သွေး

''ဒုက္ခပါပဲဆရာမလေးရယ်၊ သွေးလှူပေးမယ့်လူလည်း ရှာလို့မရသေးဘူး။ သမီးဦးကြီး အသက်အန္တရာယ်တော့ မရှိလောက်ပါဘူးနော်''ဟု လူနာရှင်အဒေါ်ကြီးက တတွတ်တွတ်ဆိုနေသည်ကိုကြည့်ရင်း နွယ်နီ သနားလာမိ သည်။ နွယ်တို့ဓာတ်ခွဲခန်းလေးသည် ခုတင် (၁ဝဝ) ဆေးရုံ မှ ဓာတ်ခွဲခန်းဖြစ်ကာ သွေးလှူဘဏ်မရှိသောကြောင့် သွေးကိုသိုလှောင်ထားနိုင်ခြင်းမရှိပါ။ လိုအပ်မှသာ လူနာ ရှင်ကို သွေးလှူရှင်ရှာလာခိုင်းပြီး ဖောက်ယူရပါသည်။ ယခုလူနာမှာ ရွာကလာသည်မို့ မြို့တွင် အသိမိတ်ဆွေ မရှိ၊ အဆက်အသွယ်မရှိနှင့် သွေးလှူရှင်ရှာရခက်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နွယ်သိသော ပရဟိတသွေးလှူ အသင်းများကို ဖုန်းဆက်မေးပေးနေပါသော်လည်း လူနာ ၏ သွေးမှာABRh(-)မို့ သွေးအမျိုးအစားတူသူ မတွေ့သေး။ ထိုအခါ လူနာရှင်အဒေါ်ကြီးခမျာ သောကပွေနေ လေတော့သည်။ ထိုစဉ်ဖုန်းဆက်လာသူက ကိုရဲ။

''ကိုယ်ဆေးရုံကိုလာနေပြီ၊ မုန့်ဝယ်လာတယ်။ နွယ် ဘာမှာဦးမလဲလို့ လှမ်းမေးတာ''

နွယ့်ချစ်သူ ကိုရဲက သူ့အလုပ်ပိတ်ရက်များတွင် မုန့်ဝယ်လာကာ နွယ်ရှိရာဆေးရုံသို့ လာတွေ့လေ့ရှိသည်။

''အခြားမှာစရာမရှိပါဘူး။ ဒါနဲ့ ကိုရဲက ဘာသွေးလဲ''

''AB လေနွယ်ရဲ့''

''Rh negativevm လား positive လား''

''အဲဒါတော့ ကိုယ်လည်းမသိဘူးကွ''

''အဲဒါဆို ဆေးရုံကိုမြန်မြန်လာခဲ့နော်''ဟု မှာရင်း ကိုရဲကို မျှော်နေမိသည်။ Rh(-) ဖြစ်ပါစေဟုလည်း စိတ်ထဲမှ ကြိတ်ကာဆုတောင်းနေမိသည်။ ဆေးရုံမှာလုပ်နေ ရသူဖြစ်သည့်အားလျော်စွာ လူ့အသက်နှင့်ပတ်သက်သော ပြဿနာချည်းမို့ ဤသို့ပင်အမြဲပူပန်နေရပါသည်။ လူနာ ၏ အသက်သည် သူမတို့ ဆေးရုံဝန်ထမ်းများအပေါ် မူတည်နေသည်မို့ အမြဲဂရုစိုက်ပါသော်လည်း တစ်ခါတစ်ရံ ကိုယ်မတတ်နိုင်သောအခက်အခဲများလည်း ကြုံရတတ် သည်မှာ အခါခါပင်။

''ကိုရောက်ပြီနွယ်။ ဆေးရုံမြန်မြန်လာခဲ့ဆိုလို့ လန့်လိုက်တာကွာ၊ ဘာဖြစ်လို့လဲ''

''ဒီမှာလေ AB Rh(-) သွေး အရေးပေါ်လိုနေတာ။ ရှာမရလို့ ကိုရဲသွေးကိုစစ်ကြည့်ပြီး လှူလို့ရရင် လှူပေးပါ လားဟင်''

''အင်း အဲဒါဆိုရင်လည်း စစ်ကြည့်လေ''

တိုက်ဆိုင်စွာပင်ကိုရဲလည်း Rh(-) ဖြစ်နေသည်မို့ လူနာကို ကိုရဲ၏သွေးသွင်း၍ ရနိုင်၊ မရနိုင်ကို စစ်ဆေးမှုကိုပါ ဆက်တိုက်လုပ်ဆောင်နေမိသည်။ (အချို့လူနာများတွင် သွေးအမျိုးအစားတူသော်လည်း သွင်း၍ မဖြစ်နိုင်သော ရှားပါးဖြစ်စဉ်များရှိတတ်သည်)

ထို့အပြင် အလှူရှင်၏သွေးသန့်၊ မသန့် (HIV, HCV, ငှက်ဖျား၊ ကာလသားရောဂါများ ရှိ၊ မရှိ) စစ်ဆေး၍ ပြီးသွားသောအခါ သွေးလှူရန်အသင့်ဖြစ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် လူနာရှင်အဒေါ်ကြီးအား

''အဒေါ်ရေ သွေးအမျိုးအစားတူတာရပြီဆိုတော့ ဟိုရှေ့ကဆိုင်မှာ သွေးထည့်ဖို့အိတ်သွားဝယ်ပေးပါနော်''

''ဟုတ်ကဲ့ဆရာမလေး''

''ဆရာမလေးအိတ်ရပြီ''ဟုဆို၍ ကြည့်လိုက်မိတော့ အဒေါ်ကြီးဝယ်လာသည်မှာ ကျန်ကျောင်းအိတ်ဖြစ်နေ သောအခါ ရယ်ရခက် ငိုရခက်ဖြစ်မိလေသည်။တောသူ တောင်သားမို့ သွေးလှူရာတွင်သုံးရသည့်အိတ် သပ်သပ် ရှိကြောင်းကိုမသိဘဲ ကြွပ်ကြွပ်အိတ်ဝယ်လာမိခြင်း ဖြစ်မှန်းကိုလည်း နားလည်နေသည်မို့ ရယ်လည်းမရယ် ရက်ပါ။ ထို့ကြောင့်

''ဒါမဟုတ်ဘူးအဒေါ်ရဲ့၊ သွေးဖောက်ယူဖို့ သုံးရတဲ့ အိတ်သပ်သပ်ရှိတယ်။ ဆေးဆိုင်ကို သွေးလှူတဲ့အိတ်လို့ ပြောလိုက်ရင်သိလိမ့်မယ်နော် အဒေါ်''ဟု နားလည် အောင် ရှင်းပြရင်း ပြန်ဝယ်ခိုင်းရပြန်ပါသည်။

အဒေါ်ကြီးကတော့ ''အော် အေးအေး၊ အဒေါ်က မသိလို့နော်''ဟုဆိုရင်း ပြန်ထွက်သွားပြန်သည်။ သည် တစ်ခါတော့ သွေးအိတ်မှန်သွားပြီမို့ ကိုရဲဆီမှ သွေးဖောက် ယူရန် ပြင်ဆင်ရတော့သည်။ ဖောက်ယူမည့်အပ်ကို မြင် သောအခါ ကိုရဲတစ်ယောက် လှဲနေရာမှ ငုတ်တုတ်ထထိုင် မိရက်သား ဖြစ်သွားတော့သည်။ သွေးလှူရာတွင် သုံးသော အပ်မှာ ဆေးထိုးရာတွင်သုံးသောအပ်ထက် သိသိသာသာ ကြီးသည်မို့ အနည်းငယ်လန့်သွားပုံပေါ်သည်။

''ဒီအပ်ကြီးနဲ့ထိုးမှာလားဟင်''

''အပ်ကကြီးပေမယ့် မနာပါဘူးကိုရဲရဲ့၊ ပုရွတ်ဆိတ် ကိုက်သလောက်ပဲနာမှာပါနော်''ဟု နှစ်သိမ့်ရသေးသည်။

လိုအပ်သောသွေးကိုရသွားပြီမို့ လူနာရှင်ခမျာ ဝမ်း သာရသလို သူမတို့လည်း ကြည့်ကာပီတိဖြစ်ရပါသည်။

''ကိုယ်တစ်ခါမှ သွေးမလှူခဲ့ဖူးဘူး။ အခုမှပဲသိတော့ တယ်။ သူများအသက်အတွက် လိုအပ်နေတဲ့သွေးကို လှူခွင့်ရတာ တော်တော်ဝမ်းသာစရာကောင်းတာပဲ နွယ် ရယ်''

''ဟုတ်တာပေါ့ကိုရဲရဲ့၊ နွယ်လည်း အခုမှပဲ စိတ်ချမ်း သာတော့တယ်။ ခုန သွေးလှူရှင်ရှာမရတုန်းကဆိုရင် စိတ်ပူနေရတာလေ၊ ကိုရဲက သွေးလှူထားတယ်ဆိုတော့ ပြန်မနေနဲ့တော့လေ။ ဒီခုတင်ပေါ်မှာပဲ လှဲနေပြီး အနား ယူနေလိုက်ဦး။ တချို့လူတွေမှာ သွေးလှူပြီးရင် မူးဝေ တာမျိုး ဖြစ်တတ်တယ်။ အဲလိုမျိုးမူးတာတို့ အဆင်မပြေ တာတို့ဖြစ်ရင် နွယ့်ကိုလှမ်းခေါ်လိုက်နော်။ နွယ်အလုပ်တွေ ဆက်လုပ်လိုက်ဦးမယ်''ဟု ကိုရဲကိုမှာခဲ့ပြီး ကျန်ရှိနေသေး သည့် ဆေးစစ်ချက်များကို ဆက်လက်လုပ်ဆောင်နေရင်း အလုပ်များပြီးသောအခါ အလုပ်ဆင်းချိန်လည်း ရောက် နေပြီမို့ နှစ်ယောက်သား အိမ်ပြန်ရန်ပြင်ဆင်နေစဉ် ဓာတ်ခွဲ ခန်းသို့ လူနာရှင်အဒေါ်ကြီး ထပ်၍ရောက်လာပြန်သည်။

''ဆရာမလေးတို့ ပြန်ကြတော့မလို့လား။ တော်သေး တာပေါ့ မီသေးလို့။ အဒေါ့်ယောက်ျားက သွေးလှူပေးတဲ့ သူကို ကျေးဇူးတင်စကားပြောချင်လို့ ခေါ်ပေးပါဆိုလို့ သား ခဏလိုက်ခဲ့ပေးပါလား''

''ကျွန်တော်ကလည်း ကူညီခွင့်ရလို့ဝမ်းသာပါတယ်။ ဒါပေမယ့် မဏ္ဍပ်တိုင်တက်ပြသလိုဖြစ်နေမှာစိုးလို့ လိုက် တော့ မတွေ့တော့ပါဘူးဗျာ''

''လိုက်ခဲ့ပါသားရဲ့ခဏပါပဲ''

ထိုစဉ် လူနာဦးကြီးသည် အရက်အလွန်သောက် ကြောင်း လူနာရှင်အဒေါ်ကြီးပြောခဲ့သည်ကို နွယ်သတိရ သွားကာ လူနာအားသွားတွေ့ရန် ကိုရဲကိုတိုက်တွန်းဖြစ် တော့သည်။

''လူနာကို ခဏဝင်ကြည့်ပေးရအောင်လေ ကိုရဲ''

''အင်းပါ၊ အဲဒါဆိုလည်း သွားကြတာပေါ့''

လူနာထံရောက်သောအခါ သွေးသွင်းပိုက်တန်းလန်း နှင့် လူနာဦးကြီး၏မျက်ဝန်းမှာ ကျေးဇူးတင်လွန်းသော အရိပ်အယောင်တို့က အထင်အရှားပင်။

''အခုလို ဦးရဲ့အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူး ပါပဲသားရယ်''

''ရပါတယ် ဦးကြီးရဲ့၊ ကျွန်တော်လည်း အခုလို လှူခွင့် ရလို့ ဝမ်းသာနေတာ။ နေကောင်းအောင်သာနေပါနော်''

ထိုစဉ် နွယ်စဉ်းစားလာသောအကြံကို အကောင်အထည်ဖော်လိုက်ပါသည်။

''ဒါပေမယ့် ဦးကြီးကိုတစ်ခုသတိပေးရဦးမယ်။ အခု ဦးကြီးကိုသွေးလှူပေးတဲ့ ကိုရဲမှာ အရက်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတယ်။ သူ တစ်ခါတလေ အရက်တို့၊ ဘီယာတို့ နည်းနည်းသောက်မိရင် အနီစက်တွေ ထွက်လာတတ်တာ။ ဦးကြီးက သူ့သွေးသွင်းထားတယ်ဆိုတော့ အဲလို ဖြစ်မှာစိုးလို့ ဒီကပြန်သွားရင် ဦးကြီးအရက်မသောက်မိ ပါစေနဲ့နော်။ အင်း သူက နည်းနည်းသောက်တာတောင် ဓာတ်မတည့်ဘဲ အနီစက်တွေထွက်လာတာဆိုတော့ အများကြီးသောက်မိရင် သွေးကြောတွေ ပေါက်ထွက်ကုန်မှာ ကြောက်စရာကြီးနော်''ဟု ပြောလိုက်တော့ လူနာဦးကြီး ခမျာ မျက်နှာငယ်လေးနှင့် ''မသောက်တော့ပါဘူး သမီး ရယ်''ဟု ပြန်ပြောရှာသည်။

ဦးကြီးဆီမှအပြန်လမ်းတွင် ''နွယ် အရက်နဲ့ ဓာတ်မတည့်တာကတော့ ကိုယ်ဖြစ်ဖူးလို့သိပေမယ့် များသွားရင် တကယ်ပဲ သွေးကြောတွေ ပေါက်ထွက်ကုန်မှာလားဟင်'' ဟု မေးလာသောအခါ နွယ်ပြုံးမိသည်။ မထင်မှတ်ဘဲ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်မိခဲ့ပြီမဟုတ်ပါလား။ သူမေးသည်ကိုမဖြေဘဲ ခပ်တည်တည်နှင့် ဆက်လျှောက် နေတော့ ...

''နွယ် သွေးကြောတွေ တကယ်ပေါက်ထွက်ကုန်မှာ လားလို့၊ နွယ် တကယ်လားလို့၊ နွယ်''ဟု တတွတ်တွတ် မေးနေသောအခါ နွယ်လမ်းလျှောက်နေရာမှရပ်ပြီး သူ့ မျက်လုံးများကို စေ့စေ့ကြည့်ကာ ပေးလိုက်သည်။ သူသိချင် နေသော အဖြေကိုမဟုတ်ဘဲ ညစ်ကျယ်ကျယ်အပြုံးတစ်ခုကို လေ။

သုမေ
BMed.Tech
(Medical Laboratory Technology)

ကြေးမုံသတင်းစာ (၈.၁.၂၀၁၇)

Powered by Bullraider.com