အသံတူ မြန်မာဗျည်းများ

http://myanmarfacebookdirectory.com/upload/myanmarsarImage.jpg

“ဘဘ နေကောင်းလား”

“သြော် . . . သမီးပါလား။ ကောင်းပါတယ်ကွယ်။ သမီးနဲ့စကားမပြောရတာ တော်တော်ကြာပြီနော်”

“သမီးလာပါတယ် ဘဘ။ ဘဘတို့လူကြီးတွေ စကားပြောနေကြတာနဲ့ သမီးမနှုတ်ဆက်ဖြစ်တာပါ”

“အေးပါ။ ဘဘတို့ သူငယ်ချင်းတွေ အပြောစကားပြေအကြောင်း စကားစပ်မိရင်း စကားဝိုင်းဖွဲ့ကြတာ တော်တော်ကြာသွားတယ်။ ကဲ . . . သမီးပြောချင်တာကလေးတွေ စဉ်းစားထားတာရှိမယ်ထင်တယ်။ နားထောင်ရအောင်”

“ဟိုတစ်ရက်က သမီးမောင်လေးရဲ့ သူငယ်တန်းဖတ်စာအုပ်ကိုလှန်ကြည့်ရင်း ကကြီးခခွေး ဗျည်း ၃၃ လုံး ဇယားကိုတွေ့တာနဲ့ ဘဘကိုမေးချင်တာတစ်ခု စိတ်ထဲမှာပေါ်လာလို့ပါဘဘ”

“ဘာပါလိမ့်၊ မေးလေ”

“အရင်တုန်းကတော့ မစဉ်းစားမိပါဘူး ဘဘ။ ဒီလိုပဲကကြီးခခွေး အစအဆုံးရအောင် ကျက်ခဲ့တာပါပဲ။ ခုသတိထားမိတာက အဲဒီဗျည်းတွေထဲမှာ အသံချင်းတူတဲ့ ဗျည်းတွေတော်တော်များများ ပါတယ်နော် ဘဘ”

“ဟုတ်တာပေါ့ သမီးရဲ့ ပါတာပေါ့”

“ပေါက်ပေါက်ရှာရှာ မေးတယ်လို့တော့ မထင်ပါနဲ့ဘဘရယ်။ သမီးသိချင်လို့ပါ။ အဲဒီဗျည်းတွေတစ်သံ ကိုတစ်လုံးစီပဲထားလို့ မဖြစ်ဘူးလား။ ဘာဖြစ်လို့အသံကတစ်သံတည်းကို ဗျည်းက နှစ်လုံးသုံးလုံးဖြစ် နေရတာလဲလို့ စဉ်းစားမိလို့ပါ”

“ဟုတ်ပြီ။ သမီးက လေ့လာစူးစမ်းတတ်တဲ့အကျင့်ရှိတဲ့သူမို့ ဒီမေးခွန်းမျိုးမေးနိုင်တာပါ။ ပေါက်ပေါက် ရှာရှာမဟုတ်ပါဘူးကွယ်။ မေးသင့်မေးထိုက်တဲ့မေးခွန်းပါ။ သြော် . . . သတိရလို့ သမီးအခုဘယ် အတန်းရောက်ပြီလဲ”

“သမီး မြန်မာစာအထူးပြု ဒုတိယနှစ်ပါ ဘဘ။ ရှေ့နှစ်မှာ ဂုဏ်ထူးတန်းတက်နိုင်အောင် ကြိုးစားနေပါ တယ်”

“ကောင်းတယ်၊ ကောင်းတယ်။ သမီးက မြန်မာစာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားပြီး ဂရုတစိုက် လေ့လာနေတဲ့သူဆိုတော့ ဒီလိုအကြောင်းတွေ သိချင်မှာပေါ့။ သိလည်း သိသင့်ပါတယ်”

“ဟုတ်ကဲ့ပါ။ ဘဘအခုလိုပြောတော့ သမီးအားတက်သွားပါတယ် ဘဘ”

“ကဲ . . . ဘဘတို့ ဗျည်း ၃၃ လုံးထဲက အသံတူဗျည်းတွေ အရင်ပြောကြည့်ရအောင်။ ကဲ . . . သမီး ကပဲပြောပြပေါ့”

“ဟုတ်ကဲ့ပါ။ အသံတူတွေက ဂနဲ့ဃ ၊ ဇနဲ့ဈ၊ နောက်ပြီးတော့ ဍနဲ့ဎ၊ ဒနဲ့ဓ၊ အဲဒါတွေပါဘဘ”


“နောက်ရှိသေးတယ်လေ။ ဋ နဲ့ တ၊ ဌ နဲ့ ထ၊ ဏ နဲ့ န၊ ပြီးတော့ လ နဲ့ဠ ပေါ့။ ဟုတ်တယ်မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ယနဲ့ရလည်း အသံတူပဲလေ။ ဒါပေမယ့် ရ ကို ‘ပရိဘောဂ’ တို့၊ ‘ရေဒီယို’ တို့မှာကျတော့ လျှာလိပ်သံနဲ့ ထွက်ရတယ် မဟုတ်လား။ အဲဒီအခါမှာတော့ ယနဲ့အသံမတူဘူးပေါ့။ ‘ရေ’ တို့၊ ‘ရဲ’ တို့လိုမြန်မာစာ စကားတွေမှာကျတော့ ‘ရ နဲ့ ယ’ အသံတူတာပေါ့”

“ဟုတ်ကဲ့ပါ”

“သမီးပြောတဲ့အထဲက ‘ဍ၊ ဎ၊ ဒ၊ ဓ’ ဆိုတဲ့ ဗျည်းတွေကတော့ လေးလုံးစလုံး အသံတူတယ်လေ။ ဟုတ် တယ်မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ကဲ . . . သမီးရဲ့မေးခွန်းကို ဖြေရရင် အဲဒီဇယားထဲက ဗျည်း ၃၃ လုံးဟာ ဘဘတို့မြန်မာတွေ ပုဂံ ခေတ်က ဘဘတို့ရဲ့ဘိုးဘွားတွေဆိုပါတော့။ အဲဒီမြန်မာကြီးတွေ ကိုယ့်ဟာကိုယ် တီထွင်တဲ့စာလုံး တွေမဟုတ်ဘဲ မွန်လူမျိုးတွေဆီ အဆင်သင့်ယူလိုက်တာဖြစ်တဲ့အတွက် အဲဒီလိုအသံတူတွေပါနေတာ အကြောင်းတစ်ခုပဲကွဲ့”

“သြော် . . . ဟုတ်ကဲ့ပါဘဘ”

“သမီးလည်း မြန်မာစာယူထားတာဆိုတော့ မြန်မာစာအရေးအသားပေါ်ပေါက်လာပုံအကြောင်း လေ့ လာရမှာပေါ့”

“ဟုတ်ကဲ့ပါ။ ပုဂံအနော်ရထာမင်းလက်ထက်မှာ ထေရဝါဒဗုဒ္ဓသာသနာနဲ့အတူ ပါဠိပိဋကတ်တော်တွေ သထုံကနေပြီး ပုဂံကိုရောက်လာပြီးတဲ့နောက်မှာ မြန်မာစာအရေးအသား ပေါ်ပေါက်တယ်လို့ မှတ်သား ဖူးပါတယ် ဘဘ”

“အေး . . . ပါဠိပိဋကတ်တော်တွေနဲ့အတူ မွန်လူမျိုးပညာရှင်တွေပါ ပုဂံကိုရောက်လာပြီး အဲဒီပညာရှင် တွေက မြန်မာစာအရေးအသားတီထွင်ရာမှာ ဦးဆောင်ကြတယ်လို့ ပညာရှင်တွေယူဆပါတယ်။ မွန်စာ မှာ ဗျည်း ၃၅ လုံးရှိတယ်။ အဲဒီအထဲက မြန်မာစကားသံမှာမရှိတဲ့ ဗျည်းနှစ်လုံးကိုဖယ်ပြီး ၃၃ လုံးကို ယူလိုက်တယ်။ အဲဒီဗျည်း ၃၃ လုံးကို ပါဠိဘာသာနဲ့ရေးတဲ့ ပိဋကတ်တော်တွေမှာလည်း အသုံးပြုတယ် လေ”

“ဟုတ်ကဲ့ပါ”

“အရေးကြီးတဲ့အချက်တစ်ချက်က ခုနဘဘနဲ့သမီးပြောကြတဲ့ အသံတူဗျည်းတွေဟာ ဘဘတို့မြန်မာ စကားမှာ အသံတူတွေဖြစ်ပေမယ့် အဲဒီဗျည်းတွေကို ဘဘတို့ယူတဲ့မွန်စကားမှာရော ပါဠိစကားမှာရော အဲဒီဗျည်းတွေက အသံမတူဘူးကွဲ့”

“သြော် . . . ဟုတ်လား ဘဘ”

“ဟုတ်တယ်သမီးရဲ့။ အဲ . . . မွန်စကားနဲ့တော့ ဘဘရောသမီးရော သိပ်မရင်းနှီးပေမယ့် ပါဠိစကားနဲ့ တော့တော်တော် အထိအတွေ့ရှိတယ် မဟုတ်လား။ ဒီတော့ပါဠိစကားနဲ့ပဲ ယှဉ်ပြီးကြည့်ရအောင်။ မွန် စကားနဲ့ယှဉ်ရင်လည်း အဲဒီသဘောပဲ ဖြစ်မှာပေါ့”

“ဟုတ်ကဲ့ပါ”

“ကဲ-ကြည့်ရအောင်။ ဂနဲ့ဃ၊ ဇနဲ့ဈ၊ ဍနဲ့ဎ၊ ဒနဲ့ဓ၊ ဗနဲ့ဘဆိုတဲ့ ဗျည်းတွေဟာ မြန်မာစကားမှာ အသံတူ ပေမယ့် ပါဠိစကားမှာတော့ အသံမတူဘူးကွဲ့။ ဘယ်လိုမတူတာလဲဆိုတော့ ဂ၊ ဇ၊ ဍ၊ ဒ၊ ဗ ဆိုတဲ့ဗျည်း တွေကလေအားလျော့လျော့နဲ့ဆိုရတဲ့ ဗျည်းတွေ၊ သိထိလဗျည်းလို့ခေါ်တယ်။ ဃ၊ ဈ၊ ဎ၊ ဇ၊ ဘ ဆိုတဲ့ ဗျည်းတွေကတော့ လေအားတင်းတင်းနဲ့ဆိုရတဲ့ ဗျည်းတွေ၊ ဓနိတဗျည်းလို့ ခေါ်တယ်ကွဲ့”

“သမီးကပါဠိလည်းယူတော့ သင်ဖူးပါတယ် ဘဘ”

“ဒါဆိုသမီးသဘော ပေါက်မှာပါ။ သိထိလဗျည်းတွေကို ‘ဟ’ သံတွဲပြီးရင် ဓနိတဗျည်း ဖြစ်တယ်လေ။ ‘က၊ ခ၊ တ၊ ပ’ ကို ‘ဟ’ သံတွဲဆိုရင် ‘ခ၊ ဆ၊ ထ၊ ဖ’ ဖြစ်တဲ့အကြောင်းအရင်က ဘဘပြောဖူးပါတယ်။ ခုလည်း ‘က၊ ဇ၊ ဍ၊ ဒ၊ ဗ” ကို ဟသံတွဲဆိုရင် ‘ဃ၊ ဈ၊ ဎ၊ ဇ၊ ဘ” ဖြစ်တယ်။ ပါဠိမှာအဲဒီလိုအသံကွဲ တယ်။ ပါဠိမှာ အဲဒီလိုအသံကွဲတယ်”

“ဟုတ်ကဲ့ပါ”

“သမီးသိမှာပါ။ ဘုန်းတော်ကြီးတွေ ကမ္မဝါဖတ်ရင် ဥပမာ ‘သံဃော’ လို့ရွတ်ရင် ‘ဃော’ ဆိုတဲ့ ဃသံကို အသံပြင်းပြင်းနဲ့ ဆိုတယ် မဟုတ်လား။ အဲဒါ ‘ဂ’ ကို ‘ဟ’ သံတွဲပြီး ဆိုတဲ့အသံမျိုးပေါ့”

“သြော် . . . ‘ဗုဒ္ဓံ’ လို့ဆိုရင်လည်း ‘ဓံ’ ကို အဲဒီလိုပဲ အသံပြင်းပြင်းနဲ့ ဆိုတယ်နော် ဘဘ”

“ဒါပေါ့။ ‘ဒ’ ကို ‘ဟ’ သံတွဲဆိုတဲ့အသံလေ”

“ဟုတ်ကဲ့ပါ”

“ဒီတော့ အဲဒီဗျည်းတွေဟာ ပါဠိတို့၊ မွန်တို့မှာ အသံတူတွေမဟုတ်လို့ စာလုံးနှစ်လုံး ဖြစ်နေတာပေါ့ ကွယ်။ အဲဒီလိုပဲ ‘ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ’ ဆိုတဲ့ဗျည်းငါးလုံးနဲ့ ‘တ၊ ထ၊ ဒ၊ ဓ၊ န’ ဆိုတဲ့ ဗျည်းငါးလုံးလည်း မြန် မာမှာအသံတူတွေ ဖြစ်နေပေမယ့် ပါဠိမှာမတူဘူးကွဲ့။ ဋ နဲ့စတဲ့ဗျည်းတွေက လျှာထိပ်ကအသံထွက် တာဗုဒ္ဓဌာန်လို့ ခေါ်တယ်။ (တ) နဲ့ စတဲ့ဗျည်းတွေကတော့ သွားကအသံထွက်တာ၊ ဒန္တဌာန်လို့ခေါ် တယ်။ အသံချင်းမတူလို့ စာလုံးလည်းမတူတာပေါ့”

“ဟုတ်ကဲ့ပါ”

“ဒီလိုပဲ။ လနဲ့ဠလည်းမတူဘူး။ ‘ဠ’ ကလျှာထိပ်မှာ၊ ‘လ’ ကသွားမှာဖြစ်တဲ့အသံတွေပဲ။

“ယနဲ့ရလည်းမတူဘူး။ ‘ယ’ က အာအောက်မှာဖြစ်တာ၊ တာလုဌာန်လို့ခေါ်တယ်။ ‘ရ’ က လျှာထိပ်မှာ ဖြစ်တာ၊ မတူဘူး”

“နားလည်ပါပြီ ဘဘ။ ဒါဆိုရင်အဲဒီဗျည်း ၃၃ လုံးဟာ ပါဠိတို့၊ မွန်တို့မှအသံတစ်သံကို စာလုံးတစ်လုံးစီ သီးခြားရေးတာမို့ မြန်မာမှာလို အသံတူတွေမဟုတ်ဘူး၊ ဒါကြောင့် စာလုံးနှစ်လုံးစီဖြစ်နေတယ်ဆိုတာ နားလည်ပါပြီ”

“အေး . . . တကယ်တော့။ အဲဒီအက္ခရာတွေရဲ့ အရင်းခံက အိန္ဒိယနိုင်ငံကလာတာပဲကွဲ့။ အိန္ဒိယမှာ ‘ဗြာဟ္မီအက္ခရာ’ ဆိုတာရှိတယ်။ Brahmi script ပေါ့။ အိန္ဒိယမှာ ဘီစီ ၅၀၀ လောက်က အေဒီ ၃၀၀ ကျော်အတွင်း ထွန်းကားတဲ့အက္ခရာပဲ”

“ဟုတ်ကဲ့ပါ”

“ခရစ်နှစ်ဦးပိုင်းမှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို ကုန်ကူးရင်းရောက်လာတော့ တခြား ယဉ်ကျေးမှုတွေနဲ့အတူ ဗြာဟ္မီအက္ခရာလည်းပါတာပေါ့။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ သက္ကတစာပေ၊ ပါဠိစာပေ၊ ဓမ္မသတ်စတဲ့ယဉ်ကျေးမှုတွေလည်း ပါလာတာပေါ့။ အဲဒီ ဗြာဟ္မီအက္ခရာကိုရတဲ့ နိုင်ငံသား တွေက ကိုယ့်ဘာသာစကားရဲ့အသံနဲ့လိုက်အောင် စာအရေးအသားတွေ တီထွင်ကြတာပေါ့ကွယ်။ ဘဘတို့မြန်မာအရေးအသားဟာလည်း အဲဒီနည်းနဲ့ပေါ်လာရတာပေါ့”

“ဒီတော့မြန်မာဗျည်းတွေမှာ အသံတူဗျည်းတွေရှိနေရတဲ့အကြောင်းရင်းကို သမီးသိလောက်ပါပြီ။ အဲ . . . တချို့ကတော့ပြောကြတယ်။ အဲဒီလိုအသံတူတွေရှိတာဟာ မှတ်ရခက်တယ်။ ရှုပ်လည်းရှုပ်တယ်။ ဒါကြောင့် အသံတူဗျည်းတွေကို တစ်လုံးစီပဲထားပြီး ပိုနေတာတွေ ဖယ်လိုက်ရင်မကောင်းဘူးလားလို့ ရေးကြတာတွေရှိတယ်။ ဒါပေမယ့် မြန်မာစာစပေါ်ကတည်းက အစဉ်အဆက်သုံးခဲ့တဲ့ ဗျည်းတွေဖြစ် တယ်။ အထူးသဖြင့် ဗုဒ္ဓပိဋကတ်တော်တွေလည်း ရေးထားတဲ့ပါဠိစာပေတွေမှာတော့ အဲဒီဗျည်းတွေ ဟာ အပိုမဟုတ်ဘဲလိုအပ်နေတာမို့ ဆက်လက်ထိန်းသိမ်းထားရတာပေါ့ကွယ်။ ကဲ . . . နားကြဦးစို့”

“ကျေးဇူးတင်ပါတယ် ဘဘ”

မြန်မာ့အလင်းသတင်းစာ

ဇွန်လ (၂၈) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com