အပြောစကားပြေ အစဉ်အလာ (၇)

Category: စာဖတ်ခန်း
Published on Monday, 27 July 2015 02:25
Written by မောင်ခင်မင် (ဓနုဖြူ)

http://ilmu.infra.gov.my/documents/10180/0/Book%20stack.png?t=1426495160156

“တစ်ခုမေးရဦးမယ်။ ညောင်ရမ်းခေတ်မှာ အပြောနဲ့အရေး သိသိသာသာကွဲနေပြီဆိုတော့ အပြော စကားမှာ ဒီနေ့သုံးနေတဲ့ ‘တယ်’ တို့၊ ‘မယ်’ တို့ရော သုံးနေပြီလားကွ

“သြော် . . . သုံးနေပါပြီ။ ခုနပြောတဲ့ တောင်တွင်းရှမ်းငြိမ်းမယ်ရဲ့ အိုင်ချင်းတွေမှာ တွေ့နေရပါပြီ။ အိုင် ချင်းတစ်ပုဒ်မှာ မိန်းကလေးက သူရက်ကန်းရက်ဖို့ ဗိုင်းငင်နေရင် သူ့ချစ်သူကောင်လေးက လာလာ စကားပြောတယ်။ အဲ့ဒါကို မိန်းကလေးရဲ့ မိကြီး၊ မိထွေးတွေက မကြိုက်လို့မိန်းကလေးကို ဗိုင်းမငင် ခိုင်းတော့ဘူး။ ဒါကြောင့် ဗိုင်းငင်တဲ့ရစ်ကို မသုံးဘဲထောင်ထားရပါတော့တယ်ဆိုတဲ့အကြောင်းကို ဖွဲ့ရာမှာ ‘ရှင်လူထွက် သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို အယူတခြား၊ မိထွေးများက ဆီးတားဆို၊ ရစ် ကိုထောင်ကာထားရတယ်’ လို့ဖွဲ့ထားတယ်ဗျ။ ‘တယ’် ဆိုတဲ့စကားကို သုံးနေပါပြီ”

“ဟုတ်ပါပြီကွာ”

“ပြီးတော့ နောက်အိုင်ချင်းတစ်ပုဒ်မှာ မိန်းကလေးက သူ့ချစ်သူမောင်များ တိတ်တိတ်လေး အိမ်ပေါ် တက်လာရင် ဘယ်လိုတက်ပါ့မလဲလို့ စိုးရိမ်ပုံကို ‘မောင်လည်းဘယ်ကတတ်ပါ့မယ်။ မယ်လည်းဘယ် ကဆင်းပါ့မယ်’ လို့ဖွဲ့တယ်ဗျ။ ‘မယ်’ လည်း သုံးနေပါပြီ”

“ဟုတ်ပြီ၊ ဟုတ်ပြီ”

“စိတ်ဝင်စားစရာကောင်းတာက ကျွန်တော်ပြောခဲ့သလို ရှေးအစဉ်အလာကိုထိန်းတဲ့ အရေးအသား တွေမှာတော့ စာသုံးအတိုင်း ‘သည’် ‘တို့’၊ ‘၏’ တို့သုံးနေတုန်းပဲဗျ။ ဥပမာဗျာ၊ ညောင်ရမ်းခေတ်မှာ ပဲရေးတဲ့ ဦးကုလားရဲ့ မဟာရာဇဝင်ကြီးမှာတော့ အပြောစကားတွေ မတွေ့ရဘူး။ စာသုံးအတိုင်း ခံ့ခံ့ ညားညားရေးတယ်။ အလောင်းစည်သူမင်းကြီး ကြုံးဝါးတဲ့စကားပဲ ကြည့်ဗျာ။ ‘ဟယ်အမတ်တို့ နင်တို့ ငါ့ကိုအိုပြီ ဟူ၍မှတ်ကြသည်။ ငါမအိုသေးဟု မိန့်တော်မူ၏တဲ့ဗျာ။ ဝါကျအဆုံးမှာ ‘သည်’ ‘တို့’ ‘၏’ တို့သုံးနေတုန်း ပဲ”

“ဒီလိုဆိုရင် တစ်ခေတ်တည်းမှာပေါ်တဲ့ စာချင်းအတူတူ ရာဇဝင်မှာတော့ ‘သည်’ ‘တွေ’ ‘၏’ တွေသုံးနေတုန်းပဲ။ အိုင်ချင်းမှာတော့ ‘တယ်’၊ ‘မယ်’ တွေသုံးနေပြီလို့ ဆိုရမှာပေါ့နော်”

“မှန်တာပေါ့ဗျာ။ ရေးတဲ့စာကိုလိုက်ပြီး အရေးဟန်နဲ့သုံးတာမျိုးရော၊ အပြောဟန်နဲ့သုံးတာမျိုးပါ အပြိုင် ပေါ်နေပြီလို့ဆိုရမှာပေါ့”

“ဒီလိုဆို ခုခေတ်ရေးသလို နေမှာပေါ့နော်”

“ဒါပေါ့ဗျာ။ ဒါကြောင့် ဒီအစဉ်အလာဟာ ရှေ့ကတည်းကရှိခဲ့တာလို့ ပြောတာပါ။ သြော် . . . တစ်ခုမေ့ နေလို့ပြောရဦးမယ်။ ဝန်ကြီးပဒေသရာဇာက ပြဇာတ်လည်းရေးတယ်ဗျ။ မဏိကက်ပြဇာတ်လေ။ အစောဆုံး ပြဇာတ်လို့ဆိုရမှာပေါ့။ အဲ . . . ပြဇာတ်ဆိုတာ ဇာတ်ဆောင်တွေရဲ့ အပြောစကားနဲ့ဖော်ရ တာ မဟုတ်လား။ မဏိကက်ပြဇာတ်ထဲက ဇာတ်ဆောင်ပြောတဲ့ စကားတွေကိုကြည့်ရင် ‘သို့ဖြစ်လျှင် ခမည်းတော် မယ်တော်တို့ကို လျှောက်ထားပါမည်ဘုရား’ ဆိုတာမျိုး၊ စာသုံးတွေပါနေတဲ့ စကားတွေ တွေ့ရသလို ကောင်းလှပါပြီ ‘ခမည်းတော် မယ်တော်တို့ဆီသို့ သွားရောက်လျှောက်ထားပါတော့ မိမိငဲ့’ ဆိုတာမျိုး အပြောစကားပြေနဲ့ ရေးတဲ့စကားလည်း တွေ့နေရပါပြီဗျာ”

“ဟုတ်တယ်နော်။ ‘ကောင်းလှပါပြီ’ တို့ ‘လျှောက်ထားပါတော’့ တို့ဆိုတာခုခေတ်ပြောပုံဆိုပုံနဲ့ အတူတူ ဖြစ်နေပြီပဲ။”

“ဒါပေါ့ဗျာ။ အဲ . . . တစ်ခုကအပြောနဲ့ အရေးသိသိသာသာ ကွဲပြားသလိုတစ်ဖက်ကလည်း အရေးကို စည်းကမ်းတကျ ထိန်းသိမ်းတဲ့အစဉ်အလာက တော်တော်ခိုင်မာနေပြီဗျ။ အထူးသဖြင့် အသံတူပြီး အရေးမတူတဲ့ တသတ်နဲ့ ပသတ်၊ နသတ်နဲ့ မသတ်သေးသေးတင်-ပေါ့ဗျာ။ အဲဒီစာလုံးပေါင်းတွေဟာ ပုဂံခေတ် ကျောက်စာတွေမှာကတည်းက မှားလေ့မရှိဘူးဗျ၊ အင်းဝခေတ်ကျတော့လည်း စာဆိုတွေက ပျို့ကဗျာလင်္ကာတွေမှာ အသတ်တူကာရန်ယူပြီး အသတ်တွေကို ထိန်းသိမ်းခဲ့တယ်”

“သာဓကလေး ပြောပါဦး”

“ရှင်မဟာရဋ္ဌသာရရဲ့ ‘ဤစာကိုးခန်း၊ ပုလဲပန်းဖြစ်၊ စိတ်ကျန်းမာန်လျှော့၊ ငါလာတော့၏’ ဆိုတဲ့အဖွဲ့မှာ ‘ခန်း’၊ ‘ပန်း’၊ ‘ကျန်း’ အသတ်တူ ကာရန်ယူတာမျိုးပေါ့ဗျာ။ ‘အခန်းရယ်၊ ပန်းပွင့်ရယ်၊ ကျန်းမာရယ်’ အဲဒီ စာလုံးတွေကို နသတ်နဲ့ရေးရမယ်ဆိုတဲ့ စည်းကမ်းပါ တစ်ပါတည်း ပါသွားတာပေါ့ဗျာ”

“သြော် . . . ဒီလိုကိုး”

“အဲဒီလိုပဲ၊ ယပင့်နဲ့ ရရစ်အသံတူတဲ့ စာလုံးတွေကိုလည်း ကာရန်ယူပြီး ခွဲပြလေ့ရှိတယ်။ ‘ခွဲထား’ လို့ ခေါ်တာပေါ့။ ဥပမာဗျာ၊ စည်းစိမ်ချမ်းသာဆိုတာ ကြာပန်းပေါ်ကို နေရောင်ကလေး ပြက်ခနဲလက်လိုက် သလို ပျောက်ပျက်လွယ်တယ်ဆိုတာကို ‘ကြာနေပြက်သို့၊ ပျောက်ပျက်လွယ်စွာ’ လို့ ‘ပြက်’ နဲ့ ‘ပျက်’ ကာရန်ယူပြီး ဖွဲ့တာမျိုးပေါ့ဗျာ”

“အင်း . . . သဘောပေါက်ပါပြီ”

“စာဆိုတွေက စာလုံးပေါင်း သတ်ပုံတွေကို ခုလိုထိန်းသိမ်းစောင့်ရှောက်ကြတော့ အရေးအသားက ပိုပြီးခိုင်မာလာတာပေါ့။ စာလုံးပေါင်း သတ်ပုံကျမ်းတွေလည်း ပေါ်လာတယ်ဗျ။ ပုဂံခေတ်ကတည်းက ‘အက္ခရာဗေဒ’ ဆိုတဲ့ သတ်ပုံကျမ်းကြီးပေါ်ခဲ့ပြီး အစဉ်အဆက် သတ်ပုံကျမ်းတွေပေါ်ပေါက်ခဲ့တယ်။ စာရေးရင် အဲဒီသတ်ပုံအတိုင်း လိုက်နာရေးသားရတယ်။ သတ်ပုံထဲမပါတဲ့ အရေးအသားမျိုးဆိုရင် ပညာရှိတွေက အဆုံးအဖြတ်ပေးရတယ်။ အဆုံးအဖြတ်ပေးရတဲ့ ပညာရှိတွေထဲမှာ ပဒေသရာဇာ လည်းပါတယ်ဗျ။ အဲဒီလိုလိုက်နာရေးသားဖို့ မင်းအဆက်ဆက် အမိန့်တော်တွေ ထုတ်ပြန်ခဲ့တာပေါ့ ဗျာ။ အဲဒီလိုထိန်းသိမ်းမှုတွေကြောင့်၊ အရေးအသားကပိုပြီး ခိုင်မာလာတယ်။ အပြောကတော့ပြောင်း နေတယ်။ အဲဒီလိုနဲ့ အပြောနဲ့အရေးဟာ ကွာဟမှုတွေ ပိုပိုများလာတာပေါ့ဗျာ”

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ”

“စစချင်း ကျွန်တော်ဆွေးနွေးခဲ့တာတစ်ခုရှိတယ်။ အပြောစကားနဲ့ရေးတာဟာ အသံထွက်အတိုင်း လိုက်ရေးတာမဟုတ်ဘူး။ စာလုံးပေါင်းသတ်ပုံစည်းကမ်းအတိုင်းရေးတာမို့ သတ်ပုံပျက်စရာအကြောင်း မရှိဘူးဆိုတာလေ”

“အေး . . . တို့မှတ်မိပါတယ်”

“စာလုံးပေါင်းသတ်ပုံ စည်းကမ်းတွေအခိုင်အမာ မသတ်မှတ်ခင်တုန်းကတော့ အသံထွက်တဲ့အတိုင်း လိုက်ရေးတာမျိုးတွေ ရှိနိုင်တာပေါ့။ ဥပမာ-ဗျာ၊ ရာဇကုမာရ်ကျောက်စာရေးထိုးတဲ့အချိန်မှာတောင် အသံပြောင်းတာတွေရှိနေပြီလို့ ယူဆနိုင်တဲ့သာဓကတွေ တွေ့ရတယ်ဗျ။ ‘မင်းကြီး’ ကိုရေးတာ ‘မင်းဂြီ’ တဲ့ဗျ။ ‘သင်ကြီး’ ကိုလည်း ‘သင်ဂြီ’ တဲ့ဗျ။ ခုခေတ်အသံထွက်သလိုပဲ ‘ကြီး’ ကနေ ‘ဂြီး’ ကိုပြောင်းနေပြီ ဆိုတဲ့ သက်သေပဲ။ ဒါပေမယ့်ဒီလိုအသံပြောင်းတာဟာ အသံနှစ်သံကို လိုက်ပြောင်းတာပါ။ အဲဒီလို လေ့လာကြပါတယ်။ ဒါပေမယ့် အရင်းခံစကားလုံးက ‘ဂြီး’ မှ မဟုတ်ဘဲ၊ ‘ကြီး’ ပဲလေ။ ‘မင်းကြီး’ က ‘မင်းဂြီး’ လို့ အသံပြောင်းပေမယ့် ‘အမတ်ကြီး’ ကျတော့ ‘ကြီး’ ကအသံမှမပြောင်းတာ။ စာလုံးပေါင်း သတ်ပုံတွေကလည်း အဲဒီမူရင်းအသံအတိုင်း ‘ကြီး’ လို့ပဲ ရေးတာပေါ့ဗျာ”

“ဒီလိုဆိုရင် ကျောက်စာတွေမှာ အဲဒီလိုအသံထွက်အတိုင်း ရေးတာဟာစာလုံးပေါင်းသတ်ပုံစည်းကမ်း တွေ အခိုင်အမာမသတ်မှတ်ရသေးခင် ရေးတာဖြစ်နိုင်တာပေါ့နော်”

“ဟုတ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီလိုအသံထွက်အတိုင်း လိုက်ရေးတာမျိုး မရှိသလောက်ပါပဲ။ စာလုံးပေါင်းသတ်ပုံ အမှန်အတိုင်းရေးပြီး အသံထွက်တော့သာ ပြောင်းနေတဲ့ အသံအတိုင်းထွက်ကြ တာပါ”

“ဟုတ်လား”

“ဟုတ်ပါတယ်။ ဒါကြောင့် ပြောရိုးဆိုရိုးစကားတစ်ခုပေါ်လာတယ်လေ။ ခင်ဗျားတို့ သိပါတယ်။ ‘ရေး တော့အမှန် ဖတ်တော့အသံ’ ဆိုတာလေ”

“အဓိပ္ပာယ်က ဘယ်လိုလဲကွ”

“သြော် . . . ရေးရင်စာလုံးပေါင်းအမှန်အတိုင်းရေးပါ။ မဟုတ်ရင်တော့ လက်ရှိထွက်နေတဲ့ အသံထွက် အတိုင်း ထွက်ပါလို့ဆိုလိုတာပါ”

“ဒီပြဿနာက တော်တော်ကြီးတယ်ထင်ပါရဲ့”

“ဟုတ်ပါတယ်။ ‘ကျွန်တော်တို့ မြန်မာစကားမှာ အပြောနဲ့အရေးကွာဟချက်က တော်တော်ကြီးတယ် လေ’ ဒီတော့ရေးတဲ့အတိုင်း အသံမထွက်ရတာတွေများသလို အသံထွက်တဲ့အတိုင်း မရေးရတာတွေ လည်း အများကြီးပေါ့၊ ဥပမာဗျာ ‘ရန်ကုန်နဲ့မန္တလေး’ လို့ရေးပေမယ့် အသံထွက်တော့/ယန်ကုန်နဲ့မန်း တလေး/လို့မထွက်ရဘူး မဟုတ်လား/ ယန်ကုန်နဲ့မန်းဒလေး လို့ထွက်ရတယ်။ ရေးရင်လည်း အသံ ထွက်သလို ယန်ဂုန်နဲ့ မန်းဒလေး/လို့ မရေးရပြန်ဘူး။ သတ်ပုံစည်းကမ်းအတိုင်း ‘ရန်ကုန်နဲ့ မန္တလေး’ လို့ပဲ ရေးရတယ် မဟုတ်လား။ အဲ့ဒီစည်းကမ်းရှိနေတော့ အပြောစကားပြေနဲ့ရေးရင်လည်း အသံထွက် သလိုအထိ ပြောင်းမရေးရဘူး၊ စာလုံးပေါင်းသတ်ပုံအတိုင်းရေးရမယ်လို့ နားလည်နိုင်တာပေါ့ဗျာ”

“ဟုတ်ပါပြီ”

“နည်းနည်းဆက်ရရင် ညောင်ရမ်းခေတ်မှာ အပြောနဲ့အရေး ကွဲပြားလာပေမယ့် အပြောအသုံးတွေကို ပြည်သူများအကြောင်းရေးတဲ့ ကဗျာထွန်းကားတာ။ စကားပြေက ကဗျာနဲ့ယှဉ်ရင် အဆပေါင်းများစွာ နည်းနေတယ်။ စကားပြေ မထွန်းကားဘူး။ ပေါ်ပေါက်တဲ့ စကားပြေတွေကလည်း ဗုဒ္ဓစာပေထဲက အကြောင်းအရာတွေနဲ့ ထီးထဲနန်းထဲက အကြောင်းအရာတွေ၊ ဗေဒင်နက္ခတ်ဆေးကျမ်း၊ ဇာတ်ကျမ်း စတဲ့ပညာရပ် အကြောင်းအရာတွေဆိုတော့ ရေးတဲ့နေရာမှာလည်း ရှေးအစဉ်အလာအတိုင်း အရေး စကားပြေနဲ့ ခံ့ခံ့ညားညားရေးတာ သဘာဝပဲပေါ့ဗျာ။ အဲဒီစကားပြေထဲကို အပြောစကားတွေ ဝင်လေ့ မရှိပါဘူး။ ကဗျာမှာကျတော့ ကဗျာအကြောင်းရေးတဲ့ ကျေးလက်ကဗျာတွေ၊ သီချင်းတွေမှာ အပြော စကားတွေ များများဝင်တာ သဘာဝပဲပေါ့။ ပြဇာတ်ထဲက ပြောစကားကတော့ ဇာတ်ဆောင်တွေရဲ့ ပါးစပ်ကတိုက်ရိုက်ပြောရတဲ့စကားတွေမို့ ရေးရင်အပြောသုံးစကားတွေပါလာတာလည်း သဘာဝပဲပေါ့ ဗျာ။ ကဲ . . . တော်တော်မောသွားပြီဗျာ။ နားကြဦးစို့”

မြန်မာ့အလင်းသတင်းစာ

ဇွန်လ (၈) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com