ဗာလနက္ခတ်ပွဲ

http://1.bp.blogspot.com/_j75NSBYQkSc/TIzcxYJVQbI/AAAAAAAAAEQ/72PE0apo_bE/s1600/18.jpg

သာဝတ္ထိပြည်မှာ အစဉ်အလာတစ်ခုရှိတယ်။ “ဗာလနက္ခတ်ပွဲ” တဲ့။ ဒီအစဉ်အလာက ဗုဒ္ဓလက်ထက်မှာ ဖြစ်ထွန်းလာတာမဟုတ်ဘူး။ ဗုဒ္ဓကိုယ်တော်တိုင်က နုညံ့သိမ်မွေ့တဲ့ တရားတွေကို ဟောကြားပြီးတော့ သူတော် ကောင်း၊ သူမြတ်လောင်းတွေ ပေါ်ထွန်းရေးကို လိုက်လံလုပ်ဆောင်နေတာလေ။

ဗာလနက္ခတ်ပွဲတဲ့

အဲဒီကာလရောက်ရင် ခုနှစ်ရက်လုံးလုံး လူတွေ မူးယစ်သောက်စား ပျော်ရွှင်စွာ ရမ်းကားကြတယ်။ တစ်ကိုယ်လုံး ပြာတွေသုတ်၊ နွားချေးတွေသုတ်၊ အရက်သေစာတွေ မူးယစ်သောက်စား လမ်းတကာလှည့်ကြ တယ်။

ပါးစပ်ကလည်း ယုတ်မာညစ်ညမ်းစွာ ဆဲဆို အော်ဟစ် ကြားလို့မတော်၊ နားမခံသာအောင်ဆူညံ၊ အဲဒါကို အစဉ်အလာတဲ့။ ယဉ်ကျေးမှုတဲ့။ ရိုးရာတဲ့။ ဓလေ့တဲ့။

ပွဲတော်ကာလမှာ အုပ်စုလိုက်ဖွဲ့။ သောက်စားမူးလာပြီး တစ်လမ်းဝင် တစ်လမ်းထွက် အော်ဟစ်နေကြတာ လူတိုင်းတော့ မဟုတ်ပါဘူး။ သူတော်ကောင်းတွေ သာဝတ္ထိပြည်မှာ အများကြီးရှိတာပဲ။ အစဉ်အလာကို လုပ်တဲ့ အများစုက လုပ်နေတော့၊ မကြိုက်တဲ့ မနှစ်သက်တဲ့သူတွေက လမ်းပေါ် မထွက်၊ အိမ်တံခါးပိတ်ပြီးတော့ ငြိမ်သက်စွာ နေထိုင်ကြတယ်။

လမ်းပေါ်ထွက်ရင်တော့ ပြာသုတ်၊ နွားချေးသုတ်၊ ပါးစပ်ကလည်း ယုတ်မာစွာပြောမှ သာဝတ္ထိသားကွလို့ ကြွေးကြော်စရာဖြစ်တယ်။ ဗာလနက္ခတ်ပွဲဆိုတာ မမူးရင် မရူးရင် မပီပြင်ဘူး။ ဗာလနက္ခတ်ပွဲကို မဆင်နွှဲရင် သာဝတ္ထိသားမဟုတ်လို့ ကိုယ့်ဇာတ်ထုတ်ကိုယ်ကပြီး ဟုတ်နေကြတာ။

ဗုဒ္ဓသာသနာထွန်းကားလာတော့ ဘုရားရှင်ဟောကြားတဲ့ တရားတော်ကို မွေ့လျော်တဲ့သူတွေဟာ “မမေ့လျော့ကြလေနဲ့” ဆိုတဲ့ စကားလေးကို သိပ်ပြီးသဘောကျကြတယ်။ သွားသတိ၊ လာသတိ၊ နေသတိ၊ စားသတိ “အပ္ပမာဒတရား” နဲ့ နေထိုင်နိုင်အောင် ကြိုးစားကြရမယ်ဆိုတာကို လက်ကိုင်ထားသူတွေလည်း အများကြီးရှိတာပဲ။

ဗာလနက္ခတ်ပွဲကို မကြိုက်တဲ့သူတွေက အိမ်တံခါးပိတ်ပြီးနေရင် နက္ခတ်ပွဲကို ဆင်နွှဲနေသူတွေက မူးယစ် သောက်စားပြီး အိမ်တံခါးပေါက်ဝကို ရောက်လာတတ်ကြတယ်။ ရမ်းကားသူ ပြာသုတ်၊ ချေးလူးတွေဟာ သူတော်ကောင်းတွေရဲ့ အိမ်ရှေ့မှာ အော်ဟစ်ဆဲဆို မသင့်လျော် ကြားမကောင်းအောင် လွန်ကျူးကြတယ်။ ဒါပေမဲ့ အစဉ်အလာဆိုတဲ့ ဗာလပွဲကြီးက စိုးမိုးထားတော့ မပြောသာကြဘူးပေါ့။

“ဗာလ” ဆိုတာက “ပစ္စုပ္ပာန်အကျိုး၊ သံသရာအကျိုး၊ လောကုတ္တရာအကျိုး၊ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မသိသူတွေ” လို့ အနက်ဖွင့်ရမှာ မဟုတ်လား။ ဒါကြောင့် ဒီနက္ခတ်နဲ့ ကြုံနေချိန်ဟာ အားလုံး စိတ်မချမ်းသာ ရုံကလွဲပြီး ဘာရှိဦးမှာလဲ။

သူတော်ကောင်းတွေရဲ့ အိမ်တံခါးဝမှာ မူးယစ်ရမ်းကား ဆဲဆိုနေသူတွေဟာ ပိုက်ဆံထွက်မပေးမချင်း မသွားကြဘူး။ သူတို့ သောက်စားဖို့ ပိုက်ဆံထွက်ပေးလိုက်မှာ တစ်နေရာပြောင်းလေ့ရှိကြတယ်။ ဒါကြောင့် ဗာလနက္ခတ်ပွဲဆိုတာ မိုက်ကြေးခွဲ ငွေတောင်းပြီး သောက်စားပျော်ပါးတဲ့ ပွဲကြီးအသွင်ဆောင်လာတယ်။

တစ်နေ့တော့ ဗာလနက္ခတ်ပွဲ ကျင်းပမယ့်ရက်နဲ့ တိုက်ဆိုင်စွာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက သာဝတ္ထိပြည်ကို ကြွတော်မူလာတယ်။ သူတော်ကောင်းတွေက ဘုရားရှင်ကို

“မြို့ပြင်မှာ နေတော်မူပါဘုရား … ဒီကာလရက်အတွင်း မြို့အတွင်းကို မကြွပါနဲ့ဘုရား … မြို့ထဲမှာ သူယုတ် သူမိုက်တွေ လှည့်လည်သောင်းကျန်း၊ မူးယစ်သောက်စားနေကြတာ အရှင်မြတ်တို့လို သူတော်စင်တွေ မမြင် တွေ့အပ်ပါဘုရား … ဒါကြောင့် မြို့ပြင် ကျောင်းတော်မှာသာ သီတင်းသုံးတော်မူကြပါ … လိုအပ်တဲ့ ဆွမ်း ယာဂု အပြည့်အစုံကို ပို့ပေးပါ့မယ် … ဤ ဗာလနက္ခတ်ပွဲကာလတွင် တပည့်တော်တို့လည်း အပြင်မထွက် … အရှင် ဘုရားတို့လည်း မြို့ထဲသို့ ထွက်မလာသင့်ကြောင်းပါဘုရား” လို့ သွားရောက်တားကြတယ်။

ခုနှစ်ရက်လုံးလုံး သူတော်ကောင်းတွေက ဘုရားရှင်ထံ ဆွမ်း ယာဂုတွေ မပြတ်အောင်ပို့ပေးကြတယ်။ သာဝတ္ထိ ပြည်ထဲမှာတော့ တိုင်းပြည် ပျက်လုလု ဖြစ်နေတယ်။

ခုနှစ်ရက်တိုင် မူးယစ်သောင်းကျန်းပြီးတော့မှ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက သာဝတ္ထိပြည်ထဲကို ဆွမ်းခံ ကြွလာပြီး

“မိုက်မဲတွေဝေကုန်သော၊ ပညာမရှိကုန်သော လူတို့သည် ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းကို မေ့လျော့တတ်ကြ တယ်။ ပညာရှိသူတွေကသာ မမေ့မလျော့သတိနဲ့ နေထိုင်တတ်ကြတယ်။ မမေ့မလျော့ ကုသိုလ် ကောင်းမှုကို ပြုနိုင်သူတွေသာ နိဗ္ဗာန်ချမ်းသာကို ရနိုင်တယ်” လို့ ဟောကြားတော်မူခဲ့ပါတယ်။

(ရည်ညွှန်း - ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဗာလနက္ခတ်ပွဲ)

၁၄.၄.၂၀၁၇

Powered by Bullraider.com