အပြောစကားပြေ အစဉ်အလာ (၉)

https://lh3.googleusercontent.com/-OGp8Y60Wwas/U5EcESrsq_I/AAAAAAAACgk/GkRCMbTN1AM/s640/blogger-image-1126447800.jpg

“ခင်ဗျားဆီမလာခင် အိမ်မှာစာအုပ်တစ်အုပ် ကြည့်ခဲ့သေးတယ်။ အဖေ့စာအုပ်ဗီရိုထဲကတွေ့တာ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးတဲ့ ‘သာဓုသုန္ဒရီယပ်လှဲတရားစာ’ တဲ့ဗျာ”

“အင်း . . . ဆိုပါဦး”

“အဲဒီစာအုပ်မှာ ဘုန်းတော်ကြီးတရားဟောတဲ့ပုံစံမျိုး ရေးထားတာလေ။ အပြောစကားဟန်နဲ့ပေါ့ဗျာ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးလို စာပေကျမ်းဂန်နှံ့စပ်ပြီး စာသံပေသံနဲ့အရေးများတဲ့ ပုဂ္ဂိုလ်ကြီးတောင် တရားဟောစာကျတော့ အပြောဟန်နဲ့ရေးတာကြည့်ရင် အပြောစကားပြေကို ဆီလျော်တဲ့နေရာမှာ သုံးတယ်ဆိုတာ ထင်ရှားတာပေါ့ဗျာ”

“မှန်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းဆိုရင်လည်း လောကုတ္တရာ ဆွေးနွေးခန်းတွေရေးတော့ အပြောစ ကားပြေနဲ့ရေးတာပါပဲဗျာ”

“သြော် . . . ဆရာကြီးရွှေဥဒေါင်း ရေးဖူးတာတစ်ခုကို သတိရလို့။ ဆရာကြီးက ဘယ်လိုရေးသလဲဆို ရင်ဆရာကြီးဟာ တစ်ခါတစ်ခါ ‘ရေးစကားလုံး’ ထက် ‘ပြောစကားလုံး’ က ပိုပြီးထိရောက်တောက် ပြောင်တာကို တွေ့တဲ့အခါ ‘ပြောစကားလုံး’ ဆိုပြီးမရေးဘဲ ကော်မာကလေးတွေပိတ်ပြီး သုံးလေ့ရှိပါ တယ်တဲ့ဗျ”

“ထိရောက်မှုကို ပဓာနမထားတဲ့ဆရာကြီးရဲ့ သဘောထားပေါ့ဗျာ။ အဲဒီလိုပဲ တခြားဆရာကြီးတွေ လည်းအပြောစကားပြေကို ဆီလျော်ရာရာ သုံးတတ်ကြပါတယ်။ ဥပမာ ဆရာဇဝနရဲ့ ‘ဦးလေးပြော မယ်’ ဆိုတဲ့ ဆောင်းပါးတွေဆိုရင် အပြောဟန်နဲ့ ရေးထားတာပဲလေ”

“ဟုတ်ပါပြီ။ ဒါထက် ၁၉၆၅ ခုနှစ်လောက်တုန်းက အခုတို့ဆွေးနွေးကြသလိုပဲ အပြောစကားဟန်နဲ့ရေး ကြဖို့ အထက်ဗမာနိုင်ငံ စာရေးဆရာကြီးအသင်းက နှိုးဆော်ခဲ့ဖူးတယ်မဟုတ်လား”

“ဟုတ်ပါတယ်။ မန္တလေးမှာ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ဆွေးနွေးပွဲမှာ ‘ဗမာစာပေ အရေးအသား’ ဆိုတဲ့စာတမ်းနဲ့ နှိုးဆော်ခဲ့တာပါ။ အဲဒီမှာတော့ စာထဲမှာကျန်ခဲ့တဲ့ ဂန္တဝင်ဗမာစကားကို မသုံးဘဲ ဒီနေ့ခေတ်မှာသုံးနေတဲ့ ခေတ်သုံးဗမာစကားနဲ့ရေးကြဖို့ နှိုးဆော်တာပါပဲ။ ခေတ်သုံးဗမာစကား နဲ့ရေးဖို့ဆိုတာ အခုခေတ်မှာ ပြောဆိုသုံးနှုန်းနေတဲ့ အပြောဟန်အတိုင်းရေးဖို့ကို ဆိုလိုတာပေါ့”

“တော်တော်လည်း ဂယက်ရိုက်သွားတယ်ထင်တယ်နော်”

“ဟုတ်ပါတယ်။ စာတမ်းပြုစုသူတွေကတော့ အကျိုးသင့်အကြောင်းသင့် စနစ်တကျတင်ပြတာပါပဲ။ ဒါပေမယ့် အမျိုးမျိုးတုံ့ပြန်ကြတာပါပဲ။ ဒီနေ့ကျွန်တော်တို့ ကြုံရသလိုပဲ စကားပြောသလိုရေးရင် သတ် ပုံတွေပျက်ကုန်မှာပေါ့၊ သဒ္ဒါစည်းကမ်းတွေ ပျက်ကုန်မှာပေါ့လို့ ဆွေးနွေးကြတဲ့သူတွေရှိတယ်။ စာတမ်း ပြုစုသူတွေက အဲဒီလိုမဟုတ်ပါဘူး။ အသံထွက်အတိုင်းရေးတာမဟုတ်ဘဲ သတ်ပုံအတိုင်းရေးတာပါ။ သဒ္ဒါစည်းကမ်းအတိုင်းရေးတာပါ။ အပြောမှာ ဒီနေ့သုံးနေတဲ့ စကားဟန်အတိုင်း ရေးရုံပါ။ မပျက်ပါဘူး လို့ ပြန်ရှင်းပြကြပါတယ်။ ဒါပေမယ့် ဒီရှင်းပြချက်ကို အတော်များများက လက်မခံကြဘူးဗျ”

“တစ်ခုတော့ရှိပါတယ်။ စာတမ်းထဲမှာ စာဟန်ပေဟန်နဲ့ ရေးတဲ့ရှေးဟောင်း အရေးအသားတွေကို လုံးဝဆက်မသုံးဘဲ ပစ်ပယ်လိုက်ကြဖို့အထိ ပြောတာမျိုးကျတော့ အများလက်ခံနိုင်ဖို့ခက်မယ်ထင် တယ်”

“ဒါတင်မကဘူးကွ။ အဲဒီလိုအပြောဟန်နဲ့ ရေးတဲ့အရေးအသားကို တောထဲက ကွန်မြူနစ်တွေရေးတဲ့ အရေးအသားမျိုးဆိုပြီးတော့ အရောင်ဆိုပြီးမြင်တဲ့အမြင်ကလည်း တော်တော်သြဇာကြီးနေတာလေ။ ဒီတော့ အဲဒီနှိုးဆော်ချက်ဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ဆိုရမှာပေါ့ကွာ”

“အခုဆိုရင် အဲဒီဆွေးနွေးချက်ဟာ နှစ် ၅၀ တောင်ရှိနေပါပြီဗျာ။ အရောင်ဆိုးပြီးမြင်တဲ့အမြင်မျိုးလည်း မရှိတော့သလောက်ပါပဲ။ အပြောဟန်နဲ့ရေးတဲ့စာတွေလည်း တိုးပွားလာတာ တော်တော်အားကောင်း နေပြီမဟုတ်လား”

“အခု ကျွန်တော်တို့ဆွေးနွေးနေတာက ဘာသာစကားရဲ့ ပြောင်းလဲတတ်တဲ့သဘောကို မူတည်ဆွေး နွေးတာပါ။ ဘာအခွဲမှ မပါပါဘူးဆိုတာ ကျွန်တော်တို့အားလုံးအသိပဲလေ”

“အပြောစကားနဲ့ရေးတဲ့ အရေးအသားတွေ ပိုပြီးဖွံ့ဖြိုးလာတာ သဘာဝပါပဲဗျာ။ လက်ရှိပြောဆိုရေး သားနေတဲ့စကားဆိုတာ အသက်ဝင်နေတာမို့ သုံးရတာပိုပြီးထိရောက်တာပေါ့။ ဒါပေမယ့် စာထဲမှာ ကျန်ခဲ့တဲ့ အရေးစကားပြေကိုလည်း ယဉ်ကျေးမှုအစဉ်အလာအဖြစ် လေးလေးစားစား ထိန်းသိမ်းရမှာ ပဲလေ။ ပစ်ပစ်ခါခါလုပ်လို့ ဘယ်ဖြစ်မှာလဲဗျာ”

“ဒီတော့ တစ်ဖက်က အရေးစကားပြေကို ထိန်းသိမ်းပြီးတစ်ဖက်က အပြောစကားပြေကိုလည်း ပိုပြီးဖွံ့ ဖြိုးအောင် ကြိုးစားကြရမှာပေါ့ဗျာ။ အဲ . . . အပြောစကားပြေကို အရေးစကားပြေက ယှဉ်လို့မရတဲ့ အချက်တစ်ချက်ရှိတယ်ဗျ”

“ဘာပါလိမ့်ကွာ”

“အပြောစကားကို ပြောရာမှာလည်း သုံးနိုင်တယ်။ စာနဲ့ရေးသားရာမှာလည်း အပြောစကားပြေဟန်အ တိုင်း ချရေးနိုင်တယ်လေ။ ဒါပေမယ့် အရေးစကားပြေကတော့ စာနဲ့ချရေးလို့ပဲရမယ်။ အရေးစကားပြေ ဟန်နဲ့ စကားပြောလို့မရဘူးဗျ”

“ရှင်းပြစမ်းပါဦး”

“ဒီလိုလေ။ ‘ကျွန်တော်တို့ စကားပြေအကြောင်း ဆွေးနွေးကြရအောင်’၊ ‘အေး ဆွေးနွေးတာပေါ့’ ဆိုတဲ့ အပြောစကားပြေကို ပါးစပ်ကပြောလို့လည်း ရတယ်။ စာနဲ့ချရေးလို့လည်း ရတယ်မဟုတ်လား”

“ဟုတ်တယ်လေ”

“ကဲ . . . အရေးစကားပြေသုံးပြီး ‘ကျွန်ုပ်တို့သည် စကားပြေအကြောင်း ဆွေးနွေးကြကုန်အံ့’၊ ‘မှန်၏။ ယခုပင် ဆွေးနွေးကြမည်’ ဆိုတဲ့ဟန်မျိုး ကျွန်တော်တို့အချင်းချင်းပြောကြရင် ဘေးကကြားတဲ့သူတွေ ရယ်စရာဖြစ်နေမှာပေါ့ဗျာ”

“အေး . . . ဟုတ်သားပဲ။ အပြောဟန်အတိုင်း ရေးလို့ရပေမယ့် အရေးဟန်အတိုင်းပြောလို့မှမရတာ”

“နောက်တစ်ချက်က အရေးစကားပြေနဲ့ ရေးတဲ့စာတွေမှာတောင် အပြောမှာသုံးတဲ့စကားတွေ ပါနေ တတ်တယ်ဗျ။ ထင်ရှားတဲ့စာရေးဆရာကြီးတွေ ရေးတဲ့စာတွေမှာတောင် အဲဒီသဘောတွေ တွေ့နေရ တယ်”

“ဟုတ်လား”

“ဥပမာ-ဟောဒါ ဆရာကြီး မင်းသုဝဏ်ရေးတဲ့ ‘အရုဏ်သုံးပါး’ ဆိုတဲ့ ဆောင်းပါးထဲက၊ ကျွန်တော်ဖတ် ပြမယ်။ ‘ဤခရေပင်ကြီးသည် တန်ခူးလဆီတွင် ပွင့်သည်ဟု ထင်ရပါသည်။ ကောင်းကောင်းမမှတ်မိ တော့ပါ’ တဲ့။ ‘သူပွင့်လျှင် ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေ အလုအယက် သူ့ထက်ငါဦးကောက် လေ့ရှိကြပါသည်’ တဲ့။ အဲဒီလောက်ကြည့်ရင်ပဲ အပြောစကားဟန်တွေပါတာ တွေ့မှာပါ။ ‘တန်ခူးလဆီ’ တို့၊ ‘ကောင်းကောင်း’ တို့၊ ‘မောင်နှမတစ်တွေ’ တို့လေ။ ဒါကြောင့် ဒီနေ့အရေးစကားပြေတွေမှာလည်း အပြောဘက်ကို တိမ်းညွှတ်တဲ့လက္ခဏာတွေ တွေ့ရတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်”

“ဟုတ်ပါပြီကွာ”

“နောက်တစ်ချက်က မြန်မာကလေးတွေ မြန်မာစကားကို အိမ်မှာတစ်မျိုး ကျောင်းမှာတစ်မျိုး သုံးနေရ တဲ့ ပြဿနာပဲဗျ”

“ဘယ်လိုပါလိမ့်”

“ကျောင်းစနေတဲ့ သူငယ်တန်းကျောင်းသားဆိုပါတော့ဗျာ။ အိမ်မှာ မြန်မာစကာပြောတော့ ‘သား သားဆယ်တယ်၊ မုန့်စားမယ်’ ဆိုတာမျိုး အပြောစကားနဲ့ ပြောတာ၊ ကျောင်းရောက်လို့ မြန်မာစာ လည်းသင်ရော ‘သားသားဆာသည်၊ မုန့်စားမည်’ ဆိုတာမျိုး စာစကားနဲ့ သင်နေရရော မဟုတ်လား”

“ဟုတ်မယ်ထင်တယ်”

“ထင်တာမဟုတ်ဘူး၊ တကယ်အဲဒီလိုဖြစ်နေတာ။ သူငယ်တန်းဖတ်စာကိုပဲကြည့်။ အစကတည်းက အိမ်မှာမပြောတဲ့စာစကားတွေ စသင်နေရပြီ။ ‘အရီးလာသည်’ တဲ့၊ ဤခရီးနီးသလား’ တဲ့၊ ‘ငါးနာရီလာ ရ၏’ တဲ့။ ‘သည်တို့၊ ဤတို့၊ ၏တို့’ စာစကားတွေ ဖတ်နေရပြီ။ ကလေးကသူပြောတဲ့ စကားနဲ့မတူတျဲ့ အဲဒီစာတွေကို ကျောင်းစာအဖြစ်ပဲ နားလည်ပြီး ကျက်နေရရောလေ”

“ဒီတော့”

“တကယ်လို့သာ အဲဒီဖတ်စာမှာ ‘အရီးလာတယ်’၊ ‘ဒီခရီးနီးသလား’၊ ‘ငါးနာရီလာရတယ်’ ဆိုတာမျိုး အပြောစကားနဲ့သာဆိုရင် ကလေးကချက်ချင်း နားလည်ပြီးမှတ်ရတာလည်း ပိုလွယ်မယ်မဟုတ်လား”

“ဟုတ်တာပေါ့”

“ဒီတော့ ကလးတွေ ကျောင်းနေစမှာ ဖတ်ရတဲ့ဖတ်စာတွေကို အပြောစကားပြေနဲ့ရေးရင် ကလေးက ချက်ချင်းနားလည်သဘောပေါက်မှာပဲလေ။ အတန်းနည်းနည်းကြီးလာမှ ‘သည်’၊ ‘၏’ တို့ကို စာစကား တွေသင်ပေးရင် စာဖတ်တတ်တဲ့ အခြေခံရနေပြီဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့ဗျာ”

“စာစကားနဲ့ရေးထားလို့ ကလေးနာမလည်တဲ့ ပြဿနာတစ်ခုပေါ်ဖူးတာ ခုမင်းပြောမှ သတိရတယ်။ ဒုတိယတန်းမှာထင်ပါရဲ့။ ကလေးက သင်္ချာမေးခွန်းတစ်ပုဒ်ကို စာမေးပွဲမှာ မဖြေခဲ့ဘူးတဲ့။ အိမ်ရောက် လို့အမေက ဘာကြောင့်မဖြေခဲ့တာလဲလို့မေးတော့ ကလေးကမေးခွန်းမှားနေလို့ မဖြေခဲ့တာပါလို့ ဖြေ သတဲ့။ မေးခွန်းကို အမေကဖတ်ကြည့်တော့ ‘လိမ္မော်သီး ၁၀ လုံးအနက် ငါးလုံးကိုစားလိုက်သော် ဘယ်နှစ်လုံးကျန်မည်နည်း’ လို့ မေးထားတာ။ အမေက ဘာမှားလို့လဲလို့မေးတော့ ကလေးကမှတ် လောက်သားလောက်ဖြေသတဲ့။ ‘လိမ္မော်သီး ၁၀ လုံးအနက်ဆိုတာ မှားတာပေါ့ မေမေရဲ့၊ လိမ္မော်သီး အဝါပဲ အနက်မှ မဟုတ်တာ၊ ဒါကြောင့် သားမဖြေခဲ့တာပေါ့’ လို့ ဖြေတာလေ။ တစ်ချိန်က တကယ်ဖြစ် ခဲ့တာပါ”

“မှတ်လောက်သားလောက်ပဲဗျာ။ အင်း . . . တကယ်တော့ ‘အနက်’ ဆိုတဲ့စာသုံးစကားက ဒုက္ခပေး သွားတာပေါ့။ တကယ်လို့သာ မေးခွန်းကို ‘လိမ္မော်သီး ၁၀ လုံးရှိတာ ငါးလုံးစားလိုက်ရင် ဘယ်နှလုံး ကျန်မလဲ’ လို့ အပြောစကားနဲ့ရေးရင် ဒီ ‘အနက်’ ပြဿနာပေါ်စရာမရှိဘူးလေ”

“ဒါပေါ့ဗျာ။ အပြောစကားပြေကို တွင်တွင်ကျယ်ကျယ် သုံးဖို့လိုကြောင်း သာဓကတစ်ခုပါပဲ”

“ကျွန်တော်နားမလည်တာက အပြောစကားပြေကို ‘စကားပြေ’ ဆိုပြီး မလိုမလား ဖြစ်နေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်တော့ စကားတွေကို နေ့တိုင်းလိုလို တွင်တွင်ပြောနေကြပြီး အင်မတန်အသုံးဝင်တာ လည်းသိရဲ့သားနဲ့ အဲဒီစကားတွေကို စာအဖြစ်ရေးတာကျတော့မှ ဘာဖြစ်လို့ မလိုမလားဖြစ်နေကြတာ ပါလိမ့်ဆိုတဲ့ အချက်ပါပဲဗျာ”

“အင်း . . . ကျွန်တော်တို့ ပြောခဲ့ကြသလို အစဉ်အဆက် စွဲခဲ့ကြတဲ့ အစွဲကြောင့်ပဲ ဖြစ်ပါလိမ်မယ်ဗျာ။ အခုဆွေးနွေးလိုက်တော့ အပြောစကားပြေရဲ့ အစဉ်အလာနဲ့ အရေးပါပုံတင်ရှားသွားပါပြီ။ တစ်ဖက်မှာ အရေးစကားပြေကို ဆက်လက်ထိန်းသိမ်းရင်း တစ်ဖက်မှာအပြောစကားပြေကိုလည်း ထိထိရောက် ရောက် တွင်တွင်ကျယ်ကျယ် သူ့နေရာနဲ့သူသုံးဖို့ လိုတာပါပဲဗျာ”

“အေးကွာ၊ ခုလို မင်းစိတ်ရှည်လက်ရှည် ဆွေးနွေးတာကျေးဇူးပါပဲကွာ”

“ဒီလိုဆိုရင် အပြောစကားပြေအစဉ်အလာအကြောင်း ဆွေးနွေးပွဲအောင်မြင်စွာ ပြီးစီးပါကြောင်းပေါ့ ဗျာ”

မြန်မာ့အလင်းသတင်းစာ

ဇွန်လ (၂၂) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com