မြန်မာ့စီးပွားရေး၊ မြန်မာ့ပညာရေး

https://www.adb.org/sites/default/files/styles/content_media/public/content-media/5318-mya-new-chapter-05.jpg?itok=1jLOBKgn

နိဒါန်း

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ပညာရေးသည် ဆက်နွှယ်မှု မြင့်မားကြောင်းကို စီးပွားရေး ပညာရှင်အများအပြားက သီအိုရီများ၊ ၎င်းတို့အပေါ် သက်သေပြ အီကွေးရှင်းအမျိုးမျိုးဖြင့် သက် သေပြခဲ့ပြီးပြီဖြစ်ပါသည်။ သီအိုရီ များက မီးမောင်းထိုးထားသော ထို အမှန်တရားကို အာရှထိပ်တန်း နိုင်ငံများ၏ ဖွံ့ဖြိုးရေးအတွေ့အ ကြုံများကလည်း ရှင်းရှင်းလင်းလင်း သက်သေပြခဲ့ပြန်သည်။ ကောင်းမွန်သော ပညာရေးသည်  ကျွမ်းကျင်လုပ်သား အရေအတွက်၊ နည်းပညာသစ်များ လက်ခံရယူနိုင်ခြင်းစွမ်းရည်၊ ထိုမှတစ်ဆင့် လုပ်သားတစ်ဦးချင်း၏ ထုတ်လုပ် နိုင်မှုပမာဏတိုးမြှင့်ကာ စီးပွားရေးတိုးတက်မှုဆီသို့ မမှိတ်မသုန် ဦးတည်စေသည်ဟု အကြမ်းဖျင်း နားလည်နိုင်ပါသည်။

ဆိုခဲ့ပြီးသလို စီးပွားရေးတိုး တက်မှု၏ တွန်းအားမှာ ကောင်းမွန်သော ပညာရေးဖြစ်ပေရာ ပညာရေးမည်ကာမတ္တ ပညာရေးမှာမူ စီးပွားရေးတိုးတက်မှုအတွက် မည်သည့်တွန်းအားမျှ ပေးစွမ်းနိုင်မည် မဟုတ်ပါ။ သို့ဆိုသောကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုအတွက် ကောင်းမွန်သော ပညာရေးအား မဖြစ်မနေဖော်ဆောင်ရပေမည်။

အာရှအင်အားကြီးနှင့် မြန်မာပြည်၏ သမိုင်းထဲက ပညာရေးအလေးပေးမှုများအား ယေဘုယျနှိုင်းယှဉ် ဆန်းစစ်ကြည့်ခြင်း

၁၉၄၀ ပြည့်နှစ်များက အတူတူ တာထွက်ခဲ့ကြသည့် တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားတို့သည် မြန်မာပြည်ထက် အဆပေါင်းများစွာ တိုးတက်ကာ အင်အားကြီးမားလာနေသည်ကို မျက်ဝါးထင်ထင်မြင် တွေ့နေရသည်။ အဆိုပါ သုံးနိုင်ငံ ၏ ဖွံ့ဖြိုးရေးအတွေ့အကြုံများတွင် မတူညီမှုများစွာရှိနေသော်လည်း အနည်းငယ်သော တူညီမှုများထဲက ထင်ရှားအားကောင်းသောအချက်တစ်ချက်မှာ ပညာရေးအလေးပေးမှုပင်ဖြစ်သည်။

တရုတ်နိုင်ငံမှာဆိုလျှင် သမိုင်းအစဉ်အဆက်ကပင် ဘုရင်မင်းမြတ်အတွက် မှူးမတ်များ ရွေးချယ်ရာတွင် ကျွမ်ယွမ်ပညာရှိစာမေးပွဲ ကျင်းပခဲ့သည့် အစဉ်အလာ ရှိသည်။ ထို့အပြင် ကျယ်ဝန်းသော နိုင်ငံနယ်နိမိတ်ကို ရွေးချယ်ခံ ပညာရှိလူငယ်လူရွယ်များဖြင့် ဗျူ ရိုကရေစီယန္တရားတည်ဆောက်ကာ အင်ပါယာလည်ပတ်မှုစနစ်ကို အသက်သွင်းသည့် အတွေ့အကြုံများ ရှိပါသည်။ ကိုရီးယားတွင် ထိုမျှ အဆင့်လောက် အကောင်အထည်ဖော်ခြင်း မတွေ့ရ သော်လည်း ပညာရှိစာမေးပွဲကျင်းပသည့် အခြေအနေအထိတော့ ရောက်ဖူးပါသည်။ အိန္ဒိယတွင် သူတို့နိုင်ငံလွတ်လပ်ရေးရရှိပြီး တစ်နှစ်အကြာ စီမံခန့်ခွဲမှုကော လိပ်ပေါင်း ခြောက်ခုဖွင့်လှစ်ခဲ့ သည်။(မြန်မာပြည်တွင်အခုအချိန်အထိ အစိုးရပိုင် စီမံခန့်ခွဲမှုကောလိပ်အရေအတွက်မှာ ငါးခုပင်မရှိသည်နှင့် နှိုင်းယှဉ်ပါ)မြန်မာပြည်သမိုင်းတွင်မူ ပညာရှိစာမေးပွဲ ကျင်းပကာ မင်းမှုထမ်းအမတ်ခန့်ထားသည့်စနစ် မရှိခဲ့ပါ။ ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများ ခိုင်ခိုင်မာမာရှိခဲ့ဖူးသော်လည်း စာမေးပွဲကျင်းပကာ ရာထူးခန့်ထားသည့် စနစ်အဆင့်အထိ မရောက်ခဲ့ပါ။

မင်းတုန်းမင်းလက်ထက်တွင်မှ ပညာရေးအလေးပေးကာ ပညာတော်သင်စေလွှတ်ခဲ့သော်လည်း မင်းတုန်းမင်းနတ်ရွာစံပြီး သားတော်သီပေါမင်းလက်ထက်တွင် အကောင်အထည်ဖော်ရန် စိုးစဉ်းမျှမကြိုးစားခဲ့သည်မှာ လွန်စွာမှ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ ဤသည်တို့မှာ ပညာရေး နှင့်ပတ်သက်၍ သမိုင်းထဲမှ အကြမ်းဖျင်းသုံးသပ်ချက်ဖြစ်ပါသည်။

မြန်မာတို့၏ ပညာရေးအပေါ်အကောက်အယူများ

ယခုတစ်ခါ ပညာရေးအပေါ် မြန်မာတို့၏ အကောက်အယူများအား ဝေဖန်ဆန်းစစ်ကြည့်ုပါမည်။ ရှေးမြန်မာစကားပုံတော်တော်များများက မြန်မာတို့သည် ပညာရေး အလေးပေးစေရန် ညွှန်ပြထားသည်ကို အားတက်ဖွယ်တွေ့ရှိရသည်။ ပညာရွှေအိုး လူမခိုး၊ ပညာသမာ အာဘာနတ္တိ၊ပညာနှင့်တူသော အလင်းရောင်သည်မရှိ စသည်ဖြင့် ရှိသော်လည်း ရှေးစကားပုံများက ညွှန်ပြချက်များကို မြန်မာများ တကယ်လိုက်နာမှုရှိ၊ မရှိကို ဆန်းစစ်သော် လိုက်နာမှုမရှိပါဟု သက်သေပြနိုင်သော အထောက်အထားများ သံသယ ဖြစ်ဖွယ်ရာ တွေ့ရှိလာရပါသည်။ ကိုလိုနီခေတ် အိုင်စီအက်စ်သမားများအား အမျိုးသားသစ္စာဖောက်များ၊ မျိုးချစ်စိတ်မရှိသူများအဖြစ် ခံယူကြခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် အိုင်စီအက်စ်ဦးတင်ထွဋ်အား အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသော်လည်း နိုင်ငံတော်လုပ်ကြံမှုအပြီး ဦးနုအစိုးရလက်ထက်တွင် ထည့်သွင်းခန့် ထားမှုမရှိတော့ခြင်း၊ ယခုအချိန်အထိ ပညာတတ်များ၊ ပညာရှင်များအား အခုချိန်ထိ နိုင်ငံရေးသမားများက အလေးပေးမှု၊ အလေးထားမှုမရှိခြင်း၊ ပညာရှင်များအား အကြံပေးအဖွဲ့ဝင်များ အဖြစ် ခန့်အပ်ထားလျှင်လည်း လိုသုံးသဘောထားရှိခြင်းတို့ပင် ဖြစ်ပါသည်။ ထို့အပြင် မြန်မာတို့သည် ပညာရေးအား ပညာရေးသက်သက် သန့်သန့်စင်စင် တွေးခေါ်မျှော်မြင်ခြင်း မပြုပါဘဲ နိုင်ငံရေးအတွေးအခေါ်ဖြင့် ရောစပ်တွေးခေါ်ခြင်း၊ ပိုဆိုးသည်မှာ နိုင်ငံရေးအတွေးနည်းဖြင့်သာ တွေးခေါ်ကာ အဆုံးအဖြတ်ပေးခြင်း ဖြစ်ပါ သည်။ နိုင်ငံရေးလောကမှ အဖြစ်များကို မြင်သာစေရန် ထုတ်နုတ် ပြခြင်းသာဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း မတူယိုးစွဲများ ရှိပါ သည်။

မြန်မာတို့၏ ပညာရေးစံနှုန်းများ

ပညာရေးအပေါ်ထားရှိသော မြန်မာတို့၏ စံနှုန်းများသည် မှန်ကန်သင့်လျော်ပါသလားဟု ဆန်းစစ်ကြည့်ပါမည်။ ယနေ့ခေတ်သည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဖြစ်သောကြောင့် တစ်ဦးချင်း ယှဉ်ပြိုင်နိုင်စွမ်းသည် အသက်တမျှ အရေးပါပါသည်။ ထိုသို့ဆိုပါက အသစ်တီတွင်နိုင်စွမ်း (Creativity) ဖောက်ထွက် ဖန်တီးမှု (Innovation)သည် ယနေ့ခေတ် တစ်ဦးချင်းစီအတွက် အဆုံးအဖြတ်ဟု ဆိုနိုင်ပါသည်။ Creativity Expert တစ်ဦးဖြစ်သူ Ken Robinson ၏ အလိုအရ ပညာရေးဟူသည် အဓိကအချက် သုံးချက်သာရှိသည်။ ၎င်းတို့မှာ မတူကွဲပြားမှု၊ နက်ရှိုင်းစွာစိတ်ပါ ၀င်စားမှုနှင့် ဆန်းသစ်တီတွင်နိုင်မှုတို့ပင်ဖြစ်ပါသည်။ မတူကွဲပြားမှုကို အပြည့်အ၀သဘောပေါက် လက်ခံရမည်။ ပြီးနောက် ကလေးတို့စိတ်ပါဝင်စားသည်ကို နက်ရှိုင်းစွာ လေ့လာဆန်းစစ်ခွင့်ပြုရမည်၊ ထိုအဆင့်နှစ်ဆင့်ကို မိဘများနှင့် ဆရာများ တကယ်အပြည့်အ၀ကျင့်သုံးပါက ကလေးတို့အသစ် တီတွင်နိုင်စွမ်း မီးကုန်ယမ်းကုန် ထွက်လာလိမ့်မည်ဟု ခန်းရော်ဘင်ဆင်က အဆိုပြပါသည်။ ပညာရေးသဘောကို လိုက်စားကြသော သူမှန်သမျှ ခန်းရော်ဘင်ဆင်၏ အဆိုအား ရာနှုန်းပြည့်သဘောတူပါသည်။ မြန်မာပြည်မှ မိဘများ မြန်မာပြည်မှ ဆရာများ ဖြေဖို့လိုပါသည်။ မိမိတို့အနေဖြင့် ခန်းရော်ဘင်ဆင်အဆိုအတိုင်း မည်မျှလိုက်နာကျင့်သုံးကြပါသနည်း။ ရိုးရိုးသားသားဖြေကြဖို့ ၀န်ခံဖို့လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်ပင် ကျွန်တော်တို့ မြန်မာပြည်၏ အနာဂတ်ဖြစ်ပါသည်။ ကျွန်တော့်အမြင်တွင်မူ မြန်မာ့ပညာရေးစံနှုန်းများသည် အမိန့်နာခံမှု၊ တညီတညာတည်း ဖြစ်မှု၊ ခေတ်ဟောင်းစက်မှုမိုဒယ်ကို ကျင့်သုံးမှု (ဆိုလိုသည်မှာ အရေအတွက် အဓိကထားမှု)၊ မိဘများ၏ အတ္တနှင့် ဆရာများကိုယ်တိုင် စံလွဲမှုတို့ဖြစ်နေသည်။ သို့ ဖြစ်ပါ၍ မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးနေသော ပညာရေးစံနှုန်းများသည် ကောင်းမွန်သော ပညာရေးတစ်ရပ်တွင် ရှိသင့်ရှိထိုက်သော စံနှုန်းများနှင့် မည်မျှအံချော်နေသည်ကို တွေးကြည့်နိုင်ပါသည်။

ထိုသို့ အံချော်နေရခြင်းမှာလည်း အကြောင်းရင်း အမျိုးမျိုးရှိပေရာ ထိုသို့အကြောင်းအရင်းများအနက်မှ တိမ်းစောင်းပုံ ပျက်နေသောစနစ်နှင့် ထိုစနစ်၏ ခြေလက်များဖြစ်သော မသင့်လျော်သော နည်းလမ်းမကျသော မမှန်ကန် သောစည်းမျဉ်းများပင်ဖြစ်ပါသည်။

မြန်မာ့ပညာရေးစနစ်၏လွဲမှားနေသော စည်းမျဉ်းများ

မြန်မာ့ပညာရေး၏ အကြီးဆုံးသော အလွဲအမှားတစ်ခုမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်နှစ်တွင် ဘွဲ့ကြိုသင်တန်းအများစုကို မဖြစ်မနေ တက်ရောက်ကြရသည့် စည်းမျဉ်းပင်ဖြစ်သည်။ နောက်တစ်နှစ်၊ ၂ နှစ်နေမှ တက်ရောက်သင်ကြားခြင်းကို အဘယ်ကြောင့် ခွင့်မပြုသည်ကို စဉ်းစား၍မရ တော်တော်ကြာစဉ်းစားမှ ရေးရေးလေးပေါ်လာသည်မှာ ဘွဲ့ရကိန်းဂဏန်းများစေရန် ကြံ ဆောင်ခြင်းပေလောဟု အတွေးရ မိပါသည်။ ထိုလွဲမှားသော စည်းမျဉ်းကြောင့် မတက်နိုင်သော လူငယ်များ၊ ကိုယ့်စရိတ်ကိုယ်ရှာ ပိုက်ဆံစုဆောင်းချိန်မရ၊ အဝေးသင်တက္ကသိုလ်သို့သာ အပြုံလိုက်ရောက်ရှိကာ စိတ်ဝင်စားမှုကို ဘေးချိတ်၊ ဘွဲ့စာရွက်တစ်ရွက် ဘာရရဆိုပြီး သဘောပိုက်လာကြသောကြောင့် လူငယ်များ နစ်နာရသည်။ တိုင်းပြည်လည်း နစ်နာရသည်။

နောက်လွဲမှားသော စည်းမျဉ်းမှာ တက္ကသိုလ်အသီးသီးမှ ဘာသာရပ်ဆိုင်ရာဌာနအသီးသီးမှ ၀င်ခွင့်စာမေးပွဲမကျင်းပဘဲ တက္ကသိုလ်ဝင်တန်းရမှတ်ဖြင့်သာ ဆုံးဖြတ်သောပုံစံဖြစ်သည်။

ဇီဝဘာသာတွဲဖြင့် အမှတ် (၄၇၀) အထက်ရသော ကျောင်းသားသည် နိုင်ငံတကာ ဆက်ဆံရေးအထူးပြု တက္ကသိုလ်ဆက်တက်နိုင်သည်ဆိုခြင်းမှာ မည်သို့မျှအဆီအငေါ် မတည့်ပါချေ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်ကိုသာ တစ်ခုတည်းသော အဆုံးအဖြတ်အဖြစ် ဆုံးဖြတ်ခြင်းကြောင့် ကျူရှင်စနစ် ရေပန်းစားလာပြီး ပညာရေးစံနှုန်းများစွာ လျော့ကျခဲ့ရပါသည်။ နားလည်တတ်ကျွမ်းမှုထက် အမှတ်ကိုသာ ပစ်မှတ်ထားသည့် အမှတ် အမဲလိုက်စနစ်အဖြစ်ရောက်ခဲ့ရပါသည်။

အခြားလွဲမှားသော စည်းမျဉ်းများအကြောင်းရှိပါသေးသည်။ သို့သော် မြန်မာ့ပညာရေးသည် ကောင်းမွန်သော ပညာရေးဟုတ်၊ မဟုတ် အဖြေထုတ်ပြလိုရင်းသာ ဖြစ်၍ ဤမျှဆိုလျှင် လုံလောက်ပြီဟု ယူဆပါသည်။

ကောင်းမွန်သော ပညာရေးကသာလျှင် စီးပွားတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါသည်။

အခုလက်ရှိ မြန်မာ့ပညာရေးသာ ကောင်းမွန်သော ပညာရေးမဟုတ်ပါ။ ကောင်းမွန်သော ပညာရေးအတွက် အစိုးရတွင် အဓိကတာဝန်ရှိသည်ဆိုသော်လည်း လူထုကပါဝင်ဆောင်ရွက် နိုင်သော နေရာများလည်းရှိသင့် သလောက်တော့ရှိပါသည်။မြန်မာ့စီးပွားရေးတိုးတက်စေလိုလျှင် မြန်မာ့ပညာရေးကို ပစ်မထားသင့်၊ လက်ရှိတွင်မူ မြန်မာ့ပညာရေးအား ပစ်ထားကြပါသည်။ ပညာရေးဘတ်ဂျက်မှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းရှိသင့်ပါသည်။

လျာထား ဘတ်ဂျက်တွင် ပညာရေးအတွက် ၁၀ ရာခိုင်နှုန်းပင် မသတ်မှတ်ပေး၍ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာ ဖြစ်ပါသည်။ တစ်ဖက်တွင်တော့ ဖုန်းသုံးစွဲခွန်အား မနှစ်က ပညာရေးအသုံးစရိတ်ထဲသို့ ထည့်သွင်း ပေးခဲ့သည်ကိုတော့ ကျေးဇူးတင်ပါသည်။ မြန်မာ့ပညာရေးသည် မြန်မာ့စီးပွားရေးအတွက် အမှန်ပင် အကျိုးပြုနိုင်ရန် ကိုက်ညီသော မွေးထုတ်မှုတော့ဖြစ်ဖို့လိုပါသည်။ မြန်မာ့စီးပွားရေးက လိုအပ်သော ကျွမ်းကျင်လုပ်သားအရေအတွက်ကို လက်ရှိမြန်မာ့ပညာရေးရာခိုင် နှုန်း ထက်ဝက်စာ၊ တစ်စိတ်စာမျှပင် မဖြည့်ဆည်းနိုင်ပါ။ ပိုလျှံနေသည်မှာ တကယ်မတတ်သော ဘွဲ့ရလူငယ်များဖြစ်သည်။ အချိုးအစားမကိုက်ညီခြင်း၏ ရလဒ်မှာတော့ မြေပြင်နှင့်ထိလုနီးပါး တစ်ဦးချင်းထုတ်လုပ်နိုင်စွမ်းဖြစ်သည်ဆိုသည်မှာ ရင်နာစရာဖြစ်ပါသည်။

မြန်မာ့စီးပွားရေးနှင့် မြန်မာ့ပညာရေးသည် သတ်သတ်စီမဟုတ်၊ သံယောဇဉ်ကြီးကြသော တွဲဖက်ရဲဘော်များဖြစ်ပါသည်။

 7 Day Journal,

Powered by Bullraider.com