ပြောင်းပြန်အချိုး

အပြင်မှာ မိုးကတစိမ့်စိမ့်ရွာနေသည်။ လူနာကလည်း ရှင်းနေသည်မို့ ဆေးခန်းထဲတွင် ဆေးစာအုပ်များနှင့် မျက်နှာအပ်နေမိသည်။ ခိုင်တစ်ယောက် တိုင်းရင်းဆေးတက္ကသိုလ်မှဘွဲ့ရပြီးကတည်းက ဒီဆေးခန်းလေးဖွင့်ခဲ့သည်မှာ တစ်နှစ်ပင်ကျော်ခဲ့ချေပြီ။ ခိုင်၏ စေတနာ ကြိုးစားမှုတို့ကြောင့်ပင် အများသူငါ အားထားရာ ဆေးခန်းလေး ဖြစ်လာခဲ့သည်။

''အဖေတစ်ယောက်ဟာလေ ဒီလောက်လေးဖြစ်တဲ့ဟာကို ဆေးခန်းပဲဇွတ်လာချင်တယ်။ အခုတော့ အလုပ်က ပျက်ရတဲ့ကြား မိုးကမိ၊ ကျွန်မတော့ နေမကောင်းဖြစ်ရင် အလုပ်ကထပ်ပျက်ရဦးမယ်''

ကားရပ်သံ၊ ကားတံခါးဖွင့်သံတို့နှင့်အတူ မရှေး မနှောင်း စကားသံတို့ကြောင့် ခိုင်လှမ်းကြည့်လိုက်မိသည်။ပါးစပ်မှ ပွစိပွစိပြောဆိုရေရွတ်ကာ မျက်နှာရှုံ့မဲ့မဲ့နှင့် ဝင် လာသည့် မိန်းမကြီးတစ်ယောက်။ ဘေးတွင် အသက် အတော်ကြီးဟန်တူသည့် အဘကြီးတစ်ယောက်ကို တွဲလာ သည်။ အဘကြီးက မျက်နှာငယ်လေးနှင့်။ ဆေးခန်းအကူ ညီမလေးက လူနာမှတ်တမ်းစာအုပ်လုပ်ပေးပြီး ခိုင့်စားပွဲ ဆီသို့ လာပေးသည်။

''အဘရေ ဘာဖြစ်လို့လဲ ပြောပါဦး''

''ဘာမှဟုတ်တိပတ်တိရယ်လို့ မဟုတ်ပါဘူး ဆရာမ ရယ်။ ရင်ကျပ်လို့တဲ့လေ။ ရင်ကျပ်တာကတော့ အစား မှားရင်ဖြစ်တတ်တာပဲ မဟုတ်လား။ အစားအသောက် ဆင်ခြင်ရင် ပျောက်မှာပဲကို။ အခုတော့ မအားတဲ့ကြား က.....''

''ကျွန်မ လူနာကိုမေးနေတာပါရှင်။ အန်တီ့ကို မေး နေတာ မဟုတ်ပါဘူး''

ခိုင်စိတ်တိုတိုနှင့်ပြောလိုက်တော့မှ ထိုအန်တီကြီး စကားတစ်ပိုင်းတစ်စနှင့် ပါးစပ်ပိတ်သွားသည်။ မျက်နှာ ကတော့ သိပ်ကျေနပ်ပုံမပေါ်။

''ကဲ အဘ ဘာဖြစ်သလဲ ပြောပါဦး''

''ဆရာမလေးရယ် အဘက ရင်ကျပ်ရောဂါအခံရှိ သကွဲ့။ ပျောက်နေတာကြာပါပြီ။ အခု ပြန်ဖြစ်တာ။ ရင်ကျပ်လာရင် အသက်ရှူရခက်၊ အနေရခက်ပြီး မခံစား နိုင်လို့ပါကွယ်။ အဲဒါ တိုင်းရင်းဆေးလေး သောက်ချင်လို့ ပါ ဆရာမလေးရယ်''ဟု မျက်နှာငယ်လေးနှင့် ပြောနေရှာ သော အဘကြီးကို သနားသွားမိသည်။

''သောက်ရမှာပေါ့အဘရဲ့။ ဆေးတွေ ပေးလိုက်မယ် နော်။ အဘသက်သာသွားမှာပါ''

အဘကြီးအား အားပေးနှစ်သိမ့်လိုက်ပြီး ရောဂါ ရာဇဝင်ကောက်ယူပြီး သိချင်တာတွေ မေးမြန်းရသည်။ ပြည့်ပြည့်စုံစုံမေးမြန်းစမ်းသပ်ပြီး သောက်ရမည့်ဆေးများ ကို ရှင်းပြရသည်။

''ဒီကဘာတော်သလဲ''

''သမီး''ဖြေပုံက ခပ်ဆောင့်ဆောင့်။ ဘယ်လိုမှ ဘဝင် ကျစရာမရှိ။

''အဘကို ဆေးပုံမှန်လေးတိုက်ပါနော်။ အဘက အသက်ကြီးပြီဆိုတော့ ဆေးသောက်ဖို့ မေ့နေမှာစိုးလို့ပါ။ အန်တီတို့က ဆေးကိုအချိန်မှန်လေး တိုက်ပေးပါ'' ကျွန်မ အတတ်နိုင်ဆုံး စိတ်ကိုဆွဲဆန့်၍ပြောလိုက်သည်။

''ကျွန်မတို့က အလုပ်သိပ်အားတာမဟုတ်ဘူး ဆရာမရဲ့။ အလုပ်က သိပ်ရှုပ်တာ။ အခုတောင် မနည်းအလုပ်ပျက်ခံပြီး လာရတာ''

အို...ဘယ်လိုသမီးမျိုးပါလိမ့်။ ခိုင်မစဉ်းစားတတ်တော့။ ကိုယ့်မိဘကို ဆေးတိုက်ဖို့တောင် မအားတော့ဘူး တဲ့လား။

''ရပါတယ် ဆရာမလေးရယ်။ အဘ မှတ်မိပါတယ်ကွယ်။ ဆေးလည်း ပုံမှန်သောက်ပါ့မယ်''

မျက်နှာငယ်လေးနှင့် ပြောနေရှာသော အဘကြီး၏ မျက်ဝန်းတွေမှာ မျက်ရည်စတွေ ဝေ့တက်လာတာကို ထိုအန်တီကြီး မမြင်ပေမယ့် မြင်မိတဲ့ ခိုင့်မှာတော့ အဘကြီးကိုသာ သနားနေမိသည်။

ဆေးယူပြီး သူတို့ပြန်သွားကြသော်လည်း ခိုင့်မျက်လုံးထဲ မျက်ရည်တွေဝေ့နေသော အဘကြီးပုံရိပ်ကား ဖျောက်မရ။ မိဘမေတ္တာကျေးဇူးတရားကိုမှမထောက် အလုပ်ကိုသာ ရှေ့တန်းတင်နေသော အန်တီကြီးကိုသာ အလိုလိုနေရင်း စိတ်တိုနေမိသည်။ ငွေနှင့်အလုပ်ကို ရှေ့တန်းတင်ကြတော့လည်း မိဘတွေက အလိုလိုနေရင်း အပယ်ခံဘဝ ရောက်သွားတော့တာပဲပေါ့။ ခိုင်ကြာကြာတွေးနေချိန် မရလိုက်။ လူနာတွေထပ်ရောက်လာပြန်သဖြင့် အလုပ်ထဲ အာရုံနစ်သွားသည်။ လူနာရှင်းသွားလို့ နာရီကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးဖို့ ငါးမိနစ်အလို။ စာအုပ် ပြန်ဖတ်မည်အလုပ် လူနာက ထပ်ရောက်လာပြန်သည်။ အသက် ၅ဝ ခန့်ရှိမည့် မိန်းမကြီးတစ်ယောက်။ ခါးကိုကုန်းပြီး လျှောက်လာသည်။ မျက်နှာကလည်း နာကျင်နေဟန်။ ဘေးတွင် အသက် ၂ဝ အရွယ်ခန့် ကောင်လေး တစ်ယောက်က ဖေးဖေးမမ တွဲလာသည်။

''ကဲ ထိုင်ကြပါဦး ဘာဖြစ်လို့လဲ''

''ဆရာမရယ် ကျွန်မက ကုန်စိမ်းရောင်းတာပါ။ မနေ့က ဈေးတောင်းမလိုက်တာ အလေးချိန်လည်းစီးလို့ထင်ပါရဲ့။ ခါးထဲက တအားနာလာတာပါ။ နည်းနည်း နည်းနည်းနဲ့ စနာနေတာတော့ တစ်ပတ်လောက်ရှိပြီ ဆရာမ။ မနေ့ကမှ ပိုဆိုးသွားတာ''

ရောဂါသိရပြီဖြစ်၍ ခိုင်သိချင်တာတွေ ထပ်မေး၊ စမ်းသပ်စရာရှိတာ စမ်းသပ်ရသည်။ သောက်ရမည့်ဆေးများကို ရှင်းပြရင်းလူနာအား လောလောဆယ် အလေးအပင် မမဖို့၊ အနားယူဖို့ ပြောပြရသည်။

''အမေ့ကို အနားယူဖို့ပြောပါတယ် ဆရာမရယ်။ အမေကခေါင်းမာတယ်။ ပြောမရဘူး'' ကောင်လေးက ဝင်ပြောသည်။

''ကျွန်မကလည်း အိမ်စားဝတ်နေရေးကျပ်မှာစိုးလို့ ပါ ဆရာမရယ်။ ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာရယ်။ အိမ်မှာက အငယ်သုံးယောက်ရှိသေးတယ်။ ယောက်ျားဆုံးပြီးကတည်းက ရုန်းကန်လာရတာ။ ဒီသားကြီးကို အားကိုးရပေလို့ပေါ့ ဆရာမရယ်။ ခမျာမှာလည်း ကျောင်းတောင်မနေရရှာပါဘူး။ ဆန်စက်မှာ ဆန်အိတ် ထမ်းပြီး အိမ်စရိတ်ထောက်တယ်။ သူလိမ္မာပေလို့ပေါ့ ဆရာမရယ်''

''ကဲပါ အမေရယ်။ ဒါတွေပြောမနေနဲ့တော့ အိမ်အတွက် ဘာမှမပူနဲ့ သားရှိတယ်။ အမေနေကောင်းဖို့လို တယ်။ လောလောဆယ်နားဖို့လိုတယ်။ သားပြောတာ နားမထောင်ရင်တောင် ဆရာမစကားတော့ နားထောင်ပါ အမေရာ ...နော်''

ကြည့်စမ်း ဘယ်လောက်လိမ္မာတဲ့သားလဲ။ ခိုင်ကောင်လေးကို စိတ်ထဲမှချီးကျူးနေမိသည်။ ဟို အန်တီကြီး နဲ့များကွာပါ့ဟုတွေးနေမိသည်။ စိတ်ထဲမှလည်း သူတို့ကို နှိုင်းယှဉ်နေမိသည်။ အန်တီကြီးကား ငွေကြေးချမ်းသာပုံ ရပါသော်လည်း အသိတရား၊ မေတ္တာတရား ခေါင်းပါး လွန်းလှသည်။ ယခုကောင်လေးကား ငယ်ရွယ်ပြီး ငွေ ဆင်းရဲရှာသော်လည်း အသိတရားမဆင်းရဲ ကျေးဇူးတရား သိတတ်လှသည်။သြော်... လောကကြီးက တစ်ခါတစ်ရံ ပြောင်းပြန်အချိုးကျပါလားဟု ခိုင်တွေးနေမိသည်။ ထိုနေ့ က ကောင်လေးအမေအတွက် ခိုင်ဆေးဖိုးဝါးခ မယူလိုက် ပါ။ ဒါနပြုလိုက်သည်။ ခိုင့်ဒါနအတွက် ဆုနှစ်ခုတောင်းခဲ့ပါသည်။

မိဘတွေ အပယ်ခံဘဝရောက်ခြင်းမှ ကင်းဝေးကြပါစေ။ ကျေးဇူးတရားသိတတ်တဲ့ကောင်လေးလိုလူမျိုးတွေ လောကကြီးမှာ များများပေါ်ပေါက်ပါစေဟူ၍။

ကြေးမုံသတင်းစာ (၁၁.၁၂.၂၀၁၆)

Powered by Bullraider.com