အပြောစကားပြေ အစဉ်အလာ (၆)

https://coolchurchgroupsinfo.files.wordpress.com/2011/10/1185571_26641487.jpg

“မပြီးသေးသော ပန်းချီကားကို ဆက်ဆွဲကြဖို့ လာကြပြန်ပြီဟေ့”

“လာကြဗျာ။ ကျွန်တော်လည်း ခင်ဗျားတို့ကို မျှော်နေတာပါ”

“မြန်မာစာအရေးအသားပေါ်စတုန်းကတော့ အရေးနဲ့အပြောကွဲပြားမှု မရှိသေးဘူးဆိုတဲ့အချက်ဟာ တော်တော်ရှင်းနေပါပြီ။ နောက်ပိုင်းမှာဘာကြောင့် ကွဲပြားလာရတယ်ဆိုတာလည်း သဘာဝကျကျ စဉ်းစားကြည့်လို့ရပါပြီ။ ဒီတော့-အဲဒီလိုအရေးနဲ့ အပြောကွဲပြားတာ ဘယ်တုန်းကစပြီး ကွဲပြားတာလဲ ဆိုတာ ဆက်ပြီးစူးစမ်းရမှာပေါ့ကွာ”

“ဟုတ်ပါတယ်ဗျာ”

“အဲဒီလိုစူးစမ်းစရာအထောက်အထားတွေရှိတယ်မဟုတ်လား”

“ရှိပါတယ်ဗျာ။ ခေတ်အဆက်ဆက်ပေါ်ပေါက်တဲ့ စာပေတွေကို ကြည့်ရမှာပေါ့”

“ဘယ်လိုကြည့်မှာလဲဗျာ”

“ကဲ . . . ဒီလိုကြည့်ရအောင်။ ဒီနေ့ ကျွန်တော်တို့အပြောစကားမှာသုံးနေတဲ့ ‘တယ်၊ မယ်၊ လို့၊ နဲ့၊ ဟို၊ ဒီ’ စတဲ့စကားလုံးတွေကို အစောဆုံးဘယ်ခေတ်ကစာတွေထဲမှာ အပြောစကားအဖြစ်သုံးတာတွေ့ရသ လဲပေါ့။ အဲဒီလိုတွေ့ရတယ်ဆိုရင် အဲဒီခေတ်ဟာ အရေးနဲ့အပြောကွဲနေပြီလို့ အသေအချာပြောနိုင်တဲ့ ခေတ်ဖြစ်မှာပေါ့ဗျာ”

“ဟုတ်တာပေါ့။ ဒီနေ့အပြောမှာပဲ သုံးတဲ့စကားမျိုးတွေကို စာထဲမှာတွေ့နေရပြီဆိုရင် အဲဒီစာရေးတဲ့ ခေတ်မှာ အပြောနဲ့အရေး ကွဲနေပြီဆိုတာ သေချာတာပေါ့ကွာ”

“ဒီလိုဆိုရင် ဘယ်ခေတ်မှာ အစောဆုံးတွေ့သလဲဗျ”

“ပုဂံ၊ ပင်းယခေတ်တွေမှာ အပြောနဲ့အရေးသိသိသာသာ ကွဲပြားတာမျိုးမတွေ့ရပါဘူး။ အင်းဝခေတ်မှာ တော့ အပြောနဲ့အရေးကွဲနေပြီဆိုတာကို ဖော်ပြတဲ့သက်သေ တစ်ခုစ နှစ်ခုစတွေ့နေရပါပြီ”

“ပြောပြပါဦးကွာ”

“ရှင်မဟာသီလဝံသရေးတဲ့ ‘ပါရယနဝတ္ထု’ မှာတွေ့ရတာဗျ။ အကြောင်းအရာက အာဠာဝကဘီလူးရဲ့ဗိ မာနကို ဘုရားရှင်ဝင်ပြီးသီတင်းသုံးနေတာကို အာဠာဝကကြားတော့ စိတ်ဆိုးပြီးပြောတဲ့အကြောင်းပါ။ နတ်မင်းကြီးနှစ်ပါးက အာဠာဝကဗိမာန်မှာ ဘုရားရှင်သီတင်းသုံးနေကြောင်းကြားလို့ အာဠာဝကကို ဝမ်းသာစကားပြောတော့ စိတ်ဆိုးနေတဲ့ အာဠာဝကက ဘုရားဆိုတာသူမမြင်မသိကြောင်း နတ်မင်း ကြီးတွေကို ပြန်ပြောတဲ့စကားပေါ့ဗျာ”

“ဘယ်လိုရေးထားသလဲ”

“ ‘အာဠာဝက ဘီလူးလည်း အမျက်ရှိရကား ‘ငါမမြင်ပါဘူး’ ဟူ၏’ တဲ့ဗျ။ ကဲ . . . ‘ငါမမြင်ပါဘူး’ ဆိုတာ ဒီနေ့အထိသုံးနေတဲ့ အပြောစကားမဟုတ်လားဗျာ”

“ဟုတ်တာပေါ့”

“နောက်တစ်ခုရှိသေးတယ်။ အဲဒီပါရာယနဝတ္ထုမှာပဲ။ အရှင်သာရိပုတ္တရာ တရားဟောနေတုန်း လာဠု ဒါယီဆိုတဲ့ ရဟန်းမိုက်ကြီးက . . . အဲ . . . ကာဠုဒါယီမဟုတ်ဘူးနော်၊ လာဠုဒါယီတဲ့၊ အဲဒီရဟန်းမိုက် ကြီးက အရှင်သာရိပုတ္တရာကို မလေးမစားပြောလို့ ရှင်သာရိပုတ္တရာ တရားမဟောတော့ဘဲ ထသွား တယ်။ အဲဒီအကြောင်းကို ဘုရားရှင်ကြားတော့ အရှက်အာနန္ဒာကို အပြစ်တင်တယ်။ ဘုရားရှင် အပြစ် တင်ပုံကို ဒီလိုရေးထားတယ်ဗျ”

“ဘယ်လိုပါလိမ့်ကွာ”

“မထေရ်ကြီးကို ‘ရှင်မိုက်ညှဉ်းဆဲသည်ကို ကိုယ်တို့လျစ်လျူရှုနေ အားစွတကား” ဟု ရှင်အာနန္ဒာကို ဘုရားမြတ်စွာ မိန့်တော်မူဖူး၏- တဲ့ဗျ”

“သြော်”

“ဘုရားရှင်က ရှင်အာနန္ဒာကို ပြောတဲ့ ‘ကိုယ်တို့’ ဆိုတဲ့ စကားဟာကော အပြောစကားမဟုတ်လားဗျ”

“အေး . . . ဟုတ်တာပေါ့”

“အင်းဝခေတ်မှာ ‘ကိုယ်တို့’ ဆိုတဲ့စကားဟာ ပြောတဲ့သူကနားထောင်တဲ့သူကို တိုက်ရိုက်ပြောတဲ့နာမ် စားအဖြစ် သုံးတယ်ဆိုတာ ဒီအသုံးအရ သိနိုင်ပါတယ်”

“ကျွန်တော်တို့ အဘွားရှိတုန်းက သူတို့အရွယ်အချင်းချင်း ‘ကိုယ်က’ ‘ကိုယ်တို့က’ ဆိုပြီး အပြန်အလှန် ပြောတာ မှတ်မိနေတယ်ဗျ”

“ဒီတော့ အဲဒီအသုံးတွေအရ အင်းဝခေတ်မှာ အရေးနဲ့အပြောကွဲနေပြီလို့ ကောက်ချက်ချနိုင်တာ ပေါ့ဗျာ။ ပုဂံခေတ် ၁၂ ရာစုအစပိုင်း မြန်မာစာပေါ်စတုန်းက မကွဲသေးပေမယ့် အင်းဝခေတ် ၁၅ ရာစု မှာတော့ ကွဲနေပြီလို့ဆိုရမှာပေါ့။ နှစ်သုံးရာလောက် ရှိသွားပြီကိုး”

“ဟုတ်တာပေါ့ကွာ”

“တစ်ခုရှိတာက အင်းဝခေတ်ကစာတွေထဲမှာ အဲဒီအပြောစကားတွေ နည်းနည်းပါးပါးပဲ တွေ့ရတာကို ကြည့်ရင် ပြောင်းလာတဲ့အပြောစကားအတိုင်း စာထဲထည့်ရေးဖို့ လက်တွန့်နေသလားလို့ တွေးစရာပေါ့ ဗျာ။ မြန်မာစာအရေးအသားရဲ့ သက်တမ်းကလည်း နှစ်သုံးရာလောက်ရှိပြီဆိုတော့ သြဇာအရှိန်အဝါ ကြီးမှာ အမှန်ပဲလေ။ ပြီးတော့ ပုဂံခေတ်ကတည်းက အစဉ်အလာဆိုတော့ လေးလေးစားစားဆက်ပြီး ထိန်းသိမ်းရတဲ့သဘောလည်း ရှိမှာပေါ့။ အထူးသဖြင့် ရေးတဲ့အကြောင်းအရာတွေက ဗုဒ္ဓစာပေတွေ၊ ဘုရင်အကြောင်းတွေဆိုတော့ အလေးအမြတ်ထားရတဲ့၊ လေးစားရတဲ့ သာဓကရှိမှာပေါ့။ ‘စာတစ်လုံး ဘုရားတစ်ဆူ’ ဆိုသလို ဗုဒ္ဓအကြောင်းရေးတဲ့ စာအရေးအသားတွေကိုလည်း လေးလေးစားစားတန် သိမ်းရမယ့် အမွေအနှစ်တွေအဖြစ် သဘောထားမှာပေါ့ဗျာ”

“ဒီလိုဆိုရင် အင်းဝတ်ခေတ်မှာ အရေးနဲ့အပြောကွဲပြားနေပေမယ့် စာရေးတဲ့အခါကျတော့ ပုဂံခေတ် ကတည်းကရေးလာတဲ့ အစဉ်အလာအတိုင်း ဆက်ပြီးထိန်းသိမ်းလာတာမို့ ပြောင်းလာတဲ့ အပြော စကားတွေကို စာထဲကထည့်ရေးဖို့ စိတ်မကူးကြဘူးလို့ဆိုနိုင်မယ် ထင်တယ်နော်”

“ဖြစ်နိုင်ပါတယ်။ ရှင်မဟာ သီလဝံသဆိုရင် ပျို့ဆိုတဲ့ကဗျာရှည်ကြီးတွေကို စာသုံးစကားဟန်အတိုင်း ခံ့ခံ့ညားညားဖွဲ့တဲ့စာဆိုပါ။ ဒါပေမယ့် ခုနပြောသလို ဝတ္ထုစကားပြေထဲမှာ စကားပြောခန်းရေးတဲ့အခါ ကျတော့အဲ့ဒီခေတ်မှာ ပြောတဲ့အတိုင်း ‘ငါမမြင်ဘူး’ တို့ ‘ကိုယ်တို့’ ဆိုတဲ့အပြောစကားကလေးတွေ တစ်လုံးစနှစ်လုံးစ ပါသွားတာမျိုးဖြစ်မယ်လို့ ယူဆရတာပေါ့ဗျာ။ အပြောစကားတွေ နည်းနည်းပါးပါး ထည့်ရေးမိတာလို့ ဆိုရမှာပေါ့”

“ဘာပဲဖြစ်ဖြစ် ဒီစကားလုံးတွေအရတော့ အင်းဝခေတ်မှာ အပြောအရေး ကွဲပြားနေပြီလို့ ဆိုနိုင်တာပေါ့ နော်”

“ဟုတ်ပါတယ်။ အပြောနဲ့အရေး သိသိသာသာကွဲပြားလာတဲ့ သာဓကတွေကိုတော့ ညောင်ရမ်းခေတ် မှာစတွေ့ရတာပဲ။ ၁၈ရာစုဆိုတော့ နောက်ထပ်နှစ်သုံးရာလောက် အကြာမှာဆိုပါတော့ဗျာ”

“ဘယ်စာတွေမှာ တွေ့ရတာလဲ”

“ဝန်ကြီးပဒေသရာဇာရဲ့စာတွေမှာတွေ့ရတာပါ။ ဝန်ကြီးပဒေသရာဇာဟာ ပျို့တွေ၊ ဧချင်းတွေ၊ ရတု တွေလည်းရေးတယ်။ တျာချင်းတွေ၊ နတ်သံတွေနဲ့သီချင်းတွေလည်း ရေးတယ်ဗျ။ စိတ်ဝင်စားစရာ ကောင်းတာက ပျို့တွေ၊ ဧချင်းတွေ၊ ရတုတွေရေးတဲ့အခါ စာသုံးစကားတွေနဲ့ပဲရေးပြီး တျာချင်းတွေ နတ်သံတွေ၊ သီချင်းတွေကျတော့မှ အပြောစကားတွေပါလာတဲ့အချက်ပဲဗျ”

“ဘာကြောင့် - အဲဒီလိုဖြစ်တယ်ထင်သလဲ”

“သြော် . . . ပျို့တို့၊ ဧချင်းတို့၊ ရတုတို့က ခံ့ခံ့ညားညားရေးလေ့ရှိတဲ့ စာမျိုးတွေလေ။ ဗုဒ္ဓစာပေထဲက အကြောင်းတွေ၊ ထီး၊ နန်းအကြောင်းတွေဆိုတော့ အဲဒီအကြောင်းအရာတွေကို ရေးတဲ့အခါ အစဉ်အ လာအတိုင်း စာစကားနဲ့ပဲထိန်းသိမ်းပြီး ရေးတာပေါ့။ အဲ . . . တျာချင်းတို့၊ နတ်သံတို့၊ ပြီးတော့ ဂီတသီ ချင်းတွေကျတော့ သာမန်ပြည်သူတွေရဲ့ အကြောင်းရေးတာရယ်၊ လတ်တလော အသံထွက်ပြီး သီဆို ရတာရယ်ကြောင့် - အဲဒီတုန်းက နေ့တိုင်းပြောဆိုနေတဲ့ အပြောစကားတွေပါလာတာဖြစ်မယ်လို့ သုံး သပ်နိုင်ပါတယ်”

“အပြောစကား ဘယ်လိုပါတာလဲဗျ”

“ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့ တျာချင်းတွေပဲ ကြည့်ပေါ့ဗျာ။ ကုန်ကူးသွားမယ့် လှေကြီးကို ရေနံသုတ် တဲ့အကြောင်းဖွဲ့တာ ‘ရေနံသာအရွှဲသုတ်ပါလားလို့လေး’ တဲ့၊ အပြောစကားတွေပါလာပြီလေ။ ‘လို့’ ဆိုတာ အပြောစကားပေါ့။ ကြိုးသီချင်းတွေမှာလည်း ‘ရေပေါ်မှာနားပါလို့၊ ကြာဆံကိုစားပါလို့’ ဆိုတာ စကားပြောနေသလိုပဲ မဟုတ်လား။ ပဒေသရာဇ်ရဲ့ ရွှေဖျင်းညီနောင်နတ်သံမှာကျတော့ ‘လွမ်းရစ်တော့ လေ နှမတွေတို့’ တဲ့ဗျ”

“စကားပြောနေသလိုပဲနော်”

“ဒါပေါ့။ အဲဒီညောင်ရမ်းခေတ်မှာပဲ ‘အိုင်ချင်း’ ဆိုတဲ့ ကဗျာမျိုးလည်း ပေါ်လာတယ်။ ကျေးလတ်တော ရွာက မိန်းမပျိုကလေးတွေရဲ့ အချစ်ရေးကိစ္စတွေ အဓိကဖွဲ့တာပေါ့။ တောင်တွင်းရှင်ငြိမ်းမယ်ရေးတာ ပေါ့။ မိန်းမပျိုလေးက ‘ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်းယောက်မတို့လေး’ လို့ အစချီပြီး သူငယ် ချင်းတွေကို သူ့အကြောင်းပြောပြနေတာလေ။ ပြောပြနေပုံဖွဲ့တာဆိုတော့ အပြောစကားတွေနဲ့ ဖွဲ့တျာ ပေါ့ဗျာ”

“ဘယ်လိုအဖွဲ့တွေလဲဗျ”

“စစ်ချီသွားတဲ့ မောင်ကိုအိမ်မှာကျန်ခဲ့တဲ့ချစ်သူက စစ်မြေပြင်မှာ ချောချောလှလှ မိန်းကလေးတွေကို တွေ့ရင်ယူမှာလားလို့မေးတော့ မောင်ကမယူပါဘူးလို့ ပြန်ဖြေတာကို ဖွဲ့ထားတာက ‘စစ်မှာတစ်မူ နှမလေးပျို့ထက်ဖြူကို ယူမလို့လားတော်’ တဲ့။ ‘စစ်မှာတစ်မူ နှမလေးပျို့ထက်ဖြူကို မယူဘူးဗျာ’ တဲ့။ အမေးနဲ့အဖြေလေ”

“အပြန်အလှန် စကားပြောနေသလိုပဲနော်”

“ပြစရာ သာဓကတွေအများကြီးရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ကောက်ချက်ချနိုင်တာက ၁၈ ရာစု၊ ညောင်ရမ်းခေတ်မှာ အခုခေတ်လိုပဲ အပြောနဲ့အရေး တော်တော်ကွဲပြားနေပြီဆိုတာပါပဲ။ စာရေးရာမှာ လည်း စာစကားတွေနဲ့ ခံ့ခံ့ညားညားရေးတဲ့ စာမျိုးတွေရှိသလို အပြောစကားနဲ့ ပေါ့ပေါ့ပါးပါးရေးတဲ့ စာမျိုးတွေလည်းရှိနေပြီဆိုတာပါပဲဗျာ”

“ကဲ . . . မပြီးသေးသော ပန်းချီကားကို ဆက်ဆွဲကြသေးတာပေါ့ကွာ”

မြန်မာ့အလင်းသတင်းစာ

မေလ (၃၁) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com