်ကတည်းက ကျောင်းသားများအား စိတ်လေ့ကျင့်ခန်းများ၊ အသက်ရှူလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့ရာ စိတ်ဖိစီးမှုများနည်းပါးသွားခဲ့ကြောင်း British Journal of Psychiatry တွင် ရေးသားထားသည်။

ကျောင်းများတွင် စိတ်လေ့ကျင့်ခန်းများကို ထည့်သွင်းပေးခြင်းကြောင့် ကလေးများသည် စိတ်ဓာတ်ပိုပြီး ရင့်ကျက်လာခြင်း၊ ငြိမ်းချမ်းလာခြင်း၊ သတိရှိမှု၊ နိုးကြားတက်ကြွမှုများ ပိုကောင်းလာခြင်းစသည့် အကျိုး တရားများ ရရှိလာခဲ့ကြောင်း Westwood မူလတန်းကျောင်းမှ မိဘတစ်ဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ်ရှိ ဂျိန်း ဒီဗာကာကလည်း ထောက်ခံပြောကြားသည်။

သူမက မိမိကလေးများကို ကျောင်းတွင်သာမက အိမ်တွင်လည်း စိတ်အလေ့ကျင့်ကောင်းများရရှိစေရန် တရားထိုင်သည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးကြောင်းပြောကြားသည်။

(Source: The Straita Times)

Powered by Bullraider.com