လမ်းပြကြယ်

''အလုံးရေ ကိုကို့ချစ်ဇနီးလေး ရွှေလုံးရေ''

''ဟော ဒီအသံ'' မောင်လေးခန့်ကို တင်းကျပ်စွာ ဖက်ထားလျက် အိပ်ရာထဲရှိ ဖျင်စောင်အောက်တွင် ငွေတို့ ကြောက်လန့်စွာဝပ်နေမိသည်။ ပုခက်ထဲရှိ သန့်တစ်ယောက်တော့ အေးအေးလူလူအိပ်မောကျလျက်။

''ဘာလဲ တော်ရယ်၊ တစ်ရပ်ကွက်လုံးအိပ်နေပြီ၊ ရှင့်အစားကျုပ်တို့ရှက်တယ်တော်ရဲ့''

''ဒီမိန်းမ လူလိုခေါ်နေတာမလာဘဲ လေကြောရှည်နေတယ်။ နင့်လင်တော်မောင်ပြန်လာပြီလေ၊ လာဆွဲထူစမ်း''

''အို ဆွဲမထူနိုင်ဘူး။ ကားတွေရှုပ်နေတာတောင် အရက်ဆိုင်ကနေ အိမ်ကို ရှင်မသေဘဲ တည့်တည့်မတ်မတ် ပြန်လာနိုင်သေးတာပဲ။ ဒီလှေကားသုံးထစ်လေးကျမှ အရပ်ကူပါ လူဝိုင်းပါနဲ့ ပတ်ဝန်းကျင်ကိုလည်းအားနာဦး''
''တယ် ဒီမိန်းမ လေကြောရှည်တယ် ကဲကွာ''

''ဝုန်း ချလွမ်း ဖုန်း''

''အား...ရှင်အနိုင်မကျင့်နဲ့''

ခန့်က ငွေ့ကိုတင်းကျပ်စွာ ဖက်ထားသည်။ပုခက်ထဲရှိ သန့်လေးပင် လန့်နိုးကာငိုလေပြီ။ တစ်ဖန် ''ဟိုသေနာလေး သုံးကောင်ရော စာမကျက်ဘဲ စောစောစီးစီးများ သေနေကြပြီလား''

''ကလေးတွေက ပြောစရာမလိုဘူး။ သူတို့တာဝန် သူတို့ပြီးလို့ အိပ်ကုန်ကြပြီ။ ရှင်ပြန်လာတဲ့အချိန်လည်း ပြန်ကြည့်ဦး''

မေမေပိတ်ပြောလိုက်လို့ တော်သေးသည်။ မဟုတ်လျှင် ငွေတို့မောင်နှမနှစ်ယောက်ကိုပါ နှိုး၍ရိုက်ဦးမည်။ မေမေလည်း ဖရိုဖရဲဖြစ်နေသော ဆံပင်များကိုထုံးနေလျက် သန့်လေးကိုချော့မြှူနေ သည်။ ဖေဖေကတော့ ကျောချရာ နေရာတွင်ပင် မူးလျက်အိပ်ပျော်နေလေ ပြီ။ မောင်လေးခန့်က စောင်အောက်ထဲတွင် ချွေးများစို့လျက် မောပန်းကာ အိပ်ပျော်နေပြီ။ ငွေတစ်ယောက်သက်ပြင်းချမိသည်။

ဖေဖေက တက္ကစီအငှားမောင်းပါသည်။ အရက်တန်ခိုးကြောင့် မိသားစုကုန်ကျစရိတ်ထက် ယာဉ်မတော် တဆမှုများကြောင့် လျော်ပေးနေရ သည့်ငွေပမာဏက ပိုများပေလိမ့်မည်။ တချို့ကားပိုင်ရှင်များက ဖေဖေ့ကို အငှားမပေးချင်ကြပေ။ ထို့ပြင် ငွေ့ကိုလည်း အရက်ဝယ် ခိုင်းတတ်သေးသည်။ အရက်ဆိုင်မှ အရက်သမားများ၏ သားရဲဆန်ဆန်အကြည့်များကို အပျိုဖျန်းလေးငွေ သိပ်ကြောက်မိသည်။ ဒီအကြောင်း မေမေ့ကိုပြောပြ၍ ငွေ သက်သာရာရသွားသော်လည်း ခန့်တစ်ယောက်တော့ မသက်သာချေ။

ငွေက အဋ္ဌမတန်းကျောင်းသူပါ။ ဖေဖေက အခုလို အရက်သောက်ပြီး ရပ်ကွက်ဆူညံအောင်သောင်းကျန်းတိုင်း ငွေသိပ်ရှက်သည်။ ကျောင်းတွင်လည်း အရက်သမား သားသမီးတွေဆိုပြီး သူငယ်ချင်းများရဲ့ အဖက်မလုပ်မှုကို ခံရတိုင်း ငွေသိပ်ဝမ်းနည်းမိသည်။ ခန့်က ပဉ္စမတန်းသာ ရှိသေး၍ စိတ်ခံစားချက်ဆိုင်ရာများကို နားမလည် မခံစားတတ်သေးပေ။ ဖေဖေ က ငွေတို့အပေါ် ဖခင်ဝတ္တရား မကျေပွန်သလို မေမေ့ကို အမြဲစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် ဆဲဆိုရိုက်နှက်နေမှုတို့ကြောင့် လင့်ဝတ္တရားလည်း မကျေပွန်ဘူးလို့ ငွေမှတ်ချက်ချ မိသည်။ ''မေမေရဲ့ စိတ်ဒုက္ခများ အေးချမ်း၍ ဒီဘဝ ဒီဝဋ်မှ အမြန်ကျွတ်ပါစေ'' ဟု ငွေအမြဲ ဆုတောင်းမိသည်။

''ရွှေလုံးရေ၊ ဟဲ့ မရွှေလုံး''

''လာပြီ မတင်မေရေ၊ ဘာတုန်း အလန့်တကြားနဲ့''

''ဈေးထိပ်မှာ ညည်းယောက်ျား ငထွန်း အရက်ဆိုင်က အပြန် ကားတိုက်လို့တဲ့၊ ဒဏ်ရာကအတော်ပြင်းလို့ နေရာမှာတင် ပွဲချင်းပြီးသွားတယ်တဲ့ဟာ၊ အခု ရင်ခွဲရုံကို သယ်သွားပြီတဲ့''

''ရှင် ...ကိုထွန်းဆုံးပြီ''

မေမေက ကြားကြားချင်းမေ့လဲသွားပြီ။ ငွေတစ်ယောက် ပါးစပ်ကိုလက်ဖြင့်ပိတ်ထား၍ ခေါင်းတွင်တွင် ခါကာ မျက်ရည်များစီးကျနေလေပြီ။

''ဒါ ငွေ့ကြောင့်ပဲ ငွေ့ဆုတောင်းကြောင့် ဖေဖေအခုလို အသေဆိုးနဲ့သေရတာ။ ငွေ့ကိုခွင့်လွှတ်ပါ ဖေဖေရယ်။ ငွေကံကြီးထိုက်တော့မယ်။ အခုငွေတို့ ဖတဆိုးဘဝကို ရောက်ရပြီ ဖေဖေရယ်။ ဘယ်လောက်ပဲ ဖေဖေက ဆိုးသွမ်းနေပေမယ့် ငွေတို့အတွက်တော့ ဖေဖေက ဖေဖေ ပါပဲ။ ငွေ ဖေဖေ့ကိုသိပ်ချစ်ကြောင်း အခုမှနားလည်တယ်။ မေမေ့ကိုသနားလို့သာ၊ ဖေဖေ့ကိုကောင်းစေချင်လွန်းလို့ သာ ငွေဒီလိုဆုတောင်းရတာပါ။ ဖေဖေ့ကိုမုန်းလို့ မဟုတ် ရပါဘူး ဖေဖေရယ်။ ငွေ့ကိုခွင့်လွှတ်ပါ ဟီး...အီး...''

ဖေဖေရှိတုန်းက ဘယ်လောက်ပဲဆိုးသွမ်းပြီး မကောင်းဘူးပြောပြော ငွေတို့အနပ်မှန်မှန် စားရသောက်ရ သေးသည်။ အခု ဖေဖေဆုံးတော့ ငွေတို့မိသားစု စားဝတ်နေရေး အတွက် မေမေပူပင် ရပြီ။ ငွေကျောင်းထွက်ပြီး အထည်ချုပ်စက်ရုံတွင် ဝင်လုပ်မယ်ပြောပေမယ့် ''မေမေ့ သားနဲ့သမီးကို ဘာအမွေမှမပေးနိုင်ပေမယ့် ပညာအမွေ လေးတော့ ပေးခဲ့ချင် တယ်''ဆိုပြီး မျက်ရည်စမ်းစမ်းနဲ့ ပြော တတ်တဲ့ မေမေ့ကြောင့် ငွေကျောင်းဆက် တက်ခွင့်ရခဲ့သည်။

ဒီလိုနဲ့ မေမေ အသုပ်ထွက်ရောင်းပြီး ငွေတို့ မောင်နှမကို ကျောင်းဆက်ထားပေးခဲ့တာ အခုဆို ငွေတောင် ဒသမတန်းရောက်လာခဲ့လေပေါ့။

သန့်လေးတောင် သူငယ်တန်းစတက်နေပြီလေ။ သို့ ပေမယ့်လည်း မေမေကတော့ လောကဒဏ်ကြောင့် ဇရာထောင်းခဲ့ချေပြီ။ မေမေရေ ခဏလေးပါ။ ငွေ ၁ဝ တန်း အောင်တာနဲ့ မေမေ့ကို ဇိမ်နဲ့ထားပါ့မယ်။ မောင်လေး တို့ကိုလည်း ကျူရှင်ကောင်းကောင်းထားနိုင်အောင် ကြိုးစားပါ့မယ် မေမေရေ။

သို့ပေမယ့်လည်း ငွေ့ဆန္ဒတွေ ပြည့်မလာခဲ့ပါ။ကံကြမ္မာက ငွေတို့မောင်နှမကို မေမေနဲ့ဘဝခြားစေခဲ့ပြီ။ငွေ ကျောင်း၌ရှိနေစဉ် လမ်းထိပ်ကဆိုင်ကယ်ကယ်ရီသမား ကိုထူးသာက မေမေဆုံးကြောင်း အပြေးလာပြောသည်။

ထိုသတင်းဆိုးကို ငွေကြားတစ်ချက် မကြားတစ်ချက် ဖြင့် မျက်လုံးများပြာလာကာ တဒင်္ဂအတွင်း လောကကြီး နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ရသည်။

ငွေနိုးတော့ မေမေ့အလောင်းဘေး အံကြိတ်ကာ လက်သီးဆုပ်၍ငိုနေသော ခန့်နှင့် မေမေ့ရင်ခွင်ပေါ် ခေါင်းလေးချကာ ''မေမေရေ ထပါတော့ သားတို့ကို မထား ခဲ့ပါနဲ့''ဆိုကာ ငိုနေသော သန့်တို့ကိုတွေ့လိုက်ရပြီး ငွေ့ အသည်းများ ကြေမတတ်ခံစားရသည်။ ငွေတို့မောင်နှမ ဖက်ငိုကြပြီ။

''ငွေတို့ဘဝ သိပ်ကိုဆိုးလှပါတယ်။ ငွေတို့ မိဘမဲ့ဘဝ ကို ရောက်ရပြီ။ ဆွေမရှိ မျိုးမရှိ လောကအလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ငွေတို့ဘဝ ဘယ်လိုရှေ့ဆက် ရမလဲ မေမေရယ်။ မိခင်မေတ္တာလိုနေသေးတဲ့ သန့်လေးကို ငွေဘယ်လိုလုပ်ရမလဲ။ ငွေတို့ကို မေမေထားရစ်ခဲ့ပြီ။ မေမေခဏလေးမစောင့်ခဲ့ဘူး မေမေရယ်''

ငွေတို့အဖြစ်ကိုကြည့်၍ အသုဘလာသူများပင် သနားစိတ်ဝင်ကာ မျက်ရည်လည်ကြရသည်။

ရှေ့ရေးအတွက် ငွေကကျောင်းထွက်၍ အလုပ်လုပ်မည်။ မောင်လေးတို့ကို ပညာတတ်ဖြစ်အောင် ငွေကြိုးစားမည်။ သို့သော် ခန့်ကလက်မခံပေ။ ''ကျွန်တော် အလုပ်လုပ်မယ်။ မမကကျောင်းဆက်တက်။ ကျွန်တော့်ကို ကလေးလို့ ထင်နေတုန်းလား။ ကျွန်တော် လူကြီးဖြစ်နေ ပြီဗျ။ ဒီမှာကြည့်''ဆိုကာ မရှိမဲ့ရှိမဲ့လက်မောင်းကြွက်သား လေးကို ညှစ်ပြနေသော နုဖတ်သည့်မျက်နှာလေးနဲ့ ခန့် ကို ငွေသိပ်သနားလှသည်။ အရွယ်တူတွေ ကျောင်းတက် နေချိန်မှာ အလုပ်လုပ်ရမည်ဆိုသောကြောင့်လည်း ယူကြုံး မရဖြစ်မိသည်။ ထို့ကြောင့် ငွေသာအလုပ်ထွက်လုပ်မည်ဟု ပြောနေသဖြင့် မောင်နှမနှစ်ယောက် အငြင်းအခုံဖြစ်နေ ကြပြီ။ ထိုစဉ် ဘေးအိမ်မှ အဒေါ်လိုအားကိုးရသည့် အကြီးတင်မေက ဝင်ရောက်ဖြေရှင်းပေး ရတော့သည်။ ''သမီးငွေ ခန့်ပြောတာလက်ခံလိုက်။ ယောက်ျားလေးဆိုတာ ရောက်တဲ့ နေရာမှာ ဒေါင်ကျကျပြား ကျကျ နေထိုင် စားသောက်နိုင်ပေမယ့် မိန်းကလေးဆိုတာ ပညာလေး တတ်မှ လူရာဝင်တာသမီးရဲ့၊ ခန့်ပြောတာလက်ခံလိုက်နော်။ အကြီး လမ်းထိပ်က ဒေါ်ဘုမကိုပြောပေးမယ်''

အခုမှ ခုနစ်တန်းသာရှိသေးသော အပြစ်ကင်းသည့် ကလေးမျက်နှာလေးကို ကြမ်းတမ်းတဲ့အလုပ်တွေခိုင်းရ မည်ဆိုသဖြင့် ငွေရင်နာမိသည်။

မေမေမရှိတော့ မနက်ကျောင်းထမင်းချိုင့်အတွက် ညကတည်းက ငွေချက်ပြုတ်ထားသည်။ သန့်နဲ့ ငွေက ကျောင်းသို့သွား၍ ခန့်က လမ်းထိပ်က ဒေါ်ဘုမ၏ဆန် ဆိုင်တွင် အထမ်းသမားအဖြစ် အလုပ်စလုပ်လေပြီ။ အိမ်ကိုတော့ ဘေးအိမ်က အကြီးမတင်မေဆီအပ်ထားခဲ့သည်။

''ဝေါ့...အော့...''

မောင်လေးအခန်းက အသံပါလား။ ငွေ စိုးရိမ်တကြီး အပြေးထကြည့်မိသည်။

''ဟင် အန်နေတယ်၊ နေမကောင်းဘူးလား''

အခန်းဝတွင် ရုတ်တရက်နှာခေါင်းထဲစူးဝင်လာသော အနံ့တစ်ခု။ ဒီအနံ့ ငွေသိပ်မုန်း၊ သိပ်ရွံခဲ့ရတဲ့အနံ့။

''ခန့် နင်အရက်တွေ သောက်လာတယ်။ ဟဲ့ ခန့် ထစမ်း''။ ငွေအလွန်စိတ်ဆိုးမိသည်။ ဘာကြောင့်လဲ။ ဖေဖေ့ ကို အရက်ဝယ်ပေးရင်းက ဖေဖေ့ရဲ့သွေးဆိုးများ မောင်လေးဆီ ကပ်ပါလာတာများလား။ ခန့်ကို ထုရိုက် ပစ်ချင်လောက်အောင် ဒေါသကမွှန်လေပြီ။

''ထစမ်း ခန့်''

''မမရယ် ကျွန်တော် တအားပင်ပန်းလို့ နည်းနည်း လေး သောက်မိတာပါ။ စိတ်မဆိုးပါနဲ့နော်။ နောက် မသောက်တော့ပါဘူး''

မျက်လုံးမပွင့်တပွင့် အာလေးလျှာလေးဖြင့် ပြောနေသော ခန့်ကို ငွေရိုက်ရမည့်အစား သနားကာဖက်ငိုမိသည်။

''အမလေး မောင်လေးရယ်၊ ဖေဖေ့လိုတော့ မလုပ် လိုက်ပါနဲ့၊ မမစိတ်ဆင်းရဲလို့ပါ''။

''မမ မမရေ။ ငွေရင်ထိတ်မိသည်။ မမ အောင်တယ်ဗျ''ကျွန်တော့်မမ စာမေးပွဲအောင်တယ်။ ဂုဏ်ထူးတောင် နှစ်ခုပါသေးတယ်''။

ငွေပင်အိပ်ရာမနိုးသေး။ ခန့်တစ်ယောက် ဘယ်အချိန်ကတည်းက ထသွားကြည့်လိုက်သည်မသိ။ ခန့်၏ ရပ်ကွက်ထဲ လှည့်ပတ်အော်ဟစ်ကာ ကြွားနေသောအသံကြောင့် ငွေ့ရင်မှအပူလုံးကြီးကျသွားရသည်။

မောင်လေးနှစ်ယောက်လည်း ငွေနှင့်အတူ သိပ်ပျော်နေကြသည်။ ဒါပေမယ့်လည်း ''မေမေသာရှိရင်'' ဆိုသည့် အတွေးကြောင့် ငွေငိုမိသည်။ ''မေမေတို့လည်း ပျော်နေ မှာပါ မမရယ်တဲ့''ဆိုကာ မျက်ရည်သုတ်ပေးသည့် မောင် လေးနှစ်ယောက်ကြောင့် ငွေအားရှိမိပြန်သည်။

ဘာလိုလိုနှင့် ရာသီတွေပြောင်း နှစ်တွေညောင်းလာခဲ့တာ သန့်လေးပင် စတုတ္ထတန်းသို့ရောက်လာခဲ့ပြီ။ ငွေလည်း အဝေးသင်တက်ကာ တစ်ဖက်တွင် ရပ်ကွက်ထဲမှ ကလေးများကို ကျူရှင်ပြသဖြင့် ဝင်ငွေလေးရ လာသည်။
ခန့်တစ်ယောက်တော့ အရင်လို အရက်မသောက်ဘဲ လိမ္မာလာသဖြင့် ငွေတို့စိတ်ချမ်းသာရသည်။ ခန့်က တစ်ခါတစ်ရံ ငွေ့ကိုပိုက်ဆံအများကြီးလာပေးတတ်သည်။ငွေက သင်္ကာမကင်း၍ မေးမြန်းစစ်ဆေးနေလျှင် ဆန်ဆိုင် အလုပ်မဟုတ်ဘဲ ဆိုင်ကယ်ဖြင့် ပစ္စည်းများပို့ပေးလို့ရတာ၊ ပွဲစားလုပ်လို့ရတာ စသဖြင့် ခန့်ဘာတွေပြောမှန်း ငွေသိပ်နားမလည်ပေမယ့် ခန့်ကိုတော့ ငွေ အပြည့်အဝ ယုံကြည်ထားမိသည်။ ယခုဆို လျှင် ငွေတို့မောင်နှမ သုံးယောက် စားဝတ်နေရေးအတန်ငယ်အဆင်ပြေသဖြင့် ပျော်ရွှင်ကြည်နူးစရာ ကောင်း နေသည်။

သို့သော်လည်း ''ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ'' ဆိုသကဲ့သို့ တစ်နေမှာ...။

''မောင်လင်းခန့်တို့အိမ်ပါလားခင်ဗျ။ မောင်လင်းခန့် ရှိပါသလားခင်ဗျ။ ကျွန်တော်တို့က ဗဟိုမူးယစ်ဌာနကပါ။ မောင်လင်းခန့်က မူးယစ်ဆေးတချို့ အရောင်းအဝယ် လုပ်နေတယ်ဆိုတဲ့သတင်းကြောင့် လာရခြင်းဖြစ်ပါတယ်။ တာဝန်အရ မောင်လင်းခန့်အခန်းထဲ ရှာခွင့်ပြုပါ''

''ဘာတွေပြောနေလဲ မသိဘူးရှင့်။ ကျွန်မမောင်လေး က ရာဇဝတ်မှုနဲ့မကင်းမယ့်အလုပ်မျိုး လုပ်မယ့်ကလေး မဟုတ်ပါဘူး။ တစ်ခုခုများလွဲနေ...''

''တွေ့ပြီဆရာရေ ဒီမှာ WY ပန်းရောင်အပြား ၂ဝ''

ငွေ့မျက်လုံးများပင် ပြာသွားရသည်။ ရဲဦးလေးကြီး တို့ ဘာတွေဆက်ပြောနေကြလဲ၊ ကြားတစ်ချက် မကြား တစ်ချက်ဖြင့်။ ခန့်ဘာတွေလုပ်နေလဲ ငွေတကယ်မသိခဲ့ ပါ။ မောင်လေးက ဆေးပြားတွေ ရောင်းဝယ်နေတာတဲ့။ အခု မောင်လေးထောင်ကျတော့မယ်။ ငွေတစ်ခါမှ မရင်းနှီးဖူး၊ စိတ်မကူးဖူးသည့် သံတိုင်အနွမ်းများကြားတွင် ခန့်ကို တွေ့ရတော့မယ်။ ခန့်လေး အစားဆင်းရဲ၊ အနေဆင်းရဲရ တော့မယ်။ ရဲဦးလေးတို့က ခန့်ကိုဖမ်းမမိလျှင် အိမ်ထောင် ဦးစီးဖြစ်တဲ့ ငွေ့ကိုဖမ်းသွားမည်ဟုပြောပြောဆိုဆိုဖြင့် လက်ထိပ်ခတ်ကြလေပြီ။ မောင်လေးသန့်က ငိုလေပြီ။ ငွေ ငိုဖို့ပင် သတိမရလောက်အောင် ဆွံ့အနေမိသည်။ ထိုစဉ် ''ကျုပ်က ခန့်ပါ၊ ကျုပ်မမက ဒီကိစ္စတွေဘာမှမသိဘူး။ ကျုပ်အဖမ်းခံမယ်၊ ကျုပ်မမကိုလွှတ်လိုက်ပါ''

''မမ ကျွန်တော့ကိုခွင့်လွှတ်ပါ။ ကျွန်တော် အပြစ်တွေ ပေးဆပ်ပြီးရင် လူကောင်းတစ်ယောက်အနေနဲ့ ပြန်လာပါ့ မယ်။ မမတို့အနားတစ်သက်လုံးနေပြီး ရှာကျွေးပါ့မယ်။ ကျွန်တော် မမကိုကန်တော့ခဲ့ပါတယ်''

''ခန့် ..ခန့်... ခေါ်မသွားကြပါနဲ့၊ ကျွန်မမောင်လေးကို ခေါ်မသွားကြပါနဲ့။ မောင်လေးကို ကျွန်မရင်ခွင်ထဲက ခေါ်မသွားကြပါနဲ့။ အဖြစ်ဆိုးလှချည်လားခန့်ရယ်၊ မမ ရင်တွေနာလိုက်တာ၊ တောင်းပန်ပါတယ် ဦးတို့ရယ်''

သို့ပေမယ့် ရာဇဝတ်ဘေးပြေးမလွတ်ဆိုသည့်စကားအတိုင်း အပြစ်ရှိသူတိုင်း အပြစ်ခံရမည်ချည်းသာ၊ ငွေ နားလည်ပါသည်။ သို့သော်လည်း ငွေခံပြင်းမိသည်။

''ဖေဖေရယ်၊ ငွေ့မောင်လေးကို ဘာလို့ဆိုးမွေတွေ ပေးခဲ့ရတာလဲ။ ငွေ့မောင်လေးကို ဖမ်းသွားကြပြီ။ မေမေ ရေ...ကယ်ပါဦး။ ဒါတွေက အမှန်တော့ ငွေ့ကြောင့်ပါ။ ခန့်ကို ငွေလွှတ်ထားမိလို့ပါ။ အပြစ်ရှိသူက ငွေပါ။ ငွေ့ကို ဖမ်းကြပါ။ မောင်လေးကိုမဖမ်းကြပါနဲ့''။ ငွေတစ်ယောက် အရူးမသဖွယ် ပဋာမြေလူးဖြစ်ရရှာသော်လည်း ပတ်ဝန်းကျင် ရှိလူများက သနားရုံကလွဲလို့ မည်သို့မျှမတတ်နိုင်ပေ။

ဘာလိုလိုနဲ့ ခန့်ထောင်ကျတာ သုံးနှစ်ကျော်နေပြီ။မကြာခင်လွတ်လာတော့မည်ဖြစ်သဖြင့် ငွေတို့ သိပ်ပျော် နေကြသည်။ ဖေဖေက ငွေတို့အတွက် လမ်းပြကြယ်ကောင်း မဖြစ်ခဲ့ပေမယ့် ငွေက သန့်လေးအတွက် လမ်းပြကြယ်ကောင်းဖြစ်ချင်ပါသည်။ မိဘဟူသည် သားသမီးတို့၏ လမ်းပြကြယ်များပင်ဖြစ်သည်။ လမ်းပြကြယ် ကောင်းများ ဖြစ်ကြပါစေ။

ခိုင်ဟေမာန်ဦး

စတုတ္ထနှစ်(ရူပဗေဒ)၊ ဒဂုံတက္ကသိုလ်

ကြေးမုံသတင်းစာ (၂၀.၁၁.၂၀၁၆)

Powered by Bullraider.com