မရှုံးခဲ့သော စစ်တုရင်တစ်ပွဲ

http://www.notsosketchy.com/file/2016/10/click_for_more_information_about_outdoor_chess.jpg

''ဒုန်း ဒုန်း ဒုန်း'' ဟူသော တံခါးခေါက်သံ နှင့်အတူ အရေးကြီးခြင်း၊ အလျင်လိုခြင်း၊ စိတ်မရှည်ခြင်း အချိုးမျှတစွာပါဝင်နေသော အဘိုး၏ အသံ။

''ဟိုကောင် မပြီးသေးဘူးလား။ မင်း အိမ်သာတက်နေတာ ငါသတင်းစာနှစ်စောင် ဖတ်လို့ပြီးပြီ။ ဖုန်းကလိနေပြန်ပြီမို့လား''

''ပြီးပါပီဗျာ၊ အဘိုး သတင်းစာဖတ်တာ ပြီးမှာပေါ့ဗျ။ နောက်ကျောနားက နာရေး သတင်းလောက်ပဲ ဖတ်ပြီး''ဟု ကျွန်တော် ပြောလိုက်ပြီး ဆော့လက်စ COC ခေါ် အိမ်ဆောက်၊ စစ်သားထုတ်၊ အသင်းလိုက် အင်တာနက်အသုံးပြု၍ တိုက်ခိုက်ဆော့ ကစားရသောဂိမ်းကို ပိတ်လိုက်ကာ အိမ်သာ တံခါးကိုအသာဖွင့်၍ ထွက်ပေးလိုက်သည်။

အဘိုးသည် ရွှေတံခါးကြီးပွင့်လာသည့် အလား အားရဝမ်းသာဖြင့် ဝင်သွားလေပြီ။ ''ငါတို့အရွယ်က ဒီစာမျက်နှာပဲ စိတ်ဝင်စားဖို့ ကောင်းတာကွ။ အသိထဲက ဘယ်သူများ အဲဒီ စာမျက်နှာမှာ ပါသွားပြီလဲ၊ ဒီတစ်ခါ ဘယ်သူ အလှည့်ပါလိမ့်ဆိုပြီး သံဝေဂပွား တရားယူရတာကွ။ သြော် ဟိုတလောက ငါ့ ငယ်သူငယ်ချင်း ဘအောင်ဆိုတဲ့ကောင် လူငယ်ဘဝတုန်း က သတင်းစာထဲ အလွန်ပါချင်တဲ့ကောင်။ ဒါပေမယ့် ဆန္ဒမပြည့်ခဲ့ပါဘူး။ သေတော့မှပဲ ဒီကောင့်ဆန္ဒတွေ ပြည့်တော့တယ်ကွာ''ဟု ရေဆွဲချရင်း လှမ်းပြောသည်။ ''နာရေးက အသက်ဂဏန်းတွေကြည့်ပြီး အဘွားမသိအောင် ပင်စင်ကရတဲ့ငွေတွေထဲက ဘတ်ဘတ်ထားတဲ့ ဘတ်ငွေလေးနဲ့ ချဲထိုးနေတာ မဟုတ် ဘူးလား။ ဟီး...ဟီး... မြေးအဘိုးတွေပဲဗျာ။ လုပ်မနေပါနဲ့။ တရားရှာတယ် ဘာတယ်နဲ့''ဟု ကျွန်တော်က အဘွားမကြားအောင် ခပ်တိုးတိုးစလိုက်သည်။

''ဟာ ဒါက ငါသင်္ချာဝါသနာပါတာ မင်းသိပါတယ်။ အဲဒါကြောင့် တွက်ရချက်ရတာ ဝါသနာပါလို့ကွ။ ပေါက်တော့ကော မင်းပဲ ဖုန်းဘေဖိုးဆိုပြီး တောင်းတောင်းနေပြီးကွာဟူး...။ ခုမှပဲနေသာ ထိုင်သာရှိတော့ တယ်ကွာ''

ကိစ္စရှင်းပြီး၍ ထွက်လာလေသည်။

''ဒါနဲ့ ဒီနေ့ကျောင်းပိတ်တယ်မို့လား၊ လာ ငါနဲ့ စစ်တုရင်ကစားမယ်''ဟုပြောရင်း ဧည့်ခန်း တွင်းသို့ ဝင်သွားလေသည်။ အဘိုး၏တောင်း ဆိုခဲလှသော ကစားပွဲကို မငြင်းလိုသည်က တစ်ကြောင်း၊ ကျွန်တော် တစ်ခါမှမနိုင်ဖူးသော အဘိုးကိုနိုင်ရန် အခွင့်အရေးရသည် က တစ်ကြောင်း၊ အပြင်ထွက်ရန် စောနေသေးသည်ကတစ်ကြောင်းမို့ နောက်က လျင်မြန်စွာလိုက်သွားပြီး စစ်တုရင်ခုံကိုခင်း၍ ကစားရုပ်များကို စီလိုက်သည်။

''ကဲ မင်းကြိုက်ရာဘက်ယူ။ အဖြူယူ မလား။ အနက်ယူမလား''ဟု ထုံးစံအတိုင်း ကျွန်တော့်ကို မေးလိုက်သည်။

''ဒီတစ်ခါ အဖြူပဲယူမယ်ဗျာ။ တစ်ကွက် အရင်ရွှေ့ရတော့ တစ်ကွက်သာတာပေါ့'' ဟု ဖြေလိုက်ရင်း အဖြူဘက်က ထိုင်လိုက်ပြီး နယ်ရုပ်တစ်ရုပ်ကို ရွှေ့လိုက်သည်။ အဘိုးကလည်း

''ဟ ငါကလည်း မင်းလှုပ်သမျှ လိုက်ချုပ်ပြီး ကစားရုံပေါ့ကွာ။ စဉ်းစားရတောင် သက်သာသေး''ဟုပြောပြီး ကစားရုပ်တစ်ရုပ် ကို ရွှေ့လိုက်လေသည်။ကစားပွဲစ၍ ၁ဝ မိနစ် ကျော်ချိန်၌ ကျွန်တော်စားထားသော အကောင်များက များနေလေပြီ။ အင်အားကလည်း သာနေပြီ။

''ဟီး...ဟီး... အဘိုး မနိုင်တော့ပါ ဘူးဗျာ။ အင်အားက အပြတ်အသတ်ဖြစ်နေပြီ။ နောက်တစ်ပွဲစလိုက်တော့''ဟု စပ်ဖြဲဖြဲ နှင့် ကျွန်တော်က ဘုရင်မကိုစားရင်းပြော လိုက်လေသည်။

''ဟ ငါ့နယ်ရုပ် ဘယ်နှကောင် မင်း သိမ်းထားမိလို့လဲကွ။ နယ်ရုပ်လေးတွေ ရှိနေသရွေ့ ငါဘယ်ကောင်မဆို ပြန်ရနိုင်တယ် ကွ။ အေးပြောမယ်ဆို နယ်ရုပ်ဆိုတာ လူငယ် လေးတွေပေါ့ကွာ။ လူငယ်ဆိုတာ လူကြီးတွေ က သေချာအကွက်ရွှေ့၊ လမ်းကြောင်းဖွင့်ပေးနိုင်ရင် နောင်တစ်ချိန်အင်အားရှိလာပြီး လူကြီးဖြစ်လာနိုင်သလို ဒီနယ်ရုပ်လေးတွေ ကလည်း ငါကောင်းကောင်းရွှေ့ပြီး ဟိုနောက် ဆုံးအကွက်ကိုရောက်တာနဲ့ ဘာမဆိုဖြစ်ချင်လို့ ရတယ်ကွ''ဟုပြောရင်း ဆက်ရွှေ့လိုက်လေသည်။ ဤလိုနှင့် ကစားပွဲက မိနစ် ၂ဝ ကျော်လာချိန်မှာတော့ အဘိုး၏ နယ်ရုပ် နှစ်ရုပ်က ကျွန်ုပ်၏တိုက်စစ်ကို ကောင်းကောင်းကြီး ခံစစ်သက်သက်သို့ ဖြစ်သွားအောင် ပြုလုပ်လိုက်သည်။ ကစားပွဲ နာရီ ဝက် ပြည့်လုနီးနီမှာပဲ ...

''ချက်''ဟူသော အဘိုး၏အောင်မြင်ခန့် ညားသော အသံနှင့်အတူ ကျွန်တော်ရှုံးလေပြီ။

''လူကလေးတွေ့လား။ မင်းအရုပ်တွေ က မင်းဘုရင်ကို ရှောင်လို့မရအောင် ဒုက္ခ ပြန်ပေးသွားတာ။ အဲလိုပဲ မြေး၊ မင်းဘဝမှာ မလိုအပ်တဲ့ဟာတွေကို လျှော့ချိန်တန်လျှော့ ပစ်ရမှာပဲ။ အေး နှမြောနေမယ်ဆိုရင်တော့ မင်းဘုရင်လိုပဲ ကိုယ့်ဘာသာပိတ်မိနေလိမ့်မယ်ကွ''ဟု ပြောရင်း ဂျာနယ်တစ်စောင်ကို ကောက်ယူကာဖတ်နေလေသည်။ ကျွန်တော် ဤကစားပွဲတွင် ရှုံးခဲ့သည်။ သို့သော် ကျွန်တော် မရှုံးခဲ့ပေ။

မောင်သန့်ရှင်း(မှော်ဘီ)
ပဉ္စမနှစ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)။

ကြေးမုံသတင်းစာ (၂၉.၁.၂၀၁၇)

 

Powered by Bullraider.com