အပြောစကားပြေ အစဉ်အလာ (၈)

Category: စာဖတ်ခန်း
Published on Saturday, 01 August 2015 02:50
Written by မောင်ခင်မင် (ဓနုဖြူ)

https://cdn1.gbot.me/photos/M8/bG/1288250123/Golden_Look-Myanmar_Burma-20000000000075960-500x375.jpg

“ကုန်းဘောင်ခေတ်က စာတွေမှာရော အပြောမှာသုံးတဲ့စကားတွေ ကိုများမလာဘူးလား”

“အင်း . . . ကုန်းဘောင်ခေတ်ဟာ စာမျိုးစုံထွန်းကားတဲ့ခေတ်ဆိုတော့ စကားပြေတွေ အရင်ကထက် ပိုများပါတယ်။ ကဗျာတွေကတော့ ဒါ့ထက်ပိုများတာပေါ့ဗျာ။ ဒါပေမယ့် ညောင်ရမ်းခေတ်တုန်းကလိုပဲ စကားပြေထဲမှာ အပြောစကားသိပ်မပါသေးဘူး။ ပြဇာတ်မှာတော့ တော်တော်ပါနေပြီ။ ကဗျာဆိုရင် လည်း ခံ့ခံ့ညားညားရေးတဲ့ ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတုစတဲ့ ကဗျာတွေမှာ အပြောစကားမပါဘူးဗျ။ သာမန်ပြည်သူတွေအကြောင်းရေးတဲ့ လွမ်းချင်းတို့၊ ဗုံကြီးသံတို့၊ ကောက်စိုက်သီချင်းတို့လို ကဗျာတွေ မှာ အပြောစကားတွေ တော်တော်ပါနေပါပြီ”

“နေပါဦးဗျ၊ တေးထပ်တွေမှာလည်း အပြောစကားတွေပါနေပြီ ထင်တယ်။ ဦးပုညရဲ့ တေးထပ်တစ်ပုဒ် မှာ ‘မချိလို့ပေါ်တဲ့ သွားတောင်မှ၊ ရယ်သလားမေးကြလေတယ်’ တို့ အပြောစကားနဲ့ ရေးထားတယ်မ ဟုတ်လား”

“ဟုတ်ပါတယ်ဗျာ၊ ဦးပုညရဲ့ ပေါ့ပေါ့ပါးပါးကဗျာတွေမှာ အပြောဟန်တွေပါနေပါပြီ။ ပြဇာတ်တွေမှာ ဆိုရင်လည်း ဇာတ်ကောင်စကားတွေက ခုခေတ်ပြောပုံဆိုပုံနဲ့ တော်တော်တူနေပါပြီ။ ဆယ်တန်းမှာ သင်ရတဲ့ရေသည်ပြဇာတ်ကို ကြည့်ပါလား။ ‘ပြာတောင်ကြီး ပေါက်ကရော့၊ ပြောင်မြောက်အောင်မွဲနိုင် တဲ့ ငါ့ကိုယ်နော်’ ဆိုတဲ့ စကားမျိုးတွေပါနေပြီလေ”

“ငါ ငယ်ငယ်ကကျက်ဖူးတဲ့ ဝိဇယပြဇာတ်ထဲက ဝိဇယမင်းသားပြောဆိုတဲ့ စကားမှာလည်း အပြောစ ကားတွေပါတယ်ထင်တယ်။ ‘မြက်ခင်းလဲ့လဲ့ နှင်းတွဲ့တွဲ့မှာ သင်ဖို့လို့နေကြတယ်’ ဆိုတာလေ”

“ဟုတ်ပါတယ်။ ဦးဆောင်းရေးတဲ့ လွမ်းချင်းတစ်ပုဒ်မှာ မိန်းကလေးတစ်စု လက်ပံပွင့်သွားကောက်ကြဖို့ ပြောနေပုံကို ဖွဲ့ထားတာကြည့်လေ”

“သြော် . . . ကျွန်တော်ရတယ်။ ‘လာဟေ့ ဒွား၊ သွားကောက်ချစို့၊ ပွင့်ခြောက်ကယ်အနားလံ၊ ဆက် ရက်ကယ်ညံ့၊ ပင်လယ်ပံ ကြွေချိန်ကျပြီမို့၊ မိဇံလှနင်လိုက်ဦးမလား’ တဲ့၊ ဟုတ်တယ်မဟုတ်လား”

“ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်။ မိဒွားတို့၊ မိဇံလှတို့ဆိုတဲ့ မိန်းကလေးတွေ အချင်းချင်းပြောဆိုနေကြ တဲ့စကားသံတွေကို ဖွဲ့ထားတာပဲလေ”

“စာသံပေသံနဲ့ရေးတဲ့ ကဗျာမျိုးတွေမှာတောင် အပြောစကားသံကလေးတွေ ပါနေတတ်တယ်ဗျ။ လှိုင် ထိပ်ခေါင်တင်ရေးတဲ့ စိန်ခြူးကြာညောင် ဘောလယ်ကိုကြည့်ပါလား။ ‘စံချူကြာညောင် လရောင်လင်း ပါလို့၊ မှန်ရွှေပြတင်းရယ်က မယ်ခုမျှော်’ တဲ့၊ ‘သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး၊ လင်းပြန် လုနော်’ တဲ့၊ လင်းပါလို့’ တို့ ‘မယ်ခုမျှော်’ တို့၊ ‘လင်းပြန်လုနော်’ တဲ့၊ လင်းပါလို့’ တို့ ‘မယ်ခုမျှော်’ တို့၊ ‘လင်းပြန်လုနော်တို့ဆိုတာ အပြောစကားသံကလေးတွေ မဟုတ်လားဗျာ”

“ဟုတ်ပါတယ်။ အဲဒီလိုပဲ၊ ဦးစီရေးတဲ့ ဗုံကြီးသံများမှာဆိုရင် ‘လုပ်ရတယ်တဲ့ ကိုင်ရတယ်၊ မောင်ကြီး ထွန်ကိုဖြုတ်ရင် ပျိုးနုတ်ရတယ်’ တဲ့။ ပြီးတော့ ‘ထမင်းက ညံ့လိုက်တာ၊ မသေရုံချဉ်ပေါင်ဟင်းနဲ့၊ ဟင်း မျိုးရှာရ’ တဲ့ဗျာ”

“ဒီတော့ ထင်ရှားတဲ့အချက်တစ်ချက်က အရေးနဲ့အပြော သိသိသာသာ ကွဲပြားပြီးတဲ့နောက်မှာလည်း အပြောစကားကို မပစ်ပယ်ဘဲ စာတွေပေတွေထဲမှာ သင့်တော်ရာရာ ထည့်သုံးကြတဲ့ အစဉ်အလာက အခိုင်အမာရှိခဲ့ပါတယ်ဆိုတဲ့ အချက်ပဲပေါ့ကွာ”

“ဟုတ်ပါတယ်။ ထင်ရှားတဲ့သာဓက တစ်ခုပြရရင် စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်တဲ့ လယ်တီဆရာ တော်ဘုရားကြီးတောင် အပြောစကားကိုမပစ်ပယ်ဘဲ ဆီလျော်တဲ့နေရာမျိုးမှာ ထိထိမိမိသုံးပါတယ် ဗျာ”

“ဘယ်စာထဲမှာလဲဗျ”

“မောင်သြဇာဆိုတဲ့ တပည့်ကိုဆုံးမတဲ့ တေးထပ်တစ်ပုဒ်ရှိတယ်ဗျ။ ကာမဂုဏ်အာရုံတွေနဲ့ အချိန်ကုန် နေတဲ့ အဲဒီတပည့်ကိုဆုံးမရာမှာ တေးထပ်အဆုံးမှာ သုံးပုဒ်ဆင့်ပြီး အဆုံးသတ်ထားပုံကလေးလေ။ ခင်ဗျားတို့ဖတ်ဖူးမှာပါ”

“ပြောပါကွာ”

“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာတုန်းကမှ မရုန်းချင်လျှင် အရှုံးနှင့်ပြင်ရှိသေးလေလိမ့်လား” တဲ့ဗျ။

“ဆရာတော်ကြီးက တပည့်ကို ပြောဆိုဆုံးမနေတဲ့ အသံပေါ်နေတယ်နော်။ ထိထိမိမိလည်းရှိတယ်”

“အဲဒီလိုအပြောစကားတွေကို ဆီလျော်ရာနေရာမှာသုံးရင်းနဲ့ ကိုလိုနီခေတ်ဦးပိုင်းမှာ အဲဒီတုန်းက ကာလပေါ်ဝတ္ထုလို့ခေါ်တဲ့ ခေတ်ဝတ္ထုတွေ ပေါ်ပေါက်လာတဲ့အခါ ဝတ္ထုတွေထဲမှာ ဇာတ်ဆောင်တွေရဲ့ ပြောစကားတွေကို အပြောစကားပြေနဲ့ တွင်တွင်ကျယ်ကျယ် ရေးလာကြတာပေါ့ဗျာ”

“အဲဒီဇာတ်ဆောင်ပြောစကားတွေကိုလည်း အစောပိုင်းမှာတော့ အရေးစကားပြေနဲ့ ရေးတာမျိုးရှိတယ် ထင်ပါရဲ့”

“ဟုတ်ပါတယ်။ အစောပိုင်းဝတ္ထုတွေဖြစ်တဲ့ ‘မောင်ရင်မောင် မမယ်မ’ တို့ ‘ချဉ်ပေါင်ရွက်သည် မောင် မှိုင်း’ တို့လို ဝတ္ထုတွေမှာတော့ ဇာတ်ဆောင်ပြောစကားတွေကို အရေးစကားပြေနဲ့ စာသံပေသံပါပါရေး တာမျိုးတွေ ရှိပါတယ်။ အဲ . . . ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာကြီးပီမိုးနင်းတို့ရဲ့ ဝတ္ထုတွေမှာကျတေျာ့ ဇာတ်ဆောင်ပြောစကားတွေဟာ တကယ်စကားပြောတာနဲ့ တူလာပါပြီ။ အပြောစကားပြေ ပီပီသသ ဖြစ်လာပါပြီဗျာ”

“ဟုတ်လား၊ အဲဒီလောက်စောရဲ့လား”

“ဟုတ်ပါတယ်ဗျာ။ ခင်ဗျားတို့နဲ့ပြောရအောင် ကျွန်တော်အဆင်သင့်ရှာထားပါတယ်။ ဒါကဆရာကြီး ရွှေဥဒေါင်းရဲ့ ရန်ကြီးအောင်ဝတ္ထု၊ ဆရာကြီး ပထမဆုံးရေးတဲ့ ဝတ္ထုရှည်ပဲ။ ၁၉၁၇ ခုနှစ်မှာ ထွက်တာ။ အဲဒီမှာကြည့်။ ကျွန်တော်ဖတ်ပြမယ်။ ခင်မောင်ညွန့်နဲ့ မနှင်းမြိုင်တွေ့ကြပုံကိုရေးထားတာ။ ဇာတ် ကြောင်းပြောရာမှာတော့ ‘ခင်မောင်ညွန့်မှာလည်း . . . မနှင်းမြိုင်အားများစွာ ချစ်ခင်ကြင်နာသနားလှ သောမျက်နှာဖြင့် ငေး၍ကြည့်ပြီးလျှင်’ တဲ့။ အရေးစကားပြေနဲ့ စာသံပေသံအတိုင်းရေးထားတယ်။ အဲ . . . . ခင်မောင်ညွန့်ပြောတဲ့စကားကျတော့။ “နှမဒီလောက်နေမကောင်းမှန်း မသိရပါဘူးဗျာ။ သိလို့ရှိ ရင် စောစောကြီးကလာပါရဲ့” တဲ့။ အပြောစကားပြေဖြစ်သွားပြီလေ။ မနှင်းမြိုင်ပြန်ပြောတဲ့ စကားကျ တော့လည်း ‘ကျွန်မဒီလိုဖျားနေမှန်းသိလို့ရှိရင် မောင်မောင်ခဏခဏ လာမှာပဲလား’ လို့ အသံသဲ့သဲ့ဖြင့် မေးလေ၏တဲ့။ ဇာတ်ကြောင်းပြန်စကားနဲ့ ဇာတ်ဆောင်ပြောစကားကို ကွဲကွဲပြားပြား ဖော်ပြနေပါပြီ”

“ဆရာကြီး ပီမိုးနင်းရဲ့ ဝတ္ထုတွေလည်း အဲဒီလိုကွဲကွဲပြားပြားရေးတာပေါ့နော်”

“ဟုတ်ပါတယ်ဗျာ။ ဟောဒီမှာဆရာကြီးရဲ့ ‘နေရီရီ’ ဝတ္ထု၊ ၁၉၂၀ မှာထွက်တာ။ ဇာတ်ဆောင်ပြော စကားတွေက အပြောစကားပြေပီပီသသပါပဲဗျာ”

“ဟုတ်ပါပြီကွာ။ တို့အေးအေးဆေးဆေး ဖတ်ကြည့်ပါ့မယ်။ ဇာတ်ကြောင်းပြောတဲ့ အပိုင်းတွေကတော့ အရေးစကားပြေနဲ့ပဲ ရေးတာပေါ့နော်”

“ဟုတ်ပါတယ်ဗျာ။ စကားအဖြစ် အခုမပြောတော့ပေမယ့် အစဉ်အဆက်ရေးခဲ့တဲ့ ရေးပုံမျိုးကိုလေး လေးစားစား ဆက်လက်ထိန်းသိမ်းတဲ့ သဘောပါပဲ”

“ဝတ္ထုတွေမှာ အဲဒီလိုဇာတ်ကြောင်းပြောတဲ့အပိုင်းနဲ့ ဇာတ်ဆောင်ပြောတဲ့ စကားအပိုင်းမှာ အရေးစ ကားပြေနဲ့ အပြောစကားပြေကို ခွဲခြားပြီးရေးတဲ့ အစဉ်အလာ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာကြီးပီမိုး နင်းတို့ရဲ့ ဝတ္ထုတွေကစပြီး အခုအချိန်အထိ တွင်တွင်ကျယ်ကျယ်ရှိနေတုန်းပါပဲ။ ဒါပေမယ့် ၂၀ ရာစု နှောင်းပိုင်းဆိုပါတော့။ ၁၉၆၀ ကျော် ၇၀ ဝန်းကျင်ကစပြီး ဝတ္ထုတွေမှာစာရေးဆရာရဲ့ဇာတ်ကြောင်း ပြန်စကားရော၊ ဇာတ်ဆောင်ပြောစကားရော အပြောစကားပြေနဲ့ ရေးလာကြတော့ အခုဆိုအဲဒီရေးပုံ မျိုးလည်း တော်တော်တွင်ကျယ်လာပြီဆိုတာ ခင်ဗျားတို့အသိပဲလေ”

“ဝတ္ထုတင်မကပါဘူးကွာ။ ဒီနေ့စာအုပ် စာနယ်ဇင်းတွေကြည့်ရင် ဟောပြောချက်တွေ၊ အင်တာဗျူးတွေ၊ ဆွေးနွေးခန်းတွေ၊ ပေးစာတွေသာမက တရားဟောစာတွေပါ အပြောစကားပြေနဲ့ တွင်တွင်ကျယ် ကျယ်ရေးနေကြပြီ မဟုတ်လားကွာ”

“ဟုတ်ပါတယ်ဗျာ။ ဒါကြောင့် အပြောစကားပြေရဲ့ အစဉ်အလာကို ကျွန်တော်တို့ ခုလိုအလေးအနက် ဆွေးနွေးနေကြရတာပေါ့။ အင်း . . . နောက်တစ်ကြိမ်လောက်ဆက်ဆွေးနွေးရင် ပုံပေါ်လောက်ပြီထင် ပါရဲ့ဗျာ”။

မြန်မာ့အလင်းသတင်းစာ

ဇွန်လ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com