အမေနဲ့ကျွန်တော်

https://s-media-cache-ak0.pinimg.com/originals/78/7b/63/787b634444a33ce0f96d6d3aea7ae1b1.jpg

တနင်္လာနေ့နံနက် ကျောင်းမတက်မီအချိန်မှ ပထမ အချိန်ကုန်ဆုံးသည်အထိ ကျွန်တော် ဂိတ်တာဝန်ထမ်း ဆောင်ရသည်။ ပျားပန်းခပ်မျှသော ဆိုင်ကယ်များ၊ ကား များဖြင့် ကျောင်းပို့လာကြသူများအကြားတွင် ကလေး များ အန္တရာယ်ကင်းအောင်စောင့်ကြည့်ပေးရင်း သူငယ် တန်းမှ ကျောင်းသားလေးနှင့် သူ့မိခင်ကို ကျွန်တော် သတိ ထားမိခဲ့သည်မှာကြာပြီ။ မိခင်သည် အုန်းဆီရွှဲရွှဲလိမ်း၍ သနပ်ခါးဖွေးနေအောင် လိမ်းပေးထားသော သားငယ်၏ လက်ကိုဆွဲ၍ သားငယ်၏လွယ်အိတ်ကလေးကို လွယ်ကာ ကျောင်းပေါက်ထိလိုက်ပို့သည်။ ကလေးငယ် ကျောင်းထဲ ဝင်သွားသည်ကို မြင်ရသမျှလိုက်ငေး၍ အားရမှပြန်သွား လေ့ရှိသည်။ ကျောင်းလိုက်ပို့ကြသော မိခင်များစွာ ရှိသော်လည်း ထိုမိခင်၏ ထူးထူးခြားခြား ဂရုစိုက်တတ် သည့် ပုံသဏ္ဌာန်ကြောင့် ကျွန်တော်ထိုသားအမိကို ပို၍ မှတ်မိနေသည်။

ယနေ့တော့ မုန့်စားဆင်းချိန်အထိ ကျွန်တော့်ကို အချိန်အစားထိုးထားသဖြင့် ဂိတ်တာဝန်ထမ်းရတော့ သည်။ မုန့်စားကျောင်းဆင်းသောအခါ ကျောင်းသား ကျောင်းသူများစွာတို့ မုန့်ဈေးတန်းသို့သွားကြသော်လည်း ထိုကလေးငယ်လေးကမူ ဂိတ်ပေါက်တံခါးဝဆီသို့ ပြေး လာသည်ကို တွေ့ရသည်။ ဂိတ်တံခါးနားတွင် အပြင်ဘက် ကိုငေး၍ တစ်ခုခုကိုရှာဖွေနေသည်။ လေ့ကျင့်ခန်းများ ကို စစ်နေသဖြင့် ထိုကလေးကိုမကြည့်ဖြစ်တော့။ ကျောင်း တံခါးပေါက်လည်း ပိတ်ထားသဖြင့် အပြင်လည်း မထွက် တန်ရာဟု သဘောပိုက်၍ လေ့ကျင့်ခန်းစာအုပ်များကို သာ တစ်အုပ်ပြီး တစ်အုပ်စစ်နေမိသည်။ ၁၀ မိနစ်ခန့် အကြာတွင် ကျောင်းတံခါးပေါက်ဆီကိုကြည့်မိသောအခါ တံခါးပေါက်ကလေးကိုမှီ၍ ငိုနေသောကလေးငယ်ကို မြင် လိုက်ရသည်။ ဂိတ်တဲထဲမှ ကပျာကယာထွက်၍ ကလေး ငယ်ဆီသွားကာ အကျိုးအကြောင်းမေးကြည့်တော့ အမေ မလာလို့ဟူသော စကားသံလေးကို ရှိုက်သံများနှင့်ရော ထွေး၍ ကျွန်တော်ကြားလိုက်ရသည်။ ထိုစဉ် ကျောင်းတံခါး အပြင်ဘက်မှ “သားလေး အမေအလုပ်ရှုပ်နေလို့ နည်း နည်း နောက်ကျသွားတာ”ဟူသောအသံနှင့်အတူ ကလေး မိခင်ကို မြင်လိုက်ရသည်။ ကလေးက အမေ့ကိုမြင်တော့ အားတက်သွားသည့်ပုံပေါ်လာသည်။ တံခါးအသေးကို ကျွန်တော်ဖွင့်ပေးလိုက်ပြီး ကလေးမိခင်ကို အထဲဝင်ခိုင်း လိုက်သောအခါ သားအမိနှစ်ယောက်ပွေ့ဖက်၍ အလွမ်း သယ်နေကြသည်။ မုန့်စားကျောင်းဆင်းချိန်ကလည်း ၁၅ မိနစ်သာဖြစ်၍ သားအမိနှစ်ယောက် သုံးမိနစ်ခန့်သာ တွေ့ရတော့သည်။ မိခင်ဖြစ်သူက ပါလာသောမုန့်ထုပ် လေး နှစ်ထုပ်ကို ကလေးအားပေးလိုက်သည်။ ကလေး လည်း သူငယ်တန်းဘက်သို့ ပြန်ပြေးလေပြီ။

မိခင်ဖြစ်သူကို မေးကြည့်တော့မှ ကလေးငယ်သည် တစ်ဦးတည်းသောသားဖြစ်ကြောင်းနှင့် မိခင်ကို ခင်တွယ် သောသားဖြစ်ကြောင်း သိရသည်။ ကျောင်းလိုက်ပို့လည်း အမေ။ လာကြိုလည်း အမေ။ မုန့်စားကျောင်းဆင်းလျှင် လည်း အမေလာတွေ့မှ။ ထမင်းစားလည်း အမေခွံ့မှ။ အိပ်ရာဝင်လည်း အမေဖက်အိပ်မှ စသည်ဖြင့် အမေကို တမ်းတမ်းစွဲသော သားဖြစ်ကြောင်း မိခင်ဖြစ်သူက ပြော လေသည်။ ယနေ့လည်း သားဖြစ်သူခမျာ နေမကောင်း ဖြစ်ထားသဖြင့် ကျောင်းမသွားချင်ဟု ဆိုနေသဖြင့် ချော့ မော့၍ လိုက်ပို့ထားရကြောင်း၊ မုန့်စားဆင်းချိန် အမေ လာတွေ့ပါမည်ဟုကတိပေး၍ လိုက်ပို့ခဲ့ရာ အလှုပ်ရှုပ် နေသဖြင့် နောက်ကျသွားကြောင်း ပြောပြလေသည်။ထိုစဉ် တာဝန်ကျဆရာလည်း ရောက်လာသဖြင့် အကျိုးအကြောင်း ကို နားထောင်ပြီး ကလေးကို ကိုယ့်အား ကိုယ်ကိုးတတ်သည့် အကျင့်များစွာ မွေးမြူပေးသင့်ကြောင်း မိခင်ဖြစ်သူကို အကြံပြု၏။ ကျွန်တော်ကတော့ ဘာမျှမပြောဖြစ်ခဲ့။ ကျွန်တော့် ငယ်ဘ၀၏ ပုံရိပ်အချို့ကိုသာ စိတ်ဝယ်မြင်ယောင်မိပါ သည်။ ကျွန်တော်ကတော့ ထိုကလေးလို တစ်ဦးတည်း သောသားမဟုတ်ဘဲ အမေကိုခင်တွယ်ခဲ့၏။ သား ကိုး ယောက်မှ အငယ်ဆုံးသားဖြစ်သော ကျွန်တော်၏ သူငယ် တန်းကျောင်းသားဘ၀သည် ထိုကလေးငယ်ထက်ပို၍ အမေကိုခင်တွယ်ခဲ့ပါသည်။ သူငယ်တန်းစတက်သည့် စာသင်နှစ်တစ်လျှောက်လုံး အမေလိုက်မပို့လျှင် ကျွန်တော် ကျောင်းမတက်။

အမေ့ကိုမမြင်လျှင် အိမ်ကိုပြန်ပြေး သည်။ ထို့ကြောင့် အမေ့ခမျာ ကျွန်တော်တို့ သူငယ်တန်း အခန်းမှ ကျွန်တော် မြင်နိုင်သော နေရာတွင် ကျောင်းတက် ကျောင်းဆင်း နေနေရတော့၏။ အစ်ကိုတွေ ကျောင်းမှာ ရှိ၍ မုန့်စားကျောင်းဆင်းချိန် လာခေါ်သော်လည်း ကျွန်တော်မလိုက်။ အမေလိုက်ဝယ်ကျွေးရသည်။ ကျောင်း သွား ကျောင်းပြန် အမေ့ကျောကိုပိုး၍ အသွားအပြန် လုပ်သည်။ ဘေးလူများက အမေ့ကို ဝိုင်းပြောကြသည်။ “ဒေါ်တုတ်တုတ် နိစ္စဓူဝဆိုမလွယ်ဘူး။ ကလေးကို အဲဒီ လောက် အလိုမလိုက်နဲ့။ တုတ်ကိုင်သင့်ကိုင်မှပေါ့” ဟူ သော စကားများကို အမေက “မလုပ်ပါနဲ့တော်။ ကျုပ် သားလေး အငယ်ဆုံးလေးကို ချစ်လိုက်ရတာတုန်လို့” ဟုသာ ဖြေခဲ့ပါသည်။

အခုတော့ သူငယ်တန်း ကျောင်းသားဘ၀တွင် အမေ့ ကို မမြင်လျှင် ကျောင်းပြေးတတ်သော ကျွန်တော် တစ်ယောက် အထက်တန်းပြ ကျောင်းဆရာတစ်ယောက် အဖြစ် အမေနှင့်အဝေးတွင် တာဝန်ထမ်းဆောင်နေရပေ ပြီ။ နွေကျောင်းပိတ်ချိန်ရောက်မှ ရက်ပိုင်းမျှသာ ပြန်ဖြစ် တော့သည်။ ဇနီးမယား သမီးသားနှင့် ကိုယ်ပိုင်ရိပ်မြုံ တည်ဆောက်ခဲ့ပြီဖြစ်သော ကျွန်တော့်ဘ၀တွင် အမေ့ အိမ်သို့ အတွေးဖြင့်သာရောက်နေဖြစ်သည်က ခပ်များများ။ ရပ်ဝေးတွင်တာဝန်ထမ်းဆောင်နေသော အခြားသူများ ၏ သားသမီး၊ ဆရာ ဆရာမများ ရွာပြန်လာကြတိုင်း အမေက ကျွန်တော့်ကို “ပြန်မလာသေးဘူးလား” ဖုန်း ဆက်မေးလေ့ရှိသည်။ အမေ မသိသော ပညာရေးကိစ္စ များဖြင့် အကြောင်းပြ၍ ပြန်မလာနိုင်သေးကြောင်း ပြော ရသည်မှာလည်း အကြိမ်မနည်းတော့။ အဖေကတော့ ဖုန်းဆက်ပြောပါသည်။ မင်းအမေကတော့ ပြောတယ် သားရေ၊ ငယ်တုန်းသာ အမေခင်တွယ်တာ ကြီးလာတော့ အမေကိုမေ့ပြီတဲ့။

ကိုယ့်မိသားစု ကိုယ့်အရေး ကိုယ့်တာဝန်နှင့် ဖြစ်လာ တော့လည်း အမေကိုသတိရရုံမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့။ ကျောင်းဆင်းချိန်ကိုပင် ရောက်ရှိခဲ့ပေပြီ။ ကျောင်းပေါက်ဝ မယ်ဇလီတန်းတွင် သူငယ်တန်းကျောင်းသား သားငယ် ကို ထမင်းခွံ့ကျွေးနေသော ကလေးမိခင်ကို မြင်နေရ သည်။ ထမင်းစားသောက်ပြီးသော ကလေးငယ်သည် မိခင်၏ရင်ခွင်ထဲသို့ ဝင်အိပ်သည်။ မိခင်ကလည်း သားငယ်၏ဦးခေါင်းနှင့် ကျောပြင်ကိုပွတ်သပ်၍ ချော့ သိပ်နေသည်။ သားငယ်သည် နှစ်ကာလကြာလာသည်နှင့် ခန္ဓာကိုယ်ထွားကျိုင်း၍ အမေကိုပင် ပြန်ချီနိုင်သော အချိန်ရောက်လာပေဦးမည်။ ထိုအခါတွင်ရော မိခင် အပေါ်တွင်ပါ ယခုကဲ့သို့ မှီတွယ်လိုစိတ်ရှိပါဦးမည်လော။ အမေ့နားတွင် ပွတ်သီးပွတ်သပ် ချွဲနွဲ့နိုင်ပါဦးမည်လော။ ကျွန်တော့်လို မိခင်နဲ့အဝေးတစ်နေရာမှာ ကိုယ်ပိုင်ရိပ်မြုံ တည်ဆောက်ပြီး အမေကိုမေ့နေဦးမည်လော။ အတွေး များစွာ တွေးမိနေပါတော့သည်။ သားသမီးတို့ မည်သည့် အရွယ်ကိုပဲရောက်ရောက် ချစ်ခင်ကြင်နာမြတ်နိုးစွာဖြင့် ဂရုတစိုက်ရှိနေဦးမည့် မိခင်မေတ္တာကိုတော့ဖြင့် ကျွန်တော် ယုံကြည်မိပါသည်။ ကျွန်တော်ငေးကြည့်နေခိုက်မှာပင် မိခင်သည် သားဖြစ်သူကို ဆံပင်ကလေးများကို နမ်းရှိုက် လိုက်သည်ကို မြင်လိုက်ရ၏။ ကလေးငယ်ကတော့ မိခင် ရင်ခွင်တွင် ငြိမ်သက်နေဆဲ။ အရွယ်ကလည်း ငယ်လွန်း နေဆဲ။

ကြေးမုံသတင်းစာ (၁၅.၁.၂၀၁၇)

Powered by Bullraider.com