ရောင်စုံအောက်က အဖြူထည်နှလုံးသားလေးများ

ကားပေါ်ကဆင်းလိုက်တာနဲ့ ကျွန်မသေချင်စိတ်တောင် ပေါက်သွားမိတယ်။ ဒီမြို့ကို ကျွန်မထပ်မလာ တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် မသွားချင်လည်း သွားရတော့မှာပါပဲ။ ကျွန်မ ပြန်လာဖို့ဆုံးဖြတ်ချက်ချခဲ့ ပြီးပြီပဲ။ တွေဝေမနေသင့်တော့ပါဘူး။ ဒါ ကျွန်မရွေးချယ် ခဲ့တဲ့ လမ်းပဲလေ။

ကျွန်မ ဒီမြို့ကိုစလာတဲ့နေ့တုန်းကဆို သိပ်ပျော်ခဲ့ရ တာ။ အဖေနဲ့အမေတို့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ကျောင်းဆရာမ ဘဝကို ကျွန်မရွေးချယ်ခဲ့ရတာပါ။ ဒါပေမယ့် ဒီမြို့နဲ့ တစ်ဆယ့်နှစ်မိုင်လောက်ဝေးတဲ့နေရာကို တာဝန်နဲ့ စသွား ရတဲ့နေ့ကတော့ ကျွန်မကိုယ်ကျွန်မ သတ်သေချင်လောက် အောင်ကို ဖြစ်သွားခဲ့တဲ့နေ့ပါပဲ။ ကျောင်းဆရာမဆိုတာ အဖြူအစိမ်းကို ကြွရွနေအောင်ဝတ်ပြီး ထိုင်ခုံပေါ်မှာ ရွရွလေးစာသင်ရတာပဲ ကျွန်မဘဝတစ်လျှောက် မြင်ခဲ့ဖူး တာ။ ခုလိုမျိုးအနေအထားကို ကျွန်မတစ်ခါမှမတွေးဖူးဘူး။

ကျွန်မ ကျောင်းနှစ်ရက်ပိတ်တာကိုတောင် မအောင့် အည်းနိုင်ဘဲ အိမ်ကိုနှစ်လပဲရှိသေး ပြန်ခဲ့လိုက်တယ်။ ရွာက လူတွေကတော့ ဒီဆရာမလေးလည်း ပြန်လာတော့မှာ မဟုတ်လောက်ပါဘူးတဲ့။ ကျွန်မ ဘာမှမပြောဘူး။ ပြုံးရုံပဲ ပြုံးပြခဲ့လိုက်တယ်။ ကျောင်းအုပ်ဆရာကြီးကတော့ မျက်နှာ မကောင်းရှာဘူး။ ကျွန်မနဲ့ ဒီရွာဘယ်တော့မှ ကိုက်ညီ လာမှာလည်း မဟုတ်ပါဘူး။ ခေတ်ပညာကို အမီလိုက်နေ တဲ့ ခေတ်မှာ အရာရာနောက်ကျနေတဲ့ ဒီရွာ၊ ဒီလူ၊ ဒီကလေးတွေနဲ့ ကျွန်မဆက်မနေနိုင်ဘူး။ ကျွန်မအဖေ သဘောကျတဲ့ ကုမ္ပဏီအလုပ်ပဲဝင်လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးပြန်ခဲ့လိုက်တာ။ ဝါသနာဆိုတာ တကယ်တော့ စိတ်ကူးပါပဲ။ ကျွန်မဝါသနာကို လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့လိုက် တယ်။ အင်း...ခုတော့ ကျွန်မဝါသနာကိုမစွန့်နိုင်လို့ အဇ္ဈတ္တတိုက်ပွဲတွေဖြစ်ရင်း ပြန်ရောက်လာခဲ့ပြန်ပြီလေ။

ကျွန်မစာသင်ချိန်စတာ နာရီဝက်ကျော်နေပြီ။ ခုထိ ဟိုကလေးနှစ်ယောက် ရောက်မလာသေးဘူး။ ကျွန်မ စိတ်ကုန်မိတယ်။ စာသင်ရတဲ့ဆရာမ မဟုတ်တော့ဘူး။ ကျွန်မ ဒီရွာမှာ ကလေးလာထိန်းပေးနေရသလိုပဲ။ လာချင်တဲ့ အချိန် လာကြတယ်။ ပြန်ချင်တဲ့အချိန် ခွင့်မတောင်းဘဲ ပြန်ချင်ပြန်သွားကြတာ။

ခုတော့ ကျွန်မက သူတို့လာမယ့်အချိန်ကိုစောင့်ပြီး စာသင်နေရတယ်။ ဘယ်လောက်များ စိတ်ကသိကအောက် ဖြစ်လိုက်လဲမပြောနဲ့။ ကျွန်မတို့မြို့ပြသာဆို ခုချိန် ခြေထောက်တင်ပျဉ်ချိတ်ပြီး အကျော့သားစာသင်ရုံပဲ။

လာပါပြီ နောက်ဆုံးတစ်ယောက်။ သူကတော့ အမြဲတမ်းနောက်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို လက်လွှတ်ခံတာ မဟုတ်ဘူး။ ဘယ်တော့မှ စောရောက်လေ့မရှိဘူး။ကျွန်မ မေးတိုင်းလည်း သူနောက်ကျတဲ့အကြောင်းရင်းကို ဘယ် တော့မှ မပြောဘူး။ ကျွန်မကလည်း တစ်ခါနှစ်ခါမေးလို့ မရကတည်းက ဘယ်တော့မှ အောက်ကျခံမမေးတော့ ဘူး။ သူ့ကို အနားလည်းအကပ်မခံနိုင်ဘူး။ သူ့ဆီက ကလေးနို့နံ့ဆိုတာ အန်ထွက်ချင်လောက်အောင်နံတာ။ အဝတ်အစားကလည်း အမြဲပေကျံနေတာ။ စစ်ဆေးရေး ရှိလို့ အဖြူအစိမ်းဝတ်ခိုင်းရင်လည်း ကာလာစုံအစုတ်နဲ့ ပဲ။ ကျွန်မ သူ့အနား ဘယ်တော့မှမကပ်ချင်ဘူး။ စာလာ ပြရင်လည်း ကျွန်မ အဝေးကပဲပြခိုင်းတယ်။ နောက်ကျတော့ သူလည်း အလိုက်သိတယ်ပဲပြောရမှာပဲ။ စာလာပြရင် စာအုပ်ကလေး လက်ကလေးနှစ်ဖက်နဲ့ပေးပြီး အဝေးကနေ လက်ကလေး ပိုက်ရပ်နေတော့တာ။ သူကတော့ ကျွန်မ အမုန်းဆုံးကလေးထဲမှာ ထိပ်ဆုံးကပဲ။

သူ့မှာ ကောင်းတာ တစ်ခုတော့ရှိ တယ်။ လွယ်အိတ်က စုတ်ပေညစ်ပတ်သလောက် စာအုပ် ကလေးတွေကို ဖွေးနေအောင်ထား တာပဲ။ သပ်သပ်ရပ်ရပ်ကိုင်တယ်။

သူ့နာမည်က ဖိုးငိုတဲ့။ ဒါပေမယ့် နာမည်နဲ့လူနဲ့ တခြားစီပါ။ ကျောင်း နောက်ကျလို့ရိုက်တိုင်း ဘယ်တော့မှမမဲ့ ဘူး။ ပြုံးမြဲပဲ။ နင် အဲဒီလောက် ကျောင်း နောက်ကျရင် ကျောင်းတက်မနေနဲ့ တော့လို့ ကျွန်မတစ်ခါပြောဖူးတယ်။ အောင်မယ် ကိုယ်တော်လေးက ဘာပြောတယ်မှတ်တုန်း။ သူ စာလိုက် နိုင်အောင် ကြိုးစားပါ့မယ်တဲ့။ ကျောင်း နောက်ကျတာတော့ ဆရာမ အပြစ် ပေးသမျှ ခံပါ့မယ်တဲ့။ ကျောင်းတော့ မထွက်ခိုင်းပါနဲ့နော်တဲ့။ ဒါဆို ဒင်းက ကျွန်မရိုက်လည်း နောက်ကျမှာ ပဲဆိုတဲ့ သဘောပေါ့။ ရမလား။ ကျွန်မကိုလည်း သွေးတိုးလာမစမ်း နဲ့။ ကျွန်မလည်း နောက်ကျတိုင်း ရိုက်ပေးလိုက်တယ်။ မငိုပါဘူးတော်။ ပေမြဲပဲ။

တစ်ခါတစ်ခါ တစ်နှစ်ခွဲလောက်ရှိတဲ့ကလေးလေး စာသင်ခန်းထဲခေါ်လာသေးတာ။ အဲဒီကလေးပါလာတဲ့နေ့ဆို ကျွန်မ သူ့ကိုစာသင်ခန်းထဲအဝင်မခံဘူး။ နှစ်ယောက် စလုံး အပြင်ကော်ရစ်တာမှာ ထွက်နေခိုင်းလိုက်တယ်။ သူတစ်ယောက်အတွက်နဲ့ ကျန်တဲ့ကလေးတွေ စာသင်ရတာ အနှောင့်အယှက်အဖြစ်မခံနိုင်ဘူး။

အဲဒီလိုကျတော့လည်း စာသင်ခန်းလေးထဲ မျက်လုံးကလည်ကလည်နဲ့ ချောင်းကြည့်တော့ သနားမိပြန်ရော။

ကျွန်မ သူ့ကို မာန်သလိုနဲ့ ပြောကြည့်ဖူးသေးတယ်။အဝတ်အစားတွေ ဘာလို့လျှော်မဝတ်တာလဲလို့ဆိုတော့ လျှော်ပါတယ်တဲ့လေ။ ကျွန်မစိတ်ညစ်မိတယ်။ ဒီလောက် စုတ်ပြတ်နေတာကို တခုတ်တရဝတ်တုန်းပဲ။ အဲဒီကလေး နောက်နှစ် ကျွန်မအတန်းကလွတ်ပြီး နောက်အတန်း ရောက်သွားဖို့ပဲ ဆုတောင်းမိတယ်။

ဒီနေ့ရွာထဲမှာ ကျွန်မအတန်းက ကလေးမလေး တစ်ယောက်ရဲ့မွေးနေ့ရှိလို့ ကျွန်မတို့ထွက်ခဲ့လိုက်တယ်။လေးတန်းကဆရာမတစ်ယောက်က အတင်းခေါ်ခဲ့လို့သာ လိုက်ခဲ့ရတာ။ ဖုန်မှုန့်တွေထူပြောလှတဲ့လမ်းထဲ ကျွန်မ မလိုက်ချင်ဘူး။ ကျောင်းချိန်စဖို့လည်း လိုသေးတယ်ဆိုတော့ အားနာနာနဲ့လိုက်ခဲ့လိုက်ရတယ်။

ကျွန်မတို့လမ်းလျှောက်လာရင်း အိမ်တစ်အိမ်ရှေ့ အရောက်ကလေးတစ်ယောက်ကိုကျောမှာပိုးပြီး နွားမ တစ်ကောင်ကိုရေတိုက်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သာမန်ဆို ကျွန်မကြည့်ဖြစ်မှာ မဟုတ် ဘူး။ အဖြူအင်္ကျီလေးကိုတမမနဲ့မို့ လိုက်ငေးကြည့်မိလိုက် တာ။ ကျွန်မအတန်းက ဖိုးငိုဖြစ်နေပါလား။ ကျွန်မဘေးက ရွာခံဆရာမကိုမေးကြည့်လိုက်မိတယ်။ ကျွန်မ တစ်ခါမှ တော့ ရွာကကလေးတွေရဲ့ မိသားစုအကြောင်းတွေ မေး လေ့မရှိဘူး။ အဲဒါကလည်း ကျွန်မက မစပ်စုတတ်တာမို့ပါ။

ရွာခံဆရာမပြောပြမှ ကျွန်မ ဖိုးငိုအကြောင်း သိလိုက်ရပါတယ်။ အဖမဲ့ သုံးတန်းအရွယ်ကျောင်းသားလေး။ သုံးလသားအရွယ်ကလေးနဲ့ ယောက်ျားဆုံးပါးသွားလို့ ဘဝကိုရုန်းကန်နေရတဲ့ မိခင်မုဆိုးမကို ကူညီနေရတဲ့သူ။ နွားမလေးမွေးဖက်ယူပြီး တစ်ဖက်ရွာ အထက်တန်း ကျောင်းကို ငါးတန်းသွားတက်နိုင်ဖို့ ကြိုးစားနေရသူတဲ့။ ကျွန်မ မှားခဲ့ပြီလား။

သူရဲ့ နို့နံ့ထွက်နေတဲ့အင်္ကျီတွေ၊ ညစ်ပေနေတဲ့ အဝတ်အစားတွေ၊ ကျောင်းနောက်ကျရတဲ့အကြောင်းတွေ၊ ကျောင်းကို တစ်ခါတစ်ခါ တိုးလိုးတွဲလဲ ပါလာတဲ့ ကလေးငယ်လေး။ အို...ကျွန်မ ဆက်မတွေးရဲတော့ဘူး။

အရာရာကို တန်းတူအမြင်နဲ့ တစ်ပြေးတည်း ကြည့်တတ်တဲ့ ကျွန်မ။ အရာအားလုံးကို ပုံစံခွက်တစ်ခုတည်းပဲ ထည့်ထည့်ပြီးရှုမြင်တတ်တဲ့ ကျွန်မ။ လောကရဲ့ အမှန်တရားတွေကို မြင် လာရတော့ တုန်လှုပ်သွားမိတယ်။ ကျွန်မ ကျောင်းကိုသာ ပြန်ရောက် လာခဲ့တယ်။ အတွေးထဲတော့ ဖိုးငိုအကြောင်းသာ နေရာအနှံ့ပါ ပဲ။ ကျွန်မကိုယ်ကျွန်မ ဆရာမ တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ခံယူ ထားခဲ့မိတာ ရှက်မိတယ်။ ကျွန်မ ဆရာမ မပီသသေးပါ ဘူး။ အာစရိယဂုဏောထဲ ကျွန်မဘောင်မဝင်သေးပါဘူး။ ကျွန်မကိုယ်ကျွန်မ ပြုပြင်ရပါတော့မယ်။

နွေရာသီကျောင်းပိတ်ရက်တောင် ရောက်ပါတော့ မယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေနဲ့ ဒီ ကျောင်းလေးကိုခွဲပြီး အိမ်ပြန်ဖို့ နောက်ဆံတင်းနေမိတယ်။ အထူးသဖြင့် ဖိုးငိုလေးကိုသနားစိတ်နဲ့ ဂရုတစိုက် ကျွန်မပိုစောင့်ကြည့်ဖြစ်လာတယ်။ ကျောင်းမလာနိုင်ရင် ကျွန်မ လူလွှတ်ခေါ်မိတယ်။

ခုလည်း နောက်ဆုံးအတန်းတင်စာမေးပွဲရက်ကို ဖိုးငို ကျောင်းနောက်ကျနေပြန်တယ်။ ကျွန်မ ဒီတစ်ခါ ကလေး တွေ မလွှတ်မိတော့ဘူး။ ရွာထဲကို သိပ်သွားလေ့မရှိတဲ့ ကျွန်မကိုယ်တိုင် လိုက်သွားခဲ့မိတယ်။ ဟိုရောက်တော့ ခပ်နွမ်းနွမ်းအဖြူအင်္ကျီလေးနဲ့ ဖိုးငိုတစ်ယောက် ငိုနေ တယ်။ လက်ထဲမှာလည်း အသားတွေပူချစ်နေတဲ့ တစ်နှစ်ခွဲ ကျော် ကလေး။ သူ့အမေ ဈေးရောင်းသွားတယ်တဲ့။ကျွန်မ ဘာတွေလုပ်ရမှန်းမသိအောင် ပူထူသွားမိတယ်။ ကလေး ကို ပွေ့ပြီး ရွာရဲ့သားဖွားသူနာပြုဆရာမလေးဆီသာ ဖိုးငို လေးကိုခေါ်ပြီး ပြေးခဲ့မိတယ်။ ကလေးသက်သာပြီဆိုမှ ကျွန်မဖိုးငိုလေးကို သေချာမှာပြီး ကျောင်းကိုပြန်ခဲ့တယ်။ကျွန်မရင်ထဲမှာတော့ ကိုယ်ကူညီလိုက်ရလို့ ကိုယ့် ကျောင်းသားလေး စိတ်ချမ်းသာသွားရတဲ့ ပီတိလေးကို တနုံ့နုံ့နဲ့ ကြည်နူးနေမိတယ်။

ကျောင်းဝင်းလေးထဲမှာ ဆူညံအော်ဟစ်ပြီး ပျော်ရွှင် နေကြတယ်။ ကလေးတွေမျက်နှာပေါ်မှာ အပြုံးရိပ်တွေ ကိုယ်စီနဲ့။ ကျွန်မရင်ထဲမှာတော့ နွေဦးရဲ့လေရူးတွေနဲ့အတူ စိတ်လေရူးတွေ တသုန်သုန်တိုက်ခတ်နေပါတယ်။ ကန်တော့ ခံမယ့် ဆရာ ဆရာမတွေ စုံလင်နေသလို ကျောင်းသား တွေလည်း စုံလင်လို့နေပါတယ်။ ဖိုးငိုလေး စာမေးပွဲပြီး တဲ့ မနေ့ညနေကတည်းက တန်းပျောက်သွားတာ။ ခုထိ ပေါ်မလာသေးပါဘူး။ အိမ်အလုပ်တွေများ ကူနေရ သလား။ ကျွန်မ ဒီနေ့ကန်တော့ခံပြီး တန်းပြန်မှာ ဖိုးငိုလေး သိလောက်မှာပါ။ ကျွန်မ ဒီတစ်ခါပြန်ရင် အပြောင်းအရွှေ့ နဲ့အတူ ပြန်လာချင်မှလည်း ကျွန်မပြန်လာရတော့မှာပါ။ ကျွန်မ သူ့ကို အားပေးစကားတွေ ပြောသွားချင်သေးတယ်။ သူ့အတွက် ကျောင်းစရိတ်ကို ဆယ်တန်းအောင်တဲ့အထိ ထောက်ပံ့ပေးမယ်ဆိုတာလည်း ဝမ်းသာအားရပြောပြခဲ့ ချင်သေးတယ်။

ဆရာကန်တော့ပွဲနဲ့ နှုတ်ဆက်ပွဲလေးသာ ပြီးသွားတယ်။ ဖိုးငိုလေး ပေါ်မလာခဲ့ပါဘူး။ နှုတ်ဆက်ကြတဲ့ ကျွန်မ အတန်းက ကလေးတွေက ကန်တော့ရင်း မျက်ရည်တွေ ကျလို့။ ကျွန်မကတော့ ငိုနေမိတယ်။ ကျွန်မ ကန်တော့ခံ ဆရာမတစ်ယောက်နေရာရောက်တဲ့အခါ ဆရာမ တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေ ပိုသိလာရတယ်။နာသုံးနာကိုလည်း တဖြည်းဖြည်းပိုနားလည်လာတယ်။ကျွန်မ ဒီကလေးတွေကို ပညာတတ်ကြီးတွေဖြစ်စေချင် တယ်။ ကျွန်မ ဒီလိုရွာလေးက ကလေးတွေကို ပညာတတ် တွေအဖြစ် မွေးထုတ်ပေးပြီး အသိဉာဏ်တွေဖွံ့ဖြိုး၊ အဘက်ဘက်က ဖွံ့ဖြိုးစေချင်မိတယ်။

ကျောင်းရှေ့ကိုထွက်ပြီး လှည်းလေးပေါ်တက်ခါနီး တော့ ရွာလမ်းမဆီ ငေးကြည့်မိတယ်။ ဖိုးငိုလေးများ ရောက်လာမလားလို့ပါ။ အရိပ်အယောင်တောင် မတွေ့ရ ပါဘူး။

အထုပ်တွေတင်ပြီး လှည်းလေးပေါ်တက်လိုက်မှ နောက်ကျောဆီကနေ ဆရာမလေးဆိုတဲ့အသံလေး ပေါ်လာလို့ ကျွန်မ လည်ပြန်ကြည့်လိုက်မိတယ်။ ဖိုးငိုလေးတို့ သားမိဖြစ်နေပါလား။ သူ့အမေက ခေါင်းပေါ်မှာ အထုပ် ကလေးတစ်ထုပ်ကို ရွက်လိုက်လို့။ ဖိုးငိုကတော့ ပလတ် စတစ်အိတ်ကလေးနဲ့ထုပ်ထားတဲ့ အထုပ်ကလေး ရင်ဝယ် ပိုက်လိုက်လို့ သားမိနှစ်ယောက်ပြေးလာကြတယ်။ သူတို့ သားအမိတွေ ကျွန်မကို မမီတော့ဘူးတောင်ထင်တာတဲ့။ဆရာမအတွက်ဆိုပြီး အထုပ်ကလေးတွေလှမ်းပေးကြတယ်။ ဖိုးငိုအမေလက်ထဲမှာက ကုလားပဲ အဖြူ၊ အနီရောနေတဲ့ အထုပ်ကလေး။ ဖိုးငိုလက်ထဲက သခွတ်ရိုးခြောက် လှန်းပြီးသားလေးတွေ။ သူတို့သားမိနှစ်ယောက် မနေ့က ညနေနဲ့ ခုမနက် လယ်ထဲသွားပြီး ကျွန်မအတွက်ပဲ ကောက်သင်းအမီလိုက်ကောက်ထားခဲ့တာတဲ့။ ကျွန်မတို့ မြို့မှာမရှိတဲ့ တောထွက်အစားအစာမို့ ဆရာမလေးစား ဖို့တဲ့။

ကျွန်မကို အထုပ်ကလေးတွေပေးတော့ သားမိ နှစ်ယောက် အဝေးကနေကမ်းပေးကြတယ်။ သား ရှေ့ တိုးပေးလေဆိုတော့မှ

''သားဆီက ကလေးနို့နံ့တွေနံတယ်။ ပြီးတော့ သား အင်္ကျီတွေကမဲနေတာ။ ဆရာမလေးဆီက အနံ့လေးမွှေး နေတာ။ အင်္ကျီကလည်း ဖွေးဖွေးလေး။ သားမကပ်ရဲဘူး။ဆရာမကို အနံ့တွေကူးကုန်မှာပေါ့''

''သားရယ်...''

ကျွန်မ ဘာမှဆက်မပြောနိုင်တော့ဘူး။ ကျွန်မ မျက်ရည်တွေသာ ကျနေမိတယ်။ ကျွန်မ လှည်းပေါ်က ဆင်းပြီး ဖိုးငိုလေးကိုရင်ခွင်ထဲသွင်းပြီး ဖက်ထားလိုက်တယ်။ ဖိုးငိုလေးလည်း မျက်ရည်တွေကျနေတယ်။

''ဆရာမလေး နောက်နှစ်လည်းပြန်လာခဲ့ပါနော်။သား နောက်နှစ်ဆို အင်္ကျီတွေပေအောင် မဝတ်တော့ပါဘူး။ညီလေးကလည်း နှစ်နှစ်ဖြစ်ပြီဆိုတော့ သား သိပ်မထိန်း ရတော့ဘူး။ သားညီလေးကို ကျောင်းလည်းခေါ်မလာတော့ ပါဘူး။ ဆရာမလေး ပြန်မလာဘဲမနေပါနဲ့နော်''

ကျွန်မတို့လှည်းလေးသာ ထွက်သွားတယ်။ ဖိုးငိုတို့ သားအမိလေးတွေက ကျွန်မမျက်ဝန်းထဲ စွဲထင်လိုက်ပါ လာဆဲပါပဲ။ ကျွန်မ အဖြူထည်ရပ်ဝန်းဆီကလာခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ သဘာဝအဖြူကို မတွေခဲ့ဖူးပါဘူး။ ရောင်စုံတွေ လိမ်းချယ်ခံထားရတဲ့ဘဝတွေထဲမှာ တကယ့်အဖြူ စစ်စစ် နှလုံးသားတွေရှိတာ ကျွန်မ မသိခဲ့ပါဘူး။အပေါ်ယံ တွေကိုပဲ ကြည့်တတ်တဲ့လောကကြီးမှာ ကျွန်မ အပေါ်ယံ တွေရဲ့ သဘောသဘာဝကို အဖြူထည်နှလုံးသားလေးတွေ ဆီကနေ ကောင်းစွာသင်ခန်းစာရခဲ့ပါပြီ။

ဖြူစင်တဲ့စေတနာတွေလိမ်းကျံထားတဲ့ ဖိုးငိုတို့ ပေး လိုက်တဲ့ ပဲရောရာလေးနဲ့ သခွတ်ရိုးခြောက်တွေကိုလည်း ကျွန်မ ဘယ်တော့လွှင့်ပစ်ဖို့စိတ်ကူးမိမှာ မဟုတ်တော့ပါဘူး။

လှည်းလေးက ဖုန်လုံးတွေကြားထဲ တညိမ့်ညိမ့်နဲ့ ရွေ့လျားသွားနေလိုက်တာ ကျွန်မတစ်ကိုယ်လုံးလည်း ဖုန်တလိမ်းလိမ်းနဲ့ မဲညစ်နေလို့။ ဒါပေမယ့် ကျွန်မပျော်နေတယ်။ အပေါ်ယံမဲညစ်နေတာတွေထက် အတွင်းနှလုံးသားတွေ စင်ကြယ်သန့်ရှင်းဖို့က ပိုအရေးပါတယ် ဆိုတာ သိခဲ့လိုက်ရလို့ပါ။

ကျွန်မ နာသုံးနာပြည့်စုံတဲ့ဆရာမအသွင်နဲ့ အဖြူထည် နှလုံးသားလေးတွေဆီ နောက်နှစ် ပြန်လာဖြစ်အောင် လာခဲ့မှာပါ။

လင်းရောင်စင်(ဇီးကုန်း)
B.A(History )၊ ပြည်တက္ကသိုလ်

ကြေးမုံသတင်းစာ (၅.၃.၂၀၁၇)

Powered by Bullraider.com