ဘဝ၏ လှည့်ကွက်

Image may contain: 1 person, smiling, closeup

(၁)

ယနေ့မှစ၍ ကျွန်မဘဝ အားလုံးပြောင်းလဲသွားခဲ့ သည်။ တစ်ချိန်က ကျွန်မသည် တစ်မိသားစုလုံး၏ အချစ်တော် ဖြစ်ခဲ့သည်။ သူများတွေမရနိုင်သော အချစ်တွေ ပိုင်ဆိုင်ကာ ပျော်ရွှင်ခဲ့ရသည်။ သို့သော် ယခုအခါ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

နှစ်လအရွယ် ကျွန်မသည် ဤမိသားစုလေးထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ မွေးခါစအရွယ်ဖြစ်၍ တစ် မိသားစုလုံး တယုတယနှင့် ဂရုစိုက်ကြသည်။ ပျော်ရွှင်မှု အပြည့်၊ စိတ်ချမ်းသာမှုအပြည့်ဖြင့် သခင်များ၏ သမီး အရင်းသဖွယ် ဂရုစိုက်မှုကိုလည်း ခံယူခဲ့ရသည်။ တစ်နေ့ တွင် ရိုစီဟူသောနာမည်ကို ကျွန်မပိုင်ဆိုင်ခဲ့သည်။ ထို အချိန် ထိုကာလသည် တစ်မိသားစုလုံး၏အချစ်ကို ပိုင်ဆိုင်ဖို့သာ ကျွန်မ၏အလုပ်ဖြစ်သည်။

ထမင်းစားရန် အချိန်ကျရောက်လျှင် ကျွန်မအတွက် ကောင်းမွန်သော အစားအစာများကို အဆင်သင့် ပြင်ထားပေးကြသည်။ ကျွန်မတို့ သဘာဝ အရိုးဟူသော အရာကို ကြိုက်နှစ်သက်သည်ဟု ကြားဖူးသော်လည်း ကျွန်မအတွက် မြင်တောင်မမြင်ဖူးပေ။ တစ်နေ့ သခင်၏သားဖြစ်သူသည် ကျွန်မအတွက် အရိုးဟူ၍ ချပေးသည်။ မမြင်ဖူး၊ မလုပ်ဖူးသော၊ လက်တည့်စမ်းချင်သော စိတ် သည် သတ္တဝါတိုင်းတွင်ရှိတတ်ကြသည်။ အရိုးဟူသော အရာကိုစားရန် အရှိန်ယူလိုက်စဉ် ''သား ရိုစီကို အရိုး မကျွေးရဘူး ပြောထားတယ်လေ။ အရိုးစူးသွားရင် ဘယ်လို လုပ်မလဲ''ဟူသော အသံတစ်ခုနှင့်အတူ အရိုးပါ ပျောက် သွားလေသည်။

ညနေခင်းတစ်ခု၌ သာယာသော ရာသီဥတုနှင့်အတူ သခင်ခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့သည်။ များသော အားဖြင့် အိမ်ထဲ၌သာနေရသော ကျွန်မအဖို့ အပြင်ထွက်ရ သည်မှာ အပျော်ရွှင်ဆုံးအချိန်ဖြစ်ပေသည်။ တစ်နေရာတွင် သခင်ဖြစ်သူသည် အသိတစ်ယောက်နှင့် စကားလက်ဆုံကျ နေလေသည်။ ထိုအခိုက်လမ်းထဲရှိ နာမည်ကြီးဂျလေဘီ အုပ်စုနှင့် ဆုံလေသည်။ အုပ်စုထဲမှ ခေါင်းဆောင်ဆိုသူ မိုက်ခဲသည် ကျွန်မထံသို့ ချည်းကပ်လာသည်။

''ဟေ့ နင်က ဟိုအိမ်ကြီးမှာနေတဲ့ ရိုစီမဟုတ်လား'' ထိုသို့အမေးခံရသော ကျွန်မသည် ခပ်ကြွကြွဖြစ်နေကာ ဘဝင်မြင့်နေပုံကို အထူးတလည်ပြောစရာလိုမည် မထင်ပေ။ ထို့ကြောင့် ''ဟုတ်တယ်။ နင်က ဘယ်သူလဲ''ဟု အသံမာမာနှင့် မေးလိုက်သည်။

''ငါက ဒီလမ်းထဲကပါ။ နင်က ကံကောင်းတယ်နော်'' ဟု မိုက်ခဲက စကားဆက်လိုက်သည်။ မီးလောင်ရာလေပင့် ဆိုသလို ကံကောင်းတယ်ဟူသော စကားကို ကြားလိုက် ရသော ကျွန်မသည် ခြေထောက်နှင့်မြေကြီး မထိသလို ပင် ခံစားလိုက်ရသည်။ ထိုအချိန်တုန်းက ကျွန်မ ဖြေလိုက်သော စကားကို မှတ်မိပါသေးသည်။

''ကိုယ့်ကုသိုလ်နှင့် ကိုယ်ပဲလေ''တဲ့။

(၂)

မှန်ပါသည်။ အားလုံးသည် ကံကြမ္မာစီမံရာ အတိုင်းသာ ဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် ထိုလမ်းမ ပေါ်သို့ တစ်ဖန်ရောက်ခဲ့ပြန်သည်။ သခင်ဖြစ်သူသည် ထုံးစံအတိုင်း အသိမိတ်ဆွေနှင့် စကားဖောင်ဖွဲ့နေလေသည်။ ကျွန်မလည်း ဂျလေဘီအုပ်စုကို ထပ်မံတွေ့ရပြန်သည်။ သို့သော် ကျွန်မနှင့်စကားပြောခဲ့ဖူးသော မိုက်ခဲကို မတွေ့ပေ။

ထိုအုပ်စုထဲမှ ''မိုက်ခဲ သနားပါတယ်ကွာ''ဟူသော အသံသည် ကျွန်မအဖို့ ပျောက်ဆုံးနေသောအရာကို ပြန်တွေ့ရသည့်အလား အရိပ်အမြွက်တစ်ခုဖြစ်ပေသည်။

မိန်းမသားတို့သဘာဝ စပ်စုတတ်သည်နှင့်အညီ ထိုအုပ်စုကို အသံပေးကာ မိုက်ခဲအကြောင်း မေးမိလေ တော့သည်။

''မိုက်ခဲ ဘာဖြစ်လို့လဲ''ဟူသော ကျွန်မ၏မေးခွန်းအဆုံးတွင် ''သူ သေ သွားပြီ''ဟူသည့်အဖြေသည် ချက်ချင်း နေရာယူထားလေသည်။

ဆက်လက်၍မေးရန် ဟန်ပြင်လိုက်စဉ် ''အစာငတ်ပြီး သေတာကွဲ့။ သူ အစာမစား ရတာ တစ်ပတ်ရှိနေတော့ တွေ့ရာရှာဖွေစားနေတာ။ အဲလိုနဲ့ လူတစ်ယောက်ကျွေးတဲ့အစာကိုစားပြီး သေသွားတာပဲ။ လူတွေအချင်းချင်းပြောတာ ကြားခဲ့တာကတော့ အဆိပ်ခတ်ထားတဲ့ အသားလုံးဆိုလားပါပဲ''ဟူ၍ပြောပြီး ထွက်သွားကြလေသည်။

အိမ်ပြန်ရာလမ်းတစ်လျှောက်တွင် ''နင်က ကံကောင်း တယ်နော်''ဟု ပြောခဲ့သော မိုက်ခဲ၏အသံကို ပြန်ကြား ယောင်ရင်း ကြီးနိုင်ငယ်ညှဉ်းဆိုသလို ရေငတ်နေသူအဖို့ ရေတွင်းထဲကျချိန်သည် ပျော်စရာဖြစ်လင့်ကစား အစာ ငတ်နေသော မိုက်ခဲအတွက် အဆိပ်ဟူသောအရာကြီး နှင့် ရင်နင့်ဖွယ်ဇာတ်သိမ်းခဲ့လေသည်။

(၃)

သခင်တို့၏ယုယမှုအောက်တွင် သုံးနှစ်တာ ရှင်သန် နေထိုင်ရင်း ပျော်ရွှင်ချမ်းမြေ့စရာများစွာကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် သုံးနှစ်ဟူသောသံယောဇဉ်ကို ဖြတ် တောက်နိုင်သော လေမုန်တိုင်းတစ်ခုဝင်လာခဲ့သည်။ တစ်နေ့တွင် သခင်မသည် ''မင်းတို့အဖေ ရာထူးတိုးပြီ ဟေ့''ဟူသော ပျော်ရွှင်စရာသတင်းကောင်းကို သယ် ဆောင်လာခဲ့သည်။ သခင်တွေ ပျော်နေသည်ကိုမြင်ရ သော ကျွန်မသည်လည်း ထပ်တူပျော်ရွှင်ခဲ့ရသည်။

ရာထူးတိုးခြင်း၏ နောက်ဆက်တွဲမှာ နေရာဒေသ ပြောင်းရွှေ့ရခြင်းဖြစ်သည်ကို ကျွန်မ မသိခဲ့ပေ။ ကျွန်မ တို့ နေရာဒေသအသစ်သို့ ပြောင်းရွှေ့ရတော့မည်ဖြစ်၍ အလွန်ပျော်ရွှင်ခဲ့ရသည်။

ထိုစဉ် အသံတစ်ခု ကြားလိုက်ရသည်။ ''ရိုစီကို ခေါ်လို့ မရဘူး သားရဲ့'' ဟူသောစကားလုံးသည် ကျွန်မ၏ရင်ဝ သို့ ဓားနှင့်ဆောင့်ထိုးသလိုဖြစ်သွားသည်။ ''ဘာလို့လဲ'' ဟု ကျွန်မမေးချင်သောမေးခွန်းကို သားဖြစ်သူက မေးခဲ့ သည်။

''ဟိုမှာ မေမေတို့က တိုက်ခန်းနဲ့နေရမှာ။ ရိုစီနဲ့ဆို အဆင်မပြေလောက်ဘူး။ အစိုးရကပေးမယ့် တိုက်ခန်း ဆိုတော့ ဘေးအခန်းတွေကို အားနာရမယ်လေ'' ထို အဖြေကို ကျွန်မဆက်ပြီးမကြားလိုတော့ပါ။ မကြားတော့ ပါ။ အားလုံးက ကျွန်မကိုစွန့်ခွာဖို့ ကြံစည်နေသည်ကို ကျွန်မ ဆက်၍နားမထောင်လိုတော့ပါ။

ထိုနေ့မှစ၍ သခင်တို့သည် အိမ်ပြောင်းရန်ကိုသာ အာရုံစိုက်နေကြသည်။ ကျွန်မကို ထမင်းကျွေးနေကျအချိန် ဖြစ်သော်လည်း ထိုရက်များတွင် သခင်များမအားသော ကြောင့် ကျွေးသူမရှိဖြစ်လေသည်။ ကိုယ်စီကိုယ်စီ အလုပ် ရှုပ်နေကြသောကြောင့် ယခင်ကဲ့သို့ ကျွန်မကို ဂရုမစိုက် နိုင်ကြတော့ပေ။

မနက်ဖြန်ဆိုလျှင် သခင်တို့ အိမ်ပြောင်းကြတော့ မည်။ သခင်တို့၏နှုတ်ဆက်မှုကို ကျွန်မ မခံယူလိုပါ။ ကျွန်မရင်ထဲသို့ ဝင်ကြည့်လှည့်ပါ။ ''ထားမသွားပါနဲ့''ဟု အကြိမ်ကြိမ်တောင်းပန်နေသည်ကို မမြင်ကြဘူးလား။ ရင်တစ်ခုလုံးကွဲကြေပြီး မျက်ရည်တွေပြည့်နေသည့် ကျွန်မ ၏ မျက်ဝန်းတွေကို မမြင်ကြဘူးလား။

ကျွန်မ၏ ခံစားချက်များကို ကျွန်မတစ်ယောက်တည်း သာ ကြိတ်၍ခံစားရပါသည်။ ထိုခံစားချက်များနှင့်အတူ ကျွန်မ၏သခင်များမသိအောင် အိမ်မှ တိတ်တဆိတ်ထွက် လာခဲ့တော့သည်။ ပျော်ရွှင်မှုတွေအစား ဝမ်းနည်းမှု၊ ဂရု စိုက်မှုတွေအစား ဒဏ်ရာအနာတရ၊ ကြင်နာမှုတွေအစား လောကဓံကိုသာ ခါးစည်းခံနေရပေသည်။

(၄)

''ကိုယ့်ကုသိုလ်နှင့် ကိုယ်ပဲလေ''ဟု တစ်ချိန်က မိုက်ခဲ ကို ပြောခဲ့သောစကားသည် မှန်ပေသည်။

အရင်က ရိုစီဟူသည့် လှပသောအမည်ကို ပိုင် ဆိုင်ခဲ့ရသော်လည်း အိမ်မှထွက်ခဲ့ပြီးနောက်ပိုင်းတွင် အမြင်မတင့်တယ်ခြင်းဖြင့် ဝဲစားဟူသောအမည်ကို ခံယူ ထားရသည်။ ဗိုက်ဆာလျှင် အဆင်သင့်စားနေရသော ဘဝမှ နပ်မမှန်သော အချိန်များစွာဖြင့် ဘဝကို အသက် ဆက်နေရလေပြီ။

အရိုးဟူသောစကားလုံးကိုမသိခဲ့သော ကျွန်မအဖို့ ယခုအခါ အဆိပ်လုံးဟူသောအရာနှင့် မတွေ့ရမိအောင် ရှောင်တိမ်းနေရပေသည်။

သခင်တို့ ကျွန်မထွက်သွားသည်ကို လိုက်ရှာကြမည် လော။ စိတ်ပူနေကြမည်လော ကျွန်မ မသိတော့ပါ။ သို့သော် သူတို့ ကျွန်မကိုမမေ့ဘူးဟု ယုံကြည်ပါသည်။ ယခု အပြင်လောကကြီးကို ကျွန်မ ရဲရဲရင့်ရင့် ရင်ဆိုင် နိုင်ပါပြီ။ အမှန်မှာ လောကတွင် ရှင်သန်နေကြသော သတ္တဝါအားလုံးတို့သည် ကံကြမ္မာ၏ အလှည့်အပြောင်း အောက်တွင် ပါဝင်ကပြနေကြခြင်းဖြစ်သည်။ ယနေ့ မြင့်သောနေရာ၌ရှိနေသော်လည်း မနက်ဖြန် ထိုနေရာကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါ။ အပြောင်းအလဲများလှသော လောကကြီးတွင် လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့သာ လိုအပ်ပါသည်။

ခင်ရတနာထက်
တတိယနှစ်(အင်္ဂလိပ်စာ)
ရန်ကုန်တက္ကသိုလ်

ကြေးမုံသတင်းစာ (၁.၁.၂၀၁၇)

Powered by Bullraider.com